By The Kumudra, Shweproperty.com
Updated at 12 November 2014
မြန်မာနိုင်ငံက လက်ရှိမြေဈေးနှုန်းတွေဟာ အခြေခံလူတန်းစား ဝင်ငွေနဲ့ မညီမျှတာကြောင့် အိမ်ရာလိုအပ်ချက်နဲ့ ကျူးကျော်တဲတွေ ပိုမိုများပြားလာတယ်လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရဲ့ စစ်တမ်းတွေအရ သိရပါတယ်။
နိုင်ငံအတွင်း အခြေခံလူတန်းစားတွေရဲ့ ကျူးကျော်တဲ့တွေ၊ ကျေးလက်နေသူ အလုပ်အကိုင်အတွက် ရွှေ့ပြောင်းလာမှုကြောင့် မြို့ပေါ်ရောက်ရှိလာတဲ့ အိမ်ရာမဲ့ ပျံကျအလုပ်သမားတွေ၊ လခနည်း နေ့စားအလုပ်သမားတွေ စတာတွေဟာ လက်တလောဖြစ်ပေါ်နေတဲ့ အိမ်ခြံမြေဈေးနှုန်းမှာ ဝင်ရောက်ပါဝင်နိုင်စွမ်း မရှိကြပါဘူး။ အစိုးရက အကောင်အထည်ဖော်ပေးနေတဲ့ တန်ဖိုးနည်းအိမ်ရာတွေရဲ့လိုအပ်ချက်ကလည်း မြင့်တက်နေပါတယ်။
မြို့ပြကျေးလက်လူဦးရေ
မြန်မာနိုင်ငံရဲ့မြို့ပြ လူဦးရေဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ စာရင်းတွေအရ ၁၄.၆၁ သန်းကနေ ၂၃.၉၄ သန်းကို ပြောင်းလဲတိုးတက်လာမှာ ဖြစ်ပါတယ်။ ကျေးလက်လူဦးရေက ၃၈.၄၆ သန်းကနေ ၅၄.၉၂ သန်းကို ပြောင်းလဲတိုးတက်လာမှာပါ။ ကျေးလက်နေပြည်သူတွေရဲ့ အခြေခံအဆောက်အအုံတွေမှာ လမ်း၊ ရေရရှိမှု၊ ရေမြောင်း၊ လျှပ်စစ်မီးနဲ့ သွားလာဆက်သွယ်ရေးစတဲ့ အခြေခံလိုအပ်ချက်တွေ ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၁၉၈၅ခုနှစ်မှာ ၂.၅ သန်းရှိတယ်။ မြို့ဧရိယာက ၁၃၃.၆၄ စတုရန်းမိုင်သာ ကျယ်ဝန်းပြီး ၂၀၁၃ခုနှစ်မှာတော့ လူဦးရေ ခြောက်သန်းအထိ တိုးပွားလာတာကြောင့် မြို့ဧရိယာမှာလည်း၂၃၁.၁၇ စတုရန်းမိုင်အထိ တိုးချဲ့လာရပါတယ်။ ရန်ကုန်မြို့ဧရိယာမှာ စတုရန်းမိုင် ၁၀၀ နီးပါးအထိ ကျယ်ပြန့်လာပါတယ်။
မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူက “လူဦးရေတိုးတက်လာသလို မြေနေရာတွေလဲ ထပ်ချဲ့ထားတယ်၊ ဒါပေမယ့် မြေနဲ့အိမ် ပိုင်ဆိုင်မှုအချိုးအစားဟာ ဝင်ငွေနဲ့ မမျှတနိုင်တဲ့ အခြေခံလူတန်းစားတွေ အတွက်တော့ အိမ်ရာလိုအပ်ချက်ဟာ မြင့်မားလာတယ်”လို့ ပြောပါတယ်။
အိမ်ရာမဲ့များ
ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ကျူးကျော်အိမ်ထောင်စုပေါင်းဟာ ၆၅,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ကျူးကျော်အများဆုံး ဝင်ရောက်နေတဲ့ မြို့နယ်တွေက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း/ဆိပ်ကမ်း) မြို့နယ်တွေဖြစ်ပါတယ်။
ကျူးကျော်အမျိုးအစား သုံးမျိုးရှိတယ်။ မြို့ပြဆင်းရဲနွမ်းပါးသူတွေနဲ့ အိမ်ရာမဲ့ ပျံကျအလုပ်သမားတွေ၊ ကျေးလက်ကနေ မြို့ပြကို အလုပ်အကိုင်ရရှိဖို့ ရွှေ့ပြောင်းလာသူတွေနဲ့ အခွင့်အရေးကို မျှော်ကိုးပြီး မကြာခဏ ကျူးကျော်အဖြစ် ပြောင်းရွှေ့ နေထိုင်သူတွေဖြစ်ပါတယ်။
အိမ်ရာဖော်ဆောင်မှု
မြို့ရွာနှင့်အိုးအိမ် ဖွင့်ဖြိုးရေး ဦးစီးဌာနက မြို့သစ်တွေဖော်ထုတ်ပြီး အိမ်ရာမြေကွက်တွေ ဖော်ထုတ်ပေးတာ၊ အဆင့်နိမ့်ရပ်ကွက်တွေကို အဆင့်မြှင့်တင်တာ၊ တဲပေါ်ကနေ တိုက်ပေါ်တင် အိမ်ရာစီမံကိန်းနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အိမ်ရာစီမံကိန်းတွေ ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။
မြို့သစ်တွေမှာ အိမ်ရာမြေကွက်တွေ ချထားပေးထားတာကို ၁၉၅၆−၁၉၆၀ ခုနှစ်က တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတမြို့နယ်တွေမှာ ချထားမြေကွက်လပ်ပေါင်း ၃၀,၀၀၀ ကျော်၊ ၁၉၇၀−၁၉၈၀ ခုနှစ်က ဆင်ခြေဖုံးဒေသတွေမှာ မြေကွက်ပေါင်း ၇၀၀၀ကျော်၊ ၁၉၈၈− ၂၀၀၆ ခုနှစ်က အရန်မြို့သစ် ရှစ်မြို့နယ်အတွက် ချထားမြေကွက်ပေါင်း နှစ်သိန်းကျော် အကောင်အထည်ဖော်ပေးတယ်လို့ သိရတယ်။
အဆင့်နိမ့်ရပ်ကွက်တွေ အဆင့်မြှင့်တင်တာကို ၁၉၈၉ ခုနှစ်က ဒေါပုံမြို့နယ်မှာ ချထားမြေကွက် ၂၅၀၀ ကျော်၊ ဒလမြို့နယ်မှာ ၁၀,၀၀၀ ကျော်၊ ၁၉၉၂ ခုနှစ်က ဆိပ်ကြီးခနောင်တို မြို့နယ်မှာ ချထားမြေကွက်ပေါင်း ၂၀၀၀ နီးပါး ဖြစ်ပါတယ်။ တဲပေါ်မှ တိုက်ပေါ်တင် အိမ်ရာစီမံကိန်းကို ၁၉၉၄−၁၉၉၇ ခုနှစ်အထိ မြို့နယ် ၁၃ ခုမှာ စီမံကိန်း ၄၇ခု ပြုလုပ်ခဲ့ပြီး အခန်းပေါင်း ၁၀,၀၀၀ ကျော် ချထားပေးတယ်လို့ ဆိုပါတယ်။
“အိမ်ရာလိုအပ်ချက်ရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးကို အိမ်ရာတွေ အကောင်အထည်ဖော်ပေးနေတာ၊ နော်ပိုင်းကျရင်တော့ လိုအပ်ချက်လဲ ညီမျှသွားနိုင်လိမ့်မယ်” လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူ က ပြောပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အိမ်ရာစီမံကိန်းတွေက မန္တလေးတိုင်းဒေသကြီးမှာ မြရည်နန္ဒ္ဒ္ဒာအိမ်ရာ စီမံကိန်း၊ မကွေးတိုင်းဒေသကြီးမှာ ချမ်းမြေ့သာယာ အိမ်ရာစီမံကိန်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ဥမ္မာဒန္ဒီ အိမ်ရာစီမံကိန်းတို့ ဖြစ်ပါတယ်။
Ref : The Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties