By Homedecor, Shweproperty.com
Updated at 4 January 2019
လွန်ခဲ့သောနှစ်ပေါင်း ၃ဝ ကျော်က ဖြစ်လေ၏။ ကျွန်ုပ်၏ဦးကြီးမိသားစုသည် မြို့လယ်မကျတကျ နေရာကောင်း တစ်ခု၌ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့ဖူးလေ၏။
ဦးကြီး၏လက်ဖက်ရည်ဆိုင်သည် အထူးပင် အောင်မြင်ခဲ့၏။ များသောအားဖြင့်မိမိတို့ရပ်ကွက်ထဲမှ လက်ဖက်ရည်ဆိုင်များကိုသာ အားပေးလေ့ရှိကြသော်လည်း ဦးကြီး၏ဆိုင်မှာမူ ဝေးသောလှမ်းသော ရပ်ကွက်များမှပင် လာရောက်အားပေးခြင်းကို ခံရလေ၏။
ထို့ကြောင့်ဦးကြီး၏လက်ဖက်ရည်ဆိုင်မှာ အချိန်ပြည့်ပင် လူစည်ကားနေလေတော့၏။ အထူးသဖြင့် နံနက်စောစောများနှင့် ညနေစောင်းများ၊ ညဦးပိုင်းများဆိုလျှင် ထိုင်စရာခုံပင် မရလောက်အောင် လူပြည့် နေ လေတော့၏။ ဦးကြီးတို့မိသားစုမှာလည်း နှစ်နှစ်၊ သုံးနှစ်အတွင်းမှာပင် စီးပွားအထူးတက်ကာ သူတို့၏ ကလေး များကို ကျောင်းကောင်းစွာထားနိုင်ခဲ့၏။ ထရံကာ၊ သက်ကယ်မိုးအိမ်လေးမှ သည် သစ်မိုး၊ ပျဉ်ထောင် အိမ် ကလေး ဖြစ်လာခဲ့လေ၏။
ဦးကြီးတို့လက်ဖက်ရည်ဆိုင် အောင်မြင်ခြင်းကြောင့်ကျွန်ုပ်တို့လည်း ဝမ်းသာရ၏။ အဘယ် ကြောင့် ဆိုသော် ကျွန်ု်ပ်တို့ကို ဦးကြီးက မုန့်ဖိုးပဲဖိုးလေးများ မကြာမကြာပေးလေ့ရှိသောကြောင့် ဖြစ်လေ၏။ ကျွန်ုပ် တို့မိသားစုတွင် ငွေကြေးကျပ်တည်းသောအခါများ၌လည်း ဦးကြီးက ကူညီလေ၏။
မှတ်မှတ်ရရ . . . လွန်စွာအောင်မြင်ခဲ့သော ဦးကြီး၏လက်ဖက်ရည်ဆိုင်သည် သုံးနှစ်မြောက်သော ကာလတွင် ရောင်းအား သိသိသာသာ ထိုးကျသွား၏။ တဖြည်းဖြည်းနှင့် လာရောက်သောက်သုံးသူများ နည်းသထက် နည်းလာကာ နောက်ဆုံးတွင် ဆိုင်အလုပ်သမားများကိုပင်တဖြည်းဖြည်း လျော့လာခဲ့ရ၏။ ထိုထက် ပိုဆိုးလာသောအခါ အဖျော်ဆရာများ၊ မုန့်ဆရာများပင် မရှိတော့ဘဲ ဦးကြီးတို့ လင်မယားနှစ်ဦး ကသာလျှင် လက်ဖက်ရည်ဖျော်၊ စားပွဲထိုး . . .စသည်ဖြင့် ချို့ငဲ့စွာ ရုန်းကန်လာရလေ တော့၏။ နောက်ဆုံး တွင်မူ ဦးကြီး၏လက်ဖက်ရည်ဆိုင်ကလေးသည် အကြွေးတင်၊ အရင်းပြုတ်၊ ဆိုင်ပိတ်လိုက်ရလေတော့ သတည်း ဆိုသည်နှင့်ဇာတ်သိမ်းခဲ့ရပါလေတော့၏။
ငယ်စဉ်ကမူ ကျွန်ုပ်သည် ဦးကြီးတို့လက်ဖက်ရည်ဆိုင်ကလေး ဘာကြောင့်ထိုသို့ ဖြစ်သွားကြသည်ကို စဉ်းစား၍မရခဲ့ပါ။ နောင်သော် ကျွန်ုပ်သည် ဗေဒင်ဆရာတစ်ဦးဖြစ်လာခဲ့၏။ ကျွန်ုပ်တို့၏ဆရာကြီးဖြစ်သော အဘမင်းသိင်္ခက ကျွန်ုပ်တို့အား ဆန်းပညာကိုလည်းသင်ပေးလေ၏။ ဆန်းပညာတွင် ဣဋ္ဌအနိဋ္ဌ၊ အကောင်း အဆိုး ခွဲသောကဏ္ဍသည် အထူးအရေးကြီးလေ၏။ အဘမင်းသိင်္ခက –
“ကိုယ့်အိမ်တို့၊ ကိုယ့်ဆိုင်တို့ရဲ့ခေါင်းရင်းဘက်တို့၊ မျက်နှာချင်းဆိုင်ဘက်တို့ဆိုတာတွေဟာ မင်္ဂလာယူရသော၊ ကျက်သရေ မင်္ဂလာရှိသော အရပ်မျက်နှာတွေကွ . . .၊ အဲဒီအရပ်ဌာနတွေမှာ မကောင်းတာတွေလာပြီး မြင်နေကြားနေ၊ ကြုံနေရရင် ကျက်သရေ မင်္ဂလာပျက်ပြီး ကိုယ့်ဆီမှာ လာခိုက် ရောကွ။
ဥပမာဆိုပါတော့ကွာ . . .၊ ကိုယ့်ရဲ့ခေါင်းရင်းဘက်က ဆိုင်ခန်းမှာ နိဗ္ဗာန်ကုန်ပစ္စည်းတွေ၊ တရားခွေ တွေရောင်းတယ်ဆိုပါတော့ . . .အဲဒါ ကိုယ့်အတွက် ကျက်သရေမင်္ဂလာတိုးစေတယ်ကွ . . .၊ ကိုယ့်အိမ် ကိုယ့်ဆိုင်မှာ စီးပွားတက်အောင်မြင်မယ့်နိမိတ်ပဲကွ . . .၊
အဲဒီလိုမဟုတ်ဘဲ ကိုယ့်ခေါင်းရင်းဘက်ကဆိုင်ဟာ အမူးသမားတွေ တရုန်းရုန်းနဲ့အရက်ဆိုင် ဖြစ်နေမယ် ဆိုရင်တော့ ကိုယ့်အတွက် ကျက်သရေမင်္ဂလာပျက်ပြီး နေရင်းထိုင်ရင်း ခိုက်နေတတ်တယ်ကွ၊ စီးပွားပျက် တော့မယ့်နိမိတ်ပဲကွ . . .” စသည်ဖြင့် မိမိက မည်မျှပင် ကြိုးစားနေစေကာမူ ပတ်ဝန်းကျင် အခြေအနေ ကိုလိုက်၍ မိမိတို့အပေါ်တွင် အကောင်းအဆိုး သက်ရောက်နိုင်ကြောင်း သင်ပေးသွားခဲ့ပါသည်။
အဘ၏ ထိုသင်ခန်းစာအပြီးတွင် ကျွန်တော်သည် ဦးကြီးတို့၏လက်ဖက်ရည်ဆိုင်ကလေးကို ချက်ချင်းပင်ပြေး၍ မြင်ယောင်သွားမိပါတော့သည်။ ဟုတ်လည်း ဟုတ်ပါပေသည်။ ဦးကြီးတို့ဆိုင် လွန်စွာအောင်မြင်ခြင်းနှင့်အတူ ထိုနေရာမှဆိုင်တန်းများသည် ငှားခ ဈေးတက်လာလေ၏။ ဆိုင်ခန်းငှားရမ်းခ များလည်း သိသိသာသာ တက်လာလေ၏။ ဤတွင် ဆိုင်အပြောင်းအလဲများလည်း ဖြစ်လာလေတော့၏။ ဦးကြီးတို့၏ဆိုင်ခေါင်းရင်းမှဆိုင်သည် မူလက အုန်းငှက်ပျောရောင်းသောဆိုင်ဖြစ်၏။ ထိုဆိုင်က ထွက်သွားပြီး အရက်ဆိုင် တစ်ဆိုင် ရောက်လာခဲ့၏။
ထိုသို့လျှင် ခေါင်းရင်းဘက်၌ အရက်ဆိုင်ရောက်ပြီး များမကြာမီမှာပင် ဦးကြီး၏လက်ဖက်ရည်ဆိုင်လေး သည် သိသိသာသာ ထိုးဆင်းသွားခြင်း ဖြစ်ပါလေတော့၏။ ထို့ကြောင့်. . .
၁။ မိမိတို့အိမ်၊ မိမိတို့ဆိုင်၊ မိမိတို့ရုံးခန်း၏ ခေါင်းရင်းဘက်တွင်၊ မျက်နှာချင်းဆိုင်တွင် ကောင်းသော အလုပ်ဌာနများရှိနေလျှင် မိမိတို့အတွက် စီးပွားတက်အောင်မြင်စေမည့် နိမိတ်ကောင်းရပါသည်။ ခေါင်းရင်း ဘက်၊ မျက်နှာချင်းဆိုင်ဘက်မှ အလုပ်ဌာနများ အောင်မြင်ပျော်ရွှင်နေလျှင်လည်း မိမိအတွက် စီးပွားတက် အောင်မြင်စေမည့်နိမိတ်ကောင်းရပါသည်။
၂။ မိမိတို့၏အိမ်၊ မိမိတို့၏ဆိုင်၊ မိမိတို့ရုံးခန်း၏ ခေါင်းရင်းဘက်တွင်၊ မျက်နှာချင်းဆိုင်တွင် မကောင်းသော အလုပ်ဌာနများရှိ နေလျှင်မူ မိမိတို့အတွက် လာဘ်တိတ်စီးပွားပျက်စေခြင်းဆိုးကျိုးများကို ပေါ်ပေါက်လာစေနိုင်ပါသည်။ ခေါင်းရင်းဘက်၊ မျက်နှာချင်းဆိုင်ဘက်မှ အလုပ်ဌာနများ ဆုတ်ယုတ်ပျက်စီး နေလျှင် လည်း မိမိတို့အတွက်ကိုပါ လာ၍ခိုက်စေတတ်ပါသည်။
ထို့ကြောင့် မိမိတို့အတွက် မင်္ဂလာယူရာ ခေါင်းရင်းဘက်၊ မျက်နှာချင်းဆိုင်တို့မှ ကောင်းနေလျှင် ဝမ်းသာစရာဖြစ်သော်လည်း ကျွန်ုပ်၏ဦးကြီးကဲ့သို့ကြုံလာလျှင်မူ –
– မိမိတို့၏အိမ်တွင်၊ ဆိုင်တွင်ဘုရားစင်၊ ဘုရားခန်းကို ပုံမှန်ထက်ပို၍ ထူးထူးခြားခြားသပ္ပာယ်အောင် ဆောင်ရွက်သင့်ပါသည်။
– ပုံမှန်ထက်ပို၍ ဘုရားစာ၊ တရားစာများ ရွတ်ဖတ်ခြင်း၊ ဘာသာရေးကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ တရားခွေများဖွင့်ခြင်း . . . စသည်တို့ပြုလုပ်ခြင်းဖြင့် ဘေးပတ်ဝန်းကျင်ကြောင့် ကြုံလာနိုင်သော အညံ့အခိုက်များကို ဟန့်တားစေနိုင်လိမ့်မည်ဖြစ်ပါကြောင်း . . .။
Ref : Homedecor
Photo Credit : Theguardian
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties