By Home & Decor (ဆရာဇင်ယော်နီ), Shweproperty.com
Updated at 15 July 2018
တစ်နေ့တွင် ကျွနု်ပ်ထံသို့ပြည်မြို့မှ မခင်မြဆိုသူရောက်ရှိလာလေ၏။ ၎င်းမခင်မြသည် အရေးအကြောင်းရှိလျှင်ရှိသလို ကျွနု်ပ်ထံသို့ဗေဒင်လာမေးမြဲဖြစ်လေ၏။ ကျွနု်ပ်က -
“မခင်မြရယ် နီးနီးနားနား ဗေဒင်ဆရာတွေဆီမှာ မေးပါလား” ဟုပြောလိုက်လျှင် မခင်မြက ဟိုးအဝေးကြီးကထမင်းဆိုင်ကိုသွားပြီး စားတတ်တယ် မဟုတ်လား။ ထမင်းကတော့ ဆရာ့အနားလေးမှာလည်း ဆိုင်တွေရှိနေတာပဲ။ အဲဒါကို ဟိုးအဝေးကြီးကဆိုင်ကို သွားပြီးစားတယ်ဆိုကတည်းက ထမင်းကိုစားတာမဟုတ်တော့ဘူး။ ဆိုင်ကိုစားတာဖြစ်သွားပြီလေ။ လောကကြီးမှာ အဲဒါမျိုးတွေ အများကြီးပါဆရာရဲ့”
မော်လမြိုင်က မိဘတွေက သူတို့ကလေးတွေကို ပြင်ဦးလွင်မှာကျူရှင်သွားထားတာရှိသလို၊ မန္တလေးကမိဘတွေကလည်း သူတို့ကလေးတွေကို ပြည်မှာလာပြီးကျူရှင်သွားထားတာရှိပါတယ်။ အဲဒါလည်း ဘာလဲဆိုတော့ ပညာချင်းကတော့အတူတူပါပဲ။ ဘယ်ကျူရှင်ဘယ်ကျောင်းဆိုတာ ရွေးချယ်တဲ့သဘောပေါ့ ဆရာရယ်။
အခုလည်းကျွန်မတို့က ဗေဒင်ကိုမေးချင်တာမဟုတ်ဘူး။ ဆရာဇင်ယော်နီဆိုတာ ပြောပြတဲ့စကားကို ကြားချင်လို့လာခဲ့တာဆရာရဲ့” ဟု ပြောပြလေတော့၏။
ထို့ကြောင့် ကျွန်ုပ်လည်း “ အင်း ကျုပ်ကလည်း မခင်မြပြောပြတဲ့စကားတွေကို ကြားချင်လို့ပြည်ကိုလာရမယ့်ပုံပဲ။ ဒါနဲ့လာရင်းကိစ္စကို ပြောစမ်းပါဦး” ဟုမေးလိုက်ရာ မခင်မြက............
“ဒီလိုပါဆရာရယ် - ကျွန်မတို့မောင်နှမနှစ်ယောက်ဝါကျွတ်မှာ အိမ်ပြောင်းကြမလို့။ ကျွန်မက မောင်လေးရဲ့အိမ်ကိုပြောင်းမှာ၊ မောင်လေးက ကျွန်မတို့အိမ်ကိုပြောင်းမှာ၊ မောင်နှမနှစ်ယောက် အိမ်အလဲအထပ်လုပ်ပြီး ပြောင်းကြမှာလေဆရာရဲ့။ အဲဒါကြားဖူးနားဝတွေနဲ့တွက်ကြည့်တော့ နှစ်ယောက်လုံးအတွက် နဂါးလှည့်တွေက မကိုက်ဘူးဖြစ်နေတယ်။ မပြောင်းလို့ကလည်း မရတော့ဘူးဆရာရဲ့၊ အဲဒါနဂါးလှည့်အဆင်မပြေတဲ့ကိစ္စ ဒုက္ခမရောက်အောင် ဘာလုပ်ရမလဲသိချင်လို့လာခဲ့တာပါ” ဟု ပြောပြလေ၏။
ကျွနု်ပ်က..........
“ဟုတ်တာပေါ့ဗျာ ဒါလည်းအရေးကြီးတာပေါ့၊ ကျုပ်တို့အဘဆရာကြီး မင်းသိင်္ခပြောသွားတဲ့ နည်းလေးတစ်ခုရှိပါတယ်ဗျာ၊ အဲဒီနည်းလေးက မခင်မြတို့အတွက် တည့်တည့်ကြီးအသုံးဝင်ပါလိမ့်မယ်” ဟုပြောလိုက်လျှင် မခင်မြက “တစ်ခုတော့ရှိတယ်နော်ဆရာ၊ နတ်နဲ့နဂါးမလှည့်စားကောင်းဘူးလို့လဲကြားဖူးတယ်။ ကျွန်မတို့ကဘာမှနားလည်တာမဟုတ်ဘူး။ အဲဒါတော့ကြောက်တယ်ဆရာ၊ နဂါးကိုလှည့်စားနဲ့နည်းများဖြစ်နေမလား” ဟုမေးလေ၏။ ကျွနု်ပ်က စီးကရက်တစ်လိပ်ကိုမီးညှိရှိုက်ဖွာလိုက်ပြီးသည့်နောက်တွင်မှ........
“အဲဒီနဂါးကလည်းဗျာ လူကိုကျတော့လူကိုဖမ်းစားမယ်။ ဒုက္ခပေးမယ်။ လူကလှည့်စားတာလေးကျတော့ မခံနိုင်ဘူးဆိုတော့ တော်တော်နဂါးပါးဝတာပဲ၊ ပြီးတော့ နဂါးပြည်ကိုရောက်သွားတဲ့လူကို သူလုပ်ချင်တာလုပ်မယ်ဆိုတာက တော်ပါသေးတယ်။ လူတွေနေတဲ့နေရာကိုနဂါးက အနိုင်ကျင့်တဲ့သဘောဆိုရင်တော့ မခံချင်စရာပေပဲဗျာ။ ပြီးတော့ နတ်နဲ့နဂါးမလှည့်စားကောင်းဘူးဆိုတော့ လူအချင်းချင်းကျတော့ လှည့်စားချင် လျည့်စားခွင့်ရှိတယ်ဆိုတဲ့သဘောပေါ့လေ”ဟုပြောလိုက်ရာ မခင်မြလည်းမဲ့သလိုပြုံးသလိုဖြစ်လျှက် “ပြောပါဆရာရယ် ဘယ်တွေရောက်ကုန်မှန်းမသိတော့ပါဘူး။ ဆရာတို့ဆရာကြီးသင်ပေးသွားတယ်ဆိုတဲ့နည်းကိုသာပြောပြပါတော့” ဟု တိုက်တွန်းလေတော့၏။
ထို့ကြောင့်ကျွနု်ပ်က..........
“ဒီလိုပါဗျာ အိမ်ပြောင်းတာတို့၊ ဆိုင်ပြောင်းတာတို့၊ နေရာပြောင်းတာတွေလုပ်တဲ့အခါမှာ ကြာသပတေးသမီးတစ်ယောက်ယောက်ကိုပါအောင်ခေါ်သွားရတယ်ဗျ၊ ကြာသပတေးသမီးဆိုတာက ကြွက်လေဗျာ၊ ရှေးလူကြီးတွေက “နဂါးကြီးဗိုက် ကြွက်ကြီးဖောက်”ဆိုပြီး လမ်းညွှန်သွားခဲ့ကြတယ်ဆိုတဲ့ အယူအဆပေါ့ဗျာ။ အဲဒီတော့ မခင်မြတို့မောင်နှမလည်း အိမ်ပြောင်းတဲ့နေ့ကြာသပတေးသားသမီးကို အပါခေါ်ပြီး နဂါးကြီးဗိုက်ကြွက်ကြီးဖောက်ဆိုတဲ့ထုံးကို အသုံးချကြပေတော့ဗျို့”ဟုပြောပြလိုက်ရပါလေတော့သတည်း။
Ref : Home & Decor
Photo Credit : Social
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties