By The Modern, Shweproperty.com
Updated at 16 September 2016
အရပ်စာချုပ်နဲ့ မြေကွက်ဝယ်ထားတာ နှစ်ကြာနေပြီး အမည်မပြောင်းလဲပဲ ထားရာက အရင်အမည်ပေါက် ပိုင်ရှင်ရဲ့ မိသားစုဝင်က တခြားသူဆီလိမ်ရောင်းတာ ခံလိုက်ရတဲ့အတွက် ကိုထက်နိုင် (အမည်လွှဲ) တစ်ယောက် မြေကွက်ပြန်ရအောင် ဘယ်လို ပြန်လုပ်ရမလဲ မသိဖြစ်နေတယ်။
ကိုထက်နိုင်ရဲ့ ဖခင်က နယ်ဘက်မှာ မြေကွက်တစ်ကွက် ဝယ်ယူထားပြီး စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ထားတယ်။ နှစ်အတော်ကြာတဲ့အထိ သွားမကြည့်ဖြစ်ခဲ့ပဲ ဖခင်သေဆုံးသွားတော့မှ သွားကြည့်ခဲ့ရာ အိမ်ဆောက်ပြီး တစ်ခြားသူတွေ နေထိုင်နေတာ သိခဲ့ရတယ်။ စုံစမ်းကြည့်တော့ အရောင်းအဝယ် သုံးလေးဦး ပြောင်းနေတဲ့အထိ ဖြစ်နေတာပါ။
ကိုထက်နိုင်က "အခုမြေတိုင်းရုံးတွေ သက်ဆိုင်ရာ ဌာနတွေကို စာချုပ်စာတမ်းတွေ တင်ပြပြီးတော့ ပိုင်ဆိုင်ကြောင်း ပြထားတယ်၊ မြေကွက်ပြန်ရဖို့ တိုင်ပင်ဆွေးနွေးနေတယ်" လို့ ပြောပါတယ်။
ဝယ်ယူထားတဲ့ အဖေဖြစ်သူလည်း ဆုံးသွားပြီဖြစ်တဲ့အပြင် မြေကွက်ကလည်း ဝယ်ယူထားတဲ့သူ အဆင့်ဆင့်ပြောင်းပြီး အရောင်းအဝယ် ဖြစ်ခဲ့တာကြောင့် သူ့မြေကွက်ကို ပြန်ရနိုင်ပါ့မလား စိုးရိမ်နေတာပါ။
အကျိုးဆောင်ရှေ့နေ ဦးကျော်နိုင်က "ဒီလိုမျိုးပြသနာက သွားရတဲ့အဆင့်တော့ နည်းနည်းများတယ်၊ ဖခင်က မှတ်ပုံတင်အရောင်းအဝယ် စာချုပ်လုပ်ခဲ့တော့ ဥပဒေအရ တရားဝင်တယ်၊ အမွေဆက်ခံခွင့် အရင်လျှောက်ပြီး လိမ်ရောင်းတဲ့သူကို တရားစွဲရမယ်၊ နေထိုင်နေတဲ့သူတွေကိုလည်း တရားစွဲရမယ်'လို့ ရှင်းပြပါတယ်။
အမွေဆက်ခံသူအဖြစ် ကျမ်းကျိန်ပြီး သက်ဆိုင်ရာရုံးမှာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ရမှာပါ။ ဒါတွေပြီးတော့မှ လိမ်ရောင်းသွားတဲ့ အရင်ပိုင်ရှင်ရဲ့ မိသားစုဝင်တွေကိုလည်း တရားစွဲဆိုရမှာပါ။ သူနဲ့အတူတူ အဆင့်ဆင့်ရောင်းသွားတဲ့ သူတွေကိုလည်း တရားပြိုင်အနေနဲ့ တရားစွဲဆိုရမယ်လို့ သိရပါတယ်။
မြေတန်ဖိုးအလိုက် သတ်မှတ်ထားတဲ့ တရားရုံးမှာ တရားစွဲဆိုပြီး မြေကွက်မှာ နေထိုင်နေသူတွေကိုလည်း ကျူးကျော်နေထိုင်နေသူတွေအဖြစ် ဖယ်ရှားနှင်ထုတ်နိုင်ဖို့နဲ့ မြေကွက်ကို လက်ရောက်ပြန်လည် ရယူလိုမှုနဲ့ တရားစွဲဆိုပြီး တောင်းယူရမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
အမည်ပေါက်ဖြစ်နေမှသာ စိတ်ချထားလို့ ရမှာပါ။ ဒါတောင်တချို့နေရာတွေမှာ ကျူးကျော် ဝင်ရောက်နေထိုင်သူတွေ ကြုံတွေ့နေရတာရှိတယ်။ ဝယ်သူကလည်း လိမ်လည်ရောင်းချတဲ့ မြေကွက်ကို ဝယ်မိရင် ဆုံးရှုံးနစ်နာမှုတွေ ရှိနိုင်တာကြောင့် သေချာခိုင်လုံအောင် ပြုလုပ်သင့်တယ်လို့ သိရပါတယ်။ ကန့်ကွက်နိုင်ကြောင်း ထည့်သွင်းမှု များပြားလာတာတွေက သည်လိုအရှု့ပ်အရှင်းတွေ ဖြစ်တဲ့အခါ သက်သေပြနိုင်အောင် ဖြစ်တယ်လို့ ပြောပါတယ်။
Ref : The Kumudra
Photo Credit : Ics Travel
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties