By Shwe Kyaw, Shweproperty.com
Updated at 23 April 2020
စုပေါင်းပိုင်အဆောက်အအုံတည်ထောင်လိုသူများအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာကျင့်သုံးရန် လိုအပ်သည်။တည်ထောင်လိုသည့်အခါ မှတ်ပုံတင်ခြင်းဆောင်ရွက်ရန် မည်သို့ လုပ်ဆောင်ရမည်ကိုလည်း သိသင့်သည်။
ထိုအချက်များကို လိုက်နာကျင့်သုံးနိုင်ရန် ဗဟုသုတ အနေဖြင့် ဖော်ပြပေးလိုက်သည်။
၁။ စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူသည် သက်ဆိုင်ရာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေတွင်သာ စုပေါင်းပိုင် အဆောက်အအုံကို ဆောက်ရမည်။
၂။ စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်ရန် အလို့ငှာ စုပေါင်းပိုင်မြေအဖြစ် မှတ်ပုံတင်လိုသည့် မြေသည် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လူနေအိမ်ရာအဖြစ် ဆောက်လုပ်ခွင့်ရှိရမည့်အပြင် ပိုင်ဆိုင်ခွင့် လွှဲပြောင်းနိုင်သော မြေအမျိုးအစား ဖြစ်ရမည်။
မြေလက်ရှိပိုင်ဆိုင်သူက သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စုပေါင်းပိုင်မြေအဖြစ် ပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးပြီးဖြစ်ရမည်။
မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာ အစိုးရဌာန ၊ အစိုးရအဖွဲ့အစည်းက သတ်မျတ်ထားသည့် အချက်များနှင့် အညီဖြစ်ရမည်။
မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက်ရှိရမည်။
၃။ ဝန်ကြီးဌာနသည် စုပေါင်းပိုင် အဆောက်အအုံတစ်ခုဖြစ်ရန် သတ်မှတ်အထပ်အရေအတွ့် ၊ အိမ်ခန်းအရေအတွက် ၊ လုံလောက်သော ယာဉ်ရပ်နားရန်နေရာနှင့် စုပေါင်းပိုင်သူများ အသုံးပြုရန် စီမံထားရှိရမည့် စုပေါင်းပိုင်ပစ္စည်းများနှင့် ယင်းအဆောက်အအုံနှင့် ပစ္စည်းများ၏ နည်းပညာအဆင့်အတန်း ၊ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများ အပါအဝင် လိုအပ်သည့် စံချိန်စံညွှန်းများကို သတ်မှတ်ထားရမည်။
၄။ ဥပဒေအာဏာမတည်မီက ဆောက်လုပ်ပြီးစီးသော အဆောက်အအုံ သို့မဟုတ် ဆောက်လုပ်ဆဲဖြစ်သော စုပေါင်းပိုင်အဆောက်အအုံများသည် ဥပဒေပါပြဌာန်းပုဒ်မ (၉) နှင့် (၁၀) တို့နှင့်အညီ မှတ်ပုံတင်ရန် သက်ဆိုငရာ စီမံခန့်ခွဲရေး ကော်မတီ သို့ လျှောက်ထားရမည်။
သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီသည် ဥပဒေ၏ပုဒ်မခွဲ (က) အရ လျှောက်ထားသည့် စုပေါင်းပိုင် အဆောက်အအုံကို ဤဥပဒေအရ မှတ်ပုံတင်ပေးနိုင်ရန် ခွင့်ပြုခြင်း ၊ ငြင်းပယ်ခြင်း ၊ လိုအပ်သည့်အချက်များကို ဆောက်ရွက်ရန် ညွှန်ကြားခြင်းပြုနိုင်သည်။
၅။ စုပေါင်းပိုင် အဆောက်အအုံ တည်ထောင်သူအဖြစ် လုပ်ကိုင်လိုသူသည် သတ်မှတ်ထားသည့် အနည်းဆုံး မတည်ငွေရင်းရှိရမည့်အပြင် လုပ်ငန်းလိုင်စင်ကြေးပေးဆောင်စေပြီး စည်းကမ်းချက်များသတ်မှတ်၍ လျှောက်ထားသူကို လုပ်ငန်း လိုင်စင်ထုတ်ပေးရမည်။
သို့မဟုတ် သတ်မျတ်ချက်နှင့် အညီညွတ်ပါက လုပ်ငန်း လိုင်စင်ထုတ်ပေးရန် ငြင်းဆိုနိုင်သည်။
တည်ထောင်သူသည် လုပ်ငန်း လိုင်စင် သတ်တမ်းတိုးမြှင့်လိုပါက သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီသို့ လျှောက်ထားနိုင်သည်။
၆။ တည်ထောင်သူသည် စုပေါင်းပိုင်အဆောက်အအုံကို တည်ထောင်လိုပါက စုပေါင်းပိုင်မြေနှင့် အဆောက်အအုံတစ်ခုဖြစ်ရန် လိုအပ်သော အထောက်အထားများနှင့် အတူ မြေနှင့် အဆောက်အအုံပုံစံ ၊ စုပေါင်းပိုင်မြေနှင့် အဆောက်အအုံတွင်ပါရှိမည့် စုပေါင်းပိုင် ပစ္စည်းများနှင့် မူလအချိုးသင့် ပိုင်ဆိုင်မှု အစုတန်ဖိုးတို့ကို ပူးတွဲတင်ပေး၍ သတ်မျတ်ချက်များနှင့်အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီသို့ လျှောက်ထားရမည်။
သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသည် ပုဒ်မခွဲ (က)အရတင်ပြလျှောက်ထားချက်အပေါ် ခွင့်ပြုချက်ကို ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
၇။ တည်ထောင်သူသည် ပုဒ်မ ၁၄ အရ ထုတ်ပေးသော ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပြီးသော စုပေါင်းပိုင်မြေတွင် စုပေါင်းပိုင်အဆောက်အအုံကို သတ်မှတ်ချက်နှင့် အညီဆောက်လုပ်ရမည်။
စုပေါင်းပိုင်အဆောက်အအုံ၏ ၄၀ ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများကို ဥပဒေနှင့် အညီရောင်းချခွင့်ရှိသည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် နိုင်ငံတော်ပိုင်မြေ သို့မဟုတ် နိုင်ငံတော်ကိုယ်စား အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း သို့မဟုတ် စည့်ပင်သာယာရေး ကော်မတီ သို့မဟုတ် စည်ပင်သာယာရေးအဖွဲ့တစ်ခုခုက ထိန်းသိမ်းစောက်ရှောက်ခွင့်ပြုထားသော မြေတစ်ခုခုပေါ်တွင် စုပေါင်းပိုင်အဆောက်အအုံကို ဥပဒေနှင့်အညီ တည်ဆောက်နိုင်သည် ဆိုသည့် အချက်များကို စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေတွင်ဖော်ပြထားသည်။
ထိုအချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် စုပေါင်းပိုင် အဆောက်အအုံ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း များကိုလုပ်ဆောင်နိုင်မည်ဖြစ်သည်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties