By Zaygwet Journal ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 13 May 2019
''လင်မယားနှစ်ဦးပိုင်ပစ္စည်းမှာ ကျန်ရစ်သူက ကွယ်လွန်သူရဲ့ ဝေစုကို ရခွင့်ရှိတယ် မဟုတ်လားဆရာ'' ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်မေးမြန်း ဆွေးနွေးခြင်းဖြစ်ပါသည်။
''မှန်ပါတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယားနှစ်ဦးအနက် တစ်ဦးကွယ်လွန်သွားလျှင် ကျန်တစ်ဦး က ကွယ်လွန်သူရဲ့ အမွေပစ္စည်းကို ခံစားခွင့်ရှိမှာဖြစ်ပါတယ်။ ဘာအရှုပ်အထွေးရှိနေလို့လဲ''
''ကျွန်တော် အိမ်တစ်လုံးဝယ်မယ်လို့ စရန်ငွေပေးထားတယ် ဆရာ။ သတင်းစာထဲ ထည့်လိုက်မှ ကန့်ကွက်သူ ပေါ်လာလို့ ဆရာ''
''အိမ်တစ်လုံးဆိုတော့ မြေနဲ့ အိမ်ကို ဆိုလိုတာပေါ့''
''ဟုတ်ပါတယ် ဆရာ။ မြေက ဂရန်မြေပါ ဆရာ''
''ဂရန်မြေအမည်ပေါက်က ဘယ်သူလဲ''
''လင်မယားနှစ်ဦးအမည်ပေါက်ဖြစ်ပါတယ်''
''လင်မယားနှစ်ဦး အမည်ပေါက်ဆိုတော့ အငြင်းပွားစရာမရှိဘူးလေ။ တစ်ဦးကွယ်လွန်ရင် ကျန်တစ်ဦးတည်း အမည်ပေါက်လျှောက်ထားနိုင်တယ်''
''ဟုတ်ကဲ့ ဆရာ။ လင်ယောကျ်ားဖြစ်သူက ကွယ်လွန်သွားတယ်ဆိုတော့ ဇနီးဖြစ်သူက တစ်ခုလုံး ပိုင်ဆိုင်တယ် လို့ပြောတာနဲ့ ယုံကြည်ပြီးဝယ်ခဲ့တာ ဆရာ၊ ဖြစ်ချင်တော့ ဇနီးဖြစ်သူကလည်း ရုတ်တရက်ကွယ်လွန်သွား တယ်''
''သားသမီး မကျန်ခဲ့ဘူးလား''
''သားသမီး မထွန်းကားဘူး ဆရာ''
''ဒါဆိုရင် အခုရောင်းမယ်ဆိုတဲ့ သူက ဘယ်သူလဲ''
''ကွယ်လွန်သွားတဲ့ ဇနီးသည်ရဲ့ တူမတော်စပ်ပါတယ်''
''သားသမီးမကျန်ခဲ့ဘူးဆိုရင်တော့၊ ကျန်တဲ့ ညီအစ်ကိုမောင်နှမ ဒါမှမဟုတ် တူ တူမတွေက အမွေထိန်းစာ လျှောက်ထားရပါတယ်။ အမွေထိန်းစာရမှ တရားရုံးရဲ့ ခွင့်ပြုချက်နဲ့ မောင်ရင့်ထံရောင်းချရမှာဖြစ်ပါတယ်''
''ကန့်ကွက်တဲ့သူက ကွယ်လွန်သွားတဲ့ လင်ယောကျ်ားရဲ့ မိဘတွေဖြစ်နေတယ်''
''မိဘတွေက နှစ်ဖက်လုံးမှာ ရှိနေကြသလား။ ကန့်ကွက်တဲ့ ကွယ်လွန်သူလင်ယောကျ်ားရဲ့ မိဘတွေက ဘယ် အချက်နဲ့ ကန့်ကွက်တာလဲ''
''ဒါတော့ သေချာမသိဘူးဆရာ။ သူ့သားနဲ့ ချွေးမက ကားအက်ဆီးဒင့် ဖြစ်ပြီး ကွယ်လွန်ကြတာမို့ သားဖြစ်သူရဲ့ ဝေစုကို သူတို့လည်း သက်ဆိုင်တယ်ဆိုပြီး အရောင်းအဝယ်ကို ကန့်ကွက်တာ ဆရာ''
''ဒါပေမယ့် ခုနပြောတော့၊ ဇနီးဖြစ်သူက နောက်မှ ကွယ်လွန်တာဆို မဟုတ်ဘူးလား''
''အညာခရီးသွားပြီး အပြန်မှာ ကားမှောက် ဒဏ်ရာရပြီး ကွယ်လွန်သွားကြတာ ဆရာ''
''လင်မယားနှစ်ဦးလုံး တစ်ပြိုင်တည်း ကွယ်လွန်သွားတာလား''
''ဒီလိုတော့ မဟုတ်ဘူးဆရာ။ လင်ယောကျ်ား ကွယ်လွန်ပြီး ခြောက်လလောက်ကြာမှ ကွယ်လွန်သွားတာ ဆရာ။ မကွယ်လွန်မီမှာ ကျန်းမာရေးအတွက် ဆေးကုသဖို့ ငွေလိုတာနဲ့ အိမ်နဲ့မြေကို ရောင်းတယ်လို့ သိရပါ တယ်''
''စရန်ငွေပေးပြီး နောက်ပိုင်း ကွယ်လွန်သွားတာပေါ့''
''ဟုတ်ပါတယ်ဆရာ၊ စရန်ငွေပေးပြီး နောက်တစ်ရက်မှာပဲ ကွယ်လွန်သွားတာ ဆရာ''
''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ သားသမီးမရှိသည့် လင်မယားနှစ်ယောက်သည် တစ်ပြိုင်နက်တည်း ကွယ်လွန် လျှင်သော်လည်းကောင်း တစ်ယောက် ကွယ်လွန်ပြီးနောက်များမကြာမီ တစ်ယောက် ကွယ်လွန်လျှင်သော် လည်းကောင်း၊ လင်၏ မိဘနှင့် မယား၏ မိဘတို့သည် အမွေဆက်ခံကြသည်လို့ မအိန်နှင့် တင်ငါး၊ အောက်မြန်မာနိုင်ငံတရားစီရင်ထုံး အတွဲ ၈၊ စာမျက်နှာ ၁၉၇ အမှုမှာ ဆုံးဖြတ်ထားတာတွေ့ရပါတယ်''
''တကယ်လို့ မိဘတွေကလည်း သက်ရှိထင်ရှားမရှိခဲ့ရင် ဘယ်သူရနိုင်သလဲ''
''ကွယ်လွန်သူရဲ့ ညီအစ်ကို မောင်နှမနှစ်ဖက်ဆွေမျိုးများက ဆက်ခံခွင့်ရှိမှာဖြစ်ပါတယ်''
''အခုကိစ္စက ခြောက်လခန့်ကြာမှ ဇနီးဖြစ်သူက ထပ်မံကွယ်လွန်တာဆိုတော့ လင်ယောကျ်ားအမွေကို ဇနီးက မရတဲ့သဘောလား ဆရာ''
''ဥပဒေမှာ လင်မယားနှစ်ဦးအနေနဲ့ တစ်ပြိုင်နက်တည်း အတူတကွကွယ်လွန်ခဲ့ရင်တော့ ပြဿနာမရှိဘူး။ တစ်ယောက်ကွယ်လွန်ပြီးများမကြာမီ ကျန်ရစ်သူက ထပ်မံကွယ်လွန်သည်ဆိုတဲ့ အချက်က အဓိကဖြစ်နေ တယ်''
''ဆရာပြောတဲ့ လင်မယားတစ်ယောက်ကွယ်လွန်ပြီး များမကြာမီဆိုတာက ဥပဒေမှာ ဘယ်လောက်ကြာ ကာလကို သတ်မှတ်ထားပါသလဲ ဆရာ''
''အစောကပြောခဲ့တဲ့ မအိန်နဲ့ တင်ငါးအမှုမှာ တစ်ရက်ခြားပြီး ကွယ်လွန်သွားခဲ့တဲ့အဖြစ်အပျက်ဖြစ်တယ်။ မကဒူးနှင့် မယုံ (၁၉ဝ၄-၁၉ဝ၆) အထက် မြန်မာနိုင်ငံတရားစီရင်ထုံး မြန်မာ့ဓလေ့အမွေခန်း စာမျက်နှာ (၇) မှာ လင်နဲ့မယားတို့သည် တစ်ယောက်သေဆုံးပြီး ငါးရက်ကြာမှ ကျန်တစ်ယောက်ကွယ်လွန်ခြင်းဖြစ်၍ နှစ်ဖက်ဆွေ မျိုးများမှ ညီတူမျှခွဲ ဝေခွင့်ရသွားကြောင်း ဖော်ပြထားပါတယ်''
''ဒါဆိုရင် ရက်ပိုင်းကွာခြားပြီး ကွယ်လွန်ရင်တော့ တစ်ပြိုင်တည်း နှစ်ဦးလုံးကွယ်လွန်သွားတယ်လို့ သတ်မှတ် နိုင်တာပေါ့နော်''
''မှန်ပါတယ်။ မမြင့်နှင့် မဟုတ်အောက်မြန်မာနိုင်ငံစီရင်ထုံး အတွဲ -၁ဝ စာမျက်နှာ - ၂၈၈၊ အမှုမှာ လင် မယားနှစ်ဦး ကွယ်လွန်ရာ၌ တစ်လထက်ပိုသော ကာလကို များမကြာမီဟု မယူဆနိုင်ကြောင်း ဆုံးဖြတ်ထား တာ တွေ့ရပါတယ်။ ဒါ့အပြင် တိတိကျကျဆုံးဖြတ်ထားတဲ့ အမှုတစ်ခုရှိသေးတယ်။ မဖွားအိုနှင့် မလေး၊ အောက်မြန်မာနိုင်ငံစီရင်ထုံး၊ အတွဲ- ၁၁၊ စာ - ၃၇၆ အမှုမှာ လင်မယားနှစ်ဦး ကွယ်လွန်ကြရာတွင် နှစ်လနှင့် ၁၄ ရက်ကွာခြားသည့် ကာလသည်များမကြာမီဟု မဆိုနိုင်ကြောင်း ဆုံးဖြတ်ထားပါတယ်''
''ဒါဆိုရင် ကျွန်တော်တို့ ကိစ္စမှာ လင်ကွယ်လွန်ပြီး ခြောက်လခန့်ကြာမှ ဇနီးဖြစ်သူက ကွယ်လွန်တာဆိုတော့ များမကြာမီဆိုတဲ့ ကာလမှာ မပါနိုင်ဘူးပေါ့ ဆရာ''
''ဟုတ်ပါတယ်။ ယခင်ဆုံးဖြတ်ထားတဲ့ စီရင်ထုံးများအရတော့၊ နှစ်ဦးလုံးတစ်ပြိုင်နက်တည်း ကွယ်လွန်ခဲ့ ကြတယ်လို့ ဥပဒေအရ မသတ်မှတ် နိုင်ကြောင်း တွေ့ရမယ်။ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ လင်ယောကျ်ား ဝေစုကို ဇနီးသည် ရပိုင်ခွင့်ရှိတဲ့အတွက် ဇနီးသည်မကွယ်လွန်မီမှာ အိမ်နဲ့မြေဟာ ဇနီးသည် တစ်ဦးတည်းပိုင် ဆိုင်ခွင့်ရှိနေမှာဖြစ်ပါတယ်''
''အမှုအခင်းဖြစ်လာနိုင်မယ်ထင်တယ် ဆရာ''
''ညှိနှိုင်းလို့ အဆင်မပြေရင်တော့ စရန်ငွေပြန်ယူလိုက်တာက စိတ်အေးမယ်''လို့ အကြံပြုဆွေးနွေး လိုက်ပါသည်။
Ref : Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ)
Photo Credit : Shutterstock
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties