By Everbestmm, Shweproperty.com
Updated at 27 February 2020
အလုပ်အကိုင်တွေ အဆင်မပြေဘဲ ထစ်ငေါ့လွဲချော်မှုတွေ များနေတာ၊ ဝင်ငွေထက် ထွက်ငွေက ပိုများနေပြီး ကြွေးပူ ပတ်နေတာ၊ အိမ်တွင်းမှာလည်း မိသားစုဝင်တွေ အချင်းချင်း အမြင် မကြည်လင် ဖြစ်နေတာ အစရှိတဲ့ လူမှုစီးပွားအခြေအနေအရပ်ရပ်မှာ အားနည်းချက်တွေ ဖြစ်ပေါ်လာပြီဆိုရင်တော့ ဘယ်ဗေဒင်ဆရာဆီကိုမှ မသွားသေးခင် ဒီအချက်တွေကို အရင်ဆုံး တိုက်ဆိုင် စစ်ဆေး ပြင်ဆင်ကြည့်ပါ။ ပြီးမှ ဗေဒင်ဆရာနဲ့ တိုင်ပင်ပါ။ အောက်မှာ ဖော်ပြတဲ့ အချက်အလက်တွေဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သတိမမူ၊ မေ့လျော့နေတတ်တဲ့ ပြုပြင်စရာတွေပဲ ဖြစ်ပါတယ်။
၁။ ဘုရားကျောင်းဆောင်
အများစုက ဘုရားစင်လို့ အလွယ် ခေါ်ကြပေမယ့် ဘုရားကျောင်းဆောင်လို့ ခေါ်တာ ပိုသင့်တော်ပါတယ်။ အဲဒီ ဘုရားကျောင်းဆောင်ကို စတိုခန်းလို သဘောထားပြီး တိုလီမိုလီ ပစ္စည်းတွေ ရှုပ်ပွနေအောင် မထားသင့်ပါဘူး။ ပြီးတော့ ပင့်ကူမျှင်တွေရှုပ်ခတ်ပြီး ဖုန်တလုံးလုံး ဖြစ်နေတာမျိုးလည်း မသင့်ပါဘူး။ ဘုရားကျောင်းဆောင်ဟာ ပန်း၊ ရေချမ်း၊ အလင်းတိုင်တွေနဲ့ ဝေဆာနေမှသာ ကျက်သရေမင်္ဂလာ ဖြစ်စေမှာပါ။ လိုတိုရှင်း ပြောရရင်တော့ ဘုရားကျောင်းဆောင်မှာ အမှိုက်ပေါင်းစုံ ရှုပ်ပွမနေဘဲ သန့်ရှင်းသပ်ယပ် ကြည်ညိုဖွယ်ရာ ဖြစ်နေဖို့ပါပဲ။
၂။ ဘုရားပန်းတွေ လဲတဲ့အခါ
ဘုရား ကပ်တဲ့ ပန်းတွေ ညိုးနွမ်းလို့ အသစ်လဲတဲ့အခါ ပန်းအိုးတွေကို ခြေရင်းဘက်တို့ ကြမ်းပြင်ပေါ်တို့မှာ ချမထားသင့်ပါဘူး။ အမြင့်တစ်နေရာမှာ တင်ပြီးမှသာလဲလှယ်ရပါမယ်။ ဘုရားပန်းဟောင်းတွေ စွန့်တဲ့အခါ ခေါင်းရင်းဘက်ကိုသာ စွန့်ပါ။ တိုက်ခန်းမို့ အဆင်မပြေရင် ဘုရားကျောင်းဆောင်က ထွက်လာတဲ့ အမှိုက်ကို အထုပ်သပ်သပ် ထားပြီး စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ ခြေရင်းနဲ့ အိမ်သာဘက်တွေမှာ မစွန့်သင့်ပါဘူး။
၃။ အိမ်တွင်းထဲမှာ ဆင်ခြင်ရာ
အိမ်ထဲ၊ အခန်းထဲမှာ ပုဆိုး၊ ထဘီ၊ ဘောင်းဘီတွေ လှမ်းတဲ့ ကြိုးတွေအောက် တတ်နိုင်သလောက် မဝင်မိဖို့ သတိထားရပါမယ်။ ဖြတ်သန်း ဝင်မိရင် ဘုန်းကံ နိမ့်ပါးတတ်ပါတယ်။ နောက်တစ်ခုက ဖိနပ်ချွတ်နေရာပါ။ ဖိနပ်ချွတ်မှာ
ဖိနပ်တွေအားလုံးက ညီညီညာညာ ဖြစ်နေသင့်ပါတယ်။ ပြီးတော့ မိဘအကြီးအကဲတွေရဲ့ ဖိနပ်တွေကို သားသမီးတွေက နင်းမိ၊ ဖိမိတာ၊ ပက်လက်မှောက်ခုံ ဖြစ်နေတာမျိုး ရှောင်ရပါမယ်။ အကြီးအကဲ ဖိနပ်တွေကို အပေါ်က ထားပြီး ငယ်သားတွေက အောက်ကနေ အဆင့်ဆင့် နေရာချသင့်ပါတယ်။
၄။ နံနက်ချိန်ခါ မင်္ဂလာ
မနက် အရုဏ်ဦးမှာ အိမ်သူအိမ်သားတွေ နိုးထလို့ ဘုရားဝတ်ပြုပြီးတဲ့အခါ ဆရာတော်ဘုရားကြီးတွေရဲ့ တရားခွေ ဖွင့်လှစ် နာယူတာ၊ ကျက်သရေ မင်္ဂလာ ရှိတဲ့သီချင်းတွေ ဖွင့်တာမျိုးတွေ လုပ်ရပါမယ်။ မနက်လင်း မိုးသောက်ချိန်မှာ ဆူဆဲ၊ အော်ဟစ်နေတာ၊ ကြိမ်းမောင်းပြစ်တင်တာတွေ ရှောင်ရပါမယ်။
၅။ သတိထားရမယ့် အဝတ်အစားကိစ္စ
လုံချည်၊ ထဘီတွေ ဝတ်ဆင်တဲ့အခါ ခေါင်းပေါ်ကနေ မစွပ်သင့်ပါဘူး။ အောက်ကနေသာ ဆွဲယူ ဝတ်ဆင်ပါ။ ပြန်ချွတ်တဲ့ အခါမှာလည်း ခေါင်းပေါ်ကနေ မချွတ်ရပါဘူး။ ခြေထောက်ကနေပဲ ပြန်ဆွဲချွတ်ယူပါ။ စနစ်တကျ ပြန်ခေါက်သိမ်းပါ။
လုံခြည်ကို ခေါင်းကနေ စွပ်ပြီး ဝတ်မိရင် တနေ့တာ လုပ်ကိုင်သမျှ အလွဲအချော်တွေ များတတ်ပါတယ်။ အဝတ်အစားတွေ လျှော်တဲ့ အခါမှာလည်း အိမ်ထောင်ဦးစီးရဲ့ အဝတ်အစားကို သီးသန့်ထား လျှော်ဖွပ်သင့်ပါတယ်။
ဆောင်ရန်၊ ရှောင်ရန်အချက်တွေ ရှိသေးပေမယ့် ဒီအချက် ၅ ခုကိုပဲ ဦးစားပေး သတိထား ပြင်ဆင်မယ်ဆိုရင် ညိုးမှိန်နေတဲ့ ကံတရားတွေ အသစ်တဖန် ပြန် ထွန်းတောက်လာနိုင်ပြီး ခက်ခဲနေတဲ့ ပြဿနာလေးတွေလည်း အထိုက်အလျောက် ပြေလည် အောင်မြင်မှု ရလာမယ်လို့ ဆိုချင်ပါတယ်။
Ref : Everbestmm
Photo Credit : xcxbijisale
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties