By Ra Wai, Shweproperty.com
Updated at 29 April 2020
ကျွန်တော်က ပါမစ်မြေ အမည်ပေါက် ပိုင်ဆိုင်သူ တစ်ဦးထံက လက်လွှဲ ဝယ်ထားသူ ဖြစ်ပါ တယ်။ အခုချိန်မှာ ကျွန်တော့်အမည်နဲ့ ဂရန်အမည်ပေါက်ဖြစ်အောင် လုပ်လိုပါတယ်။ ဘယ် ကနေ ဘယ်လို စလုပ်ရမလဲဆိုတာ မသိတဲ့အတွက် ရှင်းပြပေးပါခင်ဗျား
ပါမစ်မြေ ဆိုသည် အစိုးရမြေမှာ နေထိုင်ခွင့်ရ မြေသာ ဖြစ်ပါတယ်။ မြေနဲ့ စပ်လျဉ်းပြီးတော့ ဥပဒေအရ နေထိုင်ခွင့် သက်သက်သာ အခွင့်အရေး ရှိပါတယ်။ ပါမစ်မြေဟာ ကာယကံရှင် အမည်ပေါက် ဂရန်မြေအဖြစ် မရောက်သေးသည့် အစိုးရမြေ အမျိုးအစား တစ်ခုလို့ ဆိုနိုင် ပါတယ်။ ပါမစ် ရသူများကို ကျွန်တော်တို့ မြေစာရင်းဌာန၏ ၁-က ဦးပိုင်မှတ်ပုံစာရင်းမှာ Recognized Squatter အသိအမှတ်ပြု အစိုးရမြေ ကျူးကျော် လို့ မှတ်သားရပါတယ်။ ပါမစ် မြေ ဟာ မြေငှားဂရန်မြေ တွေလို ပေါင်နှံခြင်း ရောင်းချခြင်း ပေးကမ်းခြင်း စတဲ့ လွဲှပြောင်းမှု မျိုး ပြုလုပ်ခွင့်မရှိပါဘူး။ ပါမစ်မြေကို ဝယ်ယူ လွဲှပြောင်း ဆောင်ရွက်မှုတွေမှာ လွဲှပြောင်း လက်ခံ သူတွေဟာ တရားဝင် အကျိုးခံစားခွင့် မရရှိနိုင်ဟု စီရင်ထုံးများ ရှိနေပါတယ်။
ပါမစ်မြေကို မူလ ပါမစ်ရသူအမည်နဲ့ ဂရန်လျှောက်ခွင့် ရှိပါတယ်။ အဲလို ဥပဒေနဲ့အညီ မြေငှားဂရန် အမည်ပေါက်ပြီးမှသာ လွဲှပြောင်း ရောင်းချ ပေါင်နှံ အမွေဆက်ခံမှုများ ဆောင် ရွက်နိုင်ပြီး လက်ခံသူများအနေနဲ့ ဥပဒေနဲ့အညီ တရားဝင် အကျိုးခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။ ပါမစ်မြေနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားလာခဲ့လျှင် တရားရုံးက ပိုင်ဆိုင်ကြောင်း ဖြေရှင်း ဆုံးဖြတ် စီရင်ချက် ချမှတ်ခြင်း မရှိပါဘူး။ ပါမစ်မြေမှာ ပါမစ်ရရှိသူ၏ သားသမီးများအနေနဲ့ ဆက်လက်နေထိုင်ခွင့်တော့ ရရှိပြီး အမွေဆက်ခံ ပိုင်ဆိုင်ခွင့် တော့ မရပါဘူး။
အခု မေးထားသလို ပါမစ်ရသူထံမှ ပတ်သက်တဲ့ အမည်ပေါက်မဟုတ်တဲ့သူက ဝယ်ယူပြီး ယင်း မြေချပါမစ် မူရင်းကို လက်ဝယ်ကိုင်ထားပါက အမည်ပေါက် ဂရန် ချပေးနိုင်ခြင်း ရှိမရှိ ဆိုတာကတော့ ဂရန်ချပေးနိုင်သူများဖြစ်သည့် နယ်များရှိ ကော်လိပ်တော်အရာရှိများနှင့် ရန်ကုန် စည်ပင်ဧရိယာဖြစ်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြ စီမံ ကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာန၏ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်လျှင်တော့ ဂရန် ရရှိနိုင်ပြီး ဆန့်ကျင်နေလျှင်တော့ ရနိုင်မှာ မဟုတ်ပါဘူးလို့ ဖြေပါရစေ။ စိတ်ဝင်စားဖွယ် ပါမစ်မြေ အမှုများကတော့ -
(i) အချင်းဖြစ်မြေမှာ အစိုး ပိုင် မြေဖြစ်ပြီး၊ ဒေါ်မြိုင် အမည်နှင့် နေခွင့်လက်မှတ် (Permit) ကို အိုးအိမ်ပြန်လည် ထူထောင်ရေးအဖွဲ့က ထုတ်ပေးခဲ့ကြောင်း၊ ယင်းမြေ သည် ဒေါ်မြိုင်အား နေခွင့်လက်မှတ် (Permit) ဖြင့် ချပေးခဲ့သည့် မြေဖြစ်သဖြင့် ဒေါ်မြိုင် ကွယ်လွန်ပြီးနောက် ယင်းမြေကို ဒေါ်မြိုင်၏ အမွေစား အမွေခံများက အမွေ ဆက်ခံခွင့် မရှိ။ (မရင်နု နှင့် မအေးမြင့် ပါ ၂၊ ၁၉၇၅ ၊ မတစ၊ ၈၇ )၊
(ii) မဝေဝေ နှင့် ဒေါ်ခင်ငြိမ်း အမှု (၁၉၉၁ ခုနှစ်၊ တရားရုံးချုပ်၊ တရားမ အယူခံမှု အမှတ်-၁၂) တွင် ပါမစ်မြေ ဖြစ်သည့်တိုင်အောင် မိဘက ပါမစ်ရ၍ မြေတွင် နေထိုင်ခွင့် ရရှိထားသော အခွင့်အရေးကို ထိုမိဘမှ မွေးဖွားသော သားသမီးများ အနေဖြင့် အညီအမျှ ခံစားခွင့် ရှိသင့်ပေသည်၊ ပါမစ်မြေဖြစ်၍ မခွဲမစိတ်၊ လွှဲပြောင်း ရောင်းချမှု မပြုနိုင်ခြင်း နှင့် မြေပေါ်တွင် နေထိုင်ပိုင်ခွင့်ကို ဆက်ခံခြင်း တို့သည် သီးခြား ကိစ္စရပ်များဖြစ်သည် ဟု ဆုံးဖြတ်ခဲ့ပါသည်၊
(iii) ပါမစ်မြေအား လွှဲပြောင်းရောင်းချခွင့် မရှိကြောင်း။ (ဦးစိန်ဝင်း နှင့် ဒေါ်ခင်မြမူ၊ ၁၉၉၄ ခုနှစ်၊ တရားမပထမအယူခံမှု အမှတ်-၆၃ (၂-ပါးထိုင်) (၂၀-၃-၁၉၉၅)
(iv) အချင်းဖြစ်မြေသည် အစိုးရမြေ ပါမစ်မြေဖြစ်ကြောင်း၊ အစိုးရပိုင်သည့်မြေအား ပုဂ္ဂလိက အချင်းချင်း အရောင်းအဝယ်ပြုသည့် ကိစ္စနှင့် ပတ်သက်၍ ပိုင်ဆိုင်မှုကို အကြောင်းပြု၍ တရားစွဲဆိုခွင့်မရှိကြောင်း။ ( ဦးဝင်းမြင့် ပါ ၂ နှင့် ဦးအုန်းခင် ပါ ၂၊ ၁၉၉၄ ခုနှစ်၊ တရားမပထမအယူခံမှု အမှတ်-၈၆ (၃၀-၃-၁၉၉၅) )
Ref : DVB lawlab
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties