By Zaygwet, Shweproperty.com
Updated at 13 January 2018
ဥယျာဉ်ခြံမြေတွေဟာ လယ်ယာမြေဖြစ်လို့ အရောင်းအဝယ် လုပ်မရဘူးဆိုတာ ဟုတ်ပါသလား'' ဟု မိတ်ဆွေတစ်ဦးက ဆွေးနွေးလာပါသည်။ ''လယ်ယာမြေ ဥပဒေအရ ဆိုရင်တော့ ယင်းဥပဒေပုဒ်မ (၃)မှာ လယ်ယာမြေမှာ အကျုံးဝင်တဲ့ မြေအမျိုးအစားတွေကို ဖော်ပြထားတယ်။ လွယ်လွယ်ကူကူ မှတ်သားထားမယ်ဆိုရင်တော့ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ ဟင်းသီး ဟင်းရွက် ပန်းမန်စိုက်ပျိုးတဲ့ ခြံ မြေ၊ ဥယျာဉ်မြေတို့ အားလုံး လယ်ယာမြေ အမျိုးအစားထဲမှာ ပါဝင်တယ်'' ''လယ်ယာမြေဆိုရင် အရောင်းအဝယ် လုပ်လို့ မရဘူးမဟုတ်လား'' ''လယ်ယာမြေတိုင်းလို့ လွယ်လွယ်ကူကူ သတ်မှတ်ပြောလို့တော့ မရဘူး'' ''ဘယ်လို ကွာခြားတာရှိလို့လဲ'' ''ခြံမြေ ဆိုပေမယ့် လူအများ နေထိုင်လာကြပြီး အိမ်ရာဆောက်လုပ်လို့ ကျေးရွာနယ်နိမိတ်အဖြစ် သတ်မှတ်တဲ့ နယ်မြေထဲ ပါသွားရင်တော့ ခြံမြေဖြစ်ပေမယ့် လယ်ယာမြေမဟုတ်ဘူးလို့ ဥပဒေအရ သတ်မှတ်ထားပါတယ်'' ''ဒီလိုဆိုရင် ခြွင်းချက်သဘောမျိုး သတ်မှတ်ထားတာပေါ့'' ''ဒီလိုပဲ ပြောရမှာပေါ့၊ စိုက်ပျိုးရေးမြေအဖြစ် အသုံးမပြုကြတော့ဘဲ၊ လူနေရပ်ကွက်ဖြစ်လာရင် ဒီမြေဟာ ခြံမြေဖြစ်ပေမယ့် လယ်ယာမြေထဲ အကျုံးမဝင်တာမို့ လွှဲပြောင်းရောင်းချခွင့် ရှိမှာဖြစ်တယ်'' ''တရားဝင်ပိုင်ဆိုင်ခွင့် ရပါ့မလား'' ''အရောင်းအဝယ် စာချုပ်မှာတော့ အရောင်းအဝယ် ကတိစာချုပ်အနေနဲ့ပဲ ချုပ်ဆိုကြရမှာဖြစ်တယ်'' ''အရောင်းစာချုပ်နဲ့ အရောင်းအဝယ် ကတိစာချုပ်ဆိုတာ ဘယ်လိုကွာပါသလဲ'' ''အရောင်းစာချုပ်ဆိုတာက မိမိအမည်ပေါက်ဖြစ်ဖြစ်၊ မိမိထံ အမွေရပစ္စည်းအဖြစ် ရလာတဲ့ မြေကွက်အဆောက်အအုံဖြစ်ဖြစ်၊ ဥပဒေနဲ့အညီ ပိုင်ဆိုင်ခွင့်ရရှိထားသူက ရောင်းချခြင်းဖြစ်တယ်။ ဥပဒေနှင့်အညီ တရားဝင် ပိုင်ဆိုင်ဖို့ဆိုရင် အရောင်းစာချုပ်ကို မှတ်ပုံတင် စာချုပ်စာတမ်း ဥပဒေအရ ရောင်းချခြင်း၊ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရမှာဖြစ်တယ်။ ဒါမှ ဥပဒေနဲ့အညီ တရားဝင်ပိုင်ဆိုင်ခွင့် အမည်ပေါက် လျှောက်ထားခွင့် ရရှိမှာပဲဖြစ်တယ်'' ''တရားဝင်မှတ်ပုံတင် အရောင်းစာချုပ် မပြုလုပ်ရင်တော့ ဥပဒေနဲ့အညီ ပိုင်ဆိုင်ခွင့်မရနိုင်တဲ့သဘော ဖြစ်တယ်ပေါ့'' ''မှန်ပါတယ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ဝယ်မယ်၊ ရောင်းမယ်၊ လွှဲပြောင်းပေးကမ်းမယ် စတဲ့ ကိစ္စရပ်တွေကိုတော့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ပြုလုပ်ပြီး ငွေအကြေပေးချေခြင်း ဖြစ်ရပါမယ်'' ''အရောင်းအဝယ် ကတိစာချုပ်ရဲ့ သဘောကတော့ ငွေအပြီး ချေမယ်ဆိုရင် ဘယ်အချိန်ကာလအထိ ရောင်းသူကို ထားမယ်၊ ရောင်းသူက ဝယ်သူအား ဂရန်မြေ ရသည်အထိ ဘယ်လိုဆောင်ရွက်ပေးမယ် စသည်ဖြင့် အပြန်အလှန် ကတိပေးရမည့် အချက်များကို ထည့်သွင်းချုပ်ဆိုကြတာပဲဖြစ်တယ်။ လုပ်ငန်းအပြီးအပြတ် ဆောင်ရွက်ပေးခြင်းမဟုတ်ဘဲ တာဝန်ယူမှုအပိုင်းနဲ့ စာချုပ်ကတိပြု ချုပ်ဆိုကြတာပဲ ဖြစ်တယ်။ မှတ်ပုံတင်စာချုပ်အဖြစ် ချုပ်ဆိုဖို့ မလိုဘူး'' ဒါဆိုရင် လမ်းဘေးမှာရှိတဲ့ အရပ်စာချုပ်ဆိုရင် ဖြစ်တယ်မဟုတ်လား'' ''ဖြစ်တာတော့ ဖြစ်ပါတယ်'' ''ဘာလိုသေးလို့လဲ'' ''ပြည့်ပြည့်စုံစုံ ဖော်ပြချုပ်ဆိုကြတာတော့ အကောင်းဆုံးပေါ့။ ဒါနဲ့ အခုဝယ်ဖို့ လုပ်နေတဲ့ မြေက ဘယ်လိုဖြစ်လို့လဲ'' ''အရင်ကတော့ ခြံမြေပေါ့၊ အခုတော့ သူငယ်ချင်း ပြောသလို လူနေရပ်ကွက်အဖြစ်နဲ့ အဆောက်အအုံ ဆောက်လုပ်နေထိုင်လျက်ရှိကြတယ်'' ''အခုရောင်းမှာက အဆောက်အအုံပါ ပါတဲ့ သဘောပေါ့'' ''ဟုတ်ပါတယ်။ မိခင် အဘွားကြီးက ကျန်းမာရေး မကောင်းတော့ သားသမီးတွေက အဲဒီမြေနဲ့ အိမ်ကို ရောင်းချင်တဲ့ သဘောပေါ့'' ''ဝယ်လို့ရပါတယ်။ တစ်ခုရှိတာက ဝယ်ပြီးတာနဲ့ လက်ရောက် ရယူနေထိုင်ဖို့တော့ လိုတယ်။ ဒါမှ တရားဝင်လွှဲပြောင်းတဲ့ သဘော၊ တရားဝင်ပြောင်းရွှေ့လာတဲ့ သဘောတွေ၊ အခွင့်အရေးတွေ ရမှာဖြစ်တယ်'' ''မြေငှားစာချုပ် ရနိုင်တဲ့ မြေအမျိုးအစားဖြစ်သလား'' ''အမှန်က ပန်းပင်တွေစိုက်တဲ့ ပန်းပျိုးမြေ၊ ခြံမြေတွေကို ခွဲစိတ်ပြီး အိမ်တွေဆောက်လုပ်နေထိုင်ကြတယ်။ ငွေအင်အားထုတ်နိုင်သူတွေကတော့ အခိုင်အမာအဆောက်အအုံတွေ ဆောက်လုပ်နေထိုင်ကြတာဖြစ်တယ်။ အဲဒီအခြေအနေကစပြီး ပန်းမန်စိုက်ပျိုးတာမရှိဘဲ လူနေရပ်ကွက်အဖြစ် နေထိုင်ကြရင်းနဲ့ မြေနဲ့ အဆောက်အအုံကို ရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်းများ ပြုလုပ်လာကြတာဖြစ်တယ်'' ''လူနေရပ်ကွက်မြေ ဖြစ်သွားပြီဆိုတော့ မြေငှားဂရန် (မြေငှားစာချုပ်)ကို ထုတ်ပေးနိုင်ပြီပေါ့နော်'' ''မှန်ပါတယ်။ မြေပေါ်အခြေအနေကို သက်ဆိုင်ရာ အဖွဲ့အစည်းက ကွင်းဆင်းမယ်၊ မြေတိုင်းမယ်၊ လက်ရှိနေထိုင်သူရဲ့ ပိုင်ဆိုင်မှု စိစစ်ပြီး အလျဉ်းသင့်သလို မြေငှားစာချုပ် ထုတ်ပေးမှာဖြစ်တယ်'' ''အိမ်ရာ တည်ဆောက်နေထိုင်တာ ဘယ်နှစ်ကာလကြာမှ ရွာမြေအဖြစ် သတ်မှတ်ပါသလဲ'' ''ဗဟုသုတအဖြစ် ပြောရမယ်ဆိုရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးစံသင်းပါ (၄) ဦးနှင့် ဒေါ်ဝင်းတင်ပါ (၁၇) ဦး၊ ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၃၄ အမှုမှာ မြန်မာနိုင်ငံ အရပ်ရပ်ရှိ မြို့ရွာများတွင် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာန၌ လယ်မြေ၊ ဥယျာဉ်ခြံမြေဟု အမည်ပေါက်နေသော်လည်း နှစ်ပေါင်းများစွာ လူနေမြို့ရွာများအဖြစ် အတည်တကျ နေထိုက်လျက်ရှိကြသည့် မြေအမျိုးအစားများစွာ ရှိကြသည်။ ယခုအမှုတွင် အချင်းဖြစ် မြေမှာ နှစ်ပေါင်း ၃ဝ ကျော်ခန့် လူနေအိမ်ရာအဖြစ် အသုံးပြုနေထိုင်လျက်ရှိသော လူနေရပ်ကွက်အဖြစ် တည်ရှိနေကြောင်း ဆုံးဖြတ်ခဲ့တာရှိပါတယ်။ ဒါကြောင့် နှစ်ကာလအတိအကျ သတ်မှတ်ချက်မရှိပေမယ့် ခြံမြေတွေဟာ လူနေရပ်ကွက်အတွင်းမှာ လမ်းအမည်၊ အိမ်နံပါတ်၊ ရပ်ကွက်အမည် စသဖြင့် အတိအကျထွက်ရှိနေထိုင်ကြပြီဆိုရင်တော့ လယ်ယာမြေ မဟုတ်တော့တဲ့အတွက် ကတိစာချုပ် ချုပ်ဆိုပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်'' ''ဝယ်ပြီးဝယ်သူက ဆက်မနေရင် ဖြစ်သလား'' ''ဥပဒေအရတော့ ဝယ်သူက လက်ရောက်ရယူပြီး နေထိုင်မှ တရားဝင် ပိုင်ဆိုင်မှာမို့ ဝယ်ပြီး အိမ်ခြံမြေကို လက်ရောက်နေထိုင်ပြီးမှ ငှားရမ်းခြင်း၊ အခြားသူထားခြင်းတို့ကို ပြုလုပ်သင့်ကြောင်း'' အကြံပြုလိုက်ပါသည်။ Ref : Zaygwet Photo Credit : .Realkerala Posted By : Ra Wai (Shweproperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties