By Eleven Media Group, Shweproperty.com
Updated at 1 October 2015
(၁) မြင်တွေ့ခဲ့ဖူးသမျှ နိုင်ငံတော်မြေပုံတို့၌ မြန်မာပြည်မြေပုံက အလှဆုံးဖြစ်သည်။ ကိုယ် မမြင်မတွေ့ဖူးသည့် နိုင်ငံတော်မြေပုံတစ်ခုက မြန်မာပြည်မြေပုံထက် လှသည် ဆိုစေဦးတော့ ကိုယ့်အမြင်မှာတော့ ကိုယ့်တိုင်းပြည်၏ မြေပုံကသာ အလှဆုံး ဖြစ်နေမှာပဲ ထင်သည်။ ‘ကိုုယ့်ငါးချဉ်၊ ကိုယ်ချဉ်သည်’ဟု တစ်ယောက်က ဆိုခဲ့လျှင်လည်း ကိုယ့်ငါးချဉ်က ချဉ်လောက်၍ ချဉ်ခြင်းဖြစ်၏ ဟုသာ မိမိက မှတ်ယူထားပါသည်။
မြန်မာတို့က ကိုယ့်နိုင်ငံကို ‘အဖ နိုင်ငံတော်’ဟု မသုံး။ ‘အမိ နိုင်ငံတော်’ဟုသာ အမြတ်တနိုး ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။ အမိနိုင်ငံတော် ခေါ်ရလောက်အောင်လည်း မြန်မာပြည်မြေပုံ၏ ဟန်က ကျန်းမာသန်စွမ်းသော မိခင်တစ်ဦး မတ်တတ်ရပ်နေသည့်ပုံမျိုး ဖြစ်သည်။ မျက်စိက ထိိုအတိုင်းပင် မြင်ထားသည်။ သွယ်ပျောင်း ခန္ဓာကိုယ်ဖြင့် သူ့သားသမီးတွေကို ခပ်ငိုက်ငိုက်ကလေး ငုံ့ကြည့်နေသည်နှင့် တူသည်။
‘‘ငါတို့အမေက စာမတတ်ဘူး၊ ငါတို့အမေက ဆင်းရဲတယ်’’ဆိုပြီး ကိုယ့်အမေကို မချစ်သော သာသမီးဟု လောက၌ ရှိအံ့မထင်ပါ။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ လူရာဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ လူမျိုးတိုင်း လူမျိုးတိုင်းက ကိုယ့်နိုင်ငံတော်ကိုတော့ ကိုယ် ချစ်မြတ်နိုးကြသည်သာ ဖြစ်သည်။ နိုင်ငံတကာဘောလုံးပွဲများ၌ နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုနေကြသည်ကို မြင်ရကြားရသည့်အခါ စိတ်ထဲ ရွှင်လန်းအားရဖြစ်ရသည်။ ‘ဒါတို့ပြည်၊ ဒါတို့မြေ၊ တို့ပိုင်တဲ့မြေ’ နေရာရောက်လျှင် ကြက်သီးတွေ ဘာတွေ ဖြန်းခနဲ ထသွားသည့် အဖြစ်မျိုး သူသူကိုယ်ကိုယ် ကြုံဖူးကြမည် ထင်ပါသည်။
(၂) မြေကြီးက ရွှေသီးသည်’ဆိုသော အဆိုသည် နားထောင် ကောင်းကာမျှ သီဖွဲ့ထားသော အဆိုတစ်ခု မဟုတ်ကြောင်း တောသူ တောင်သားတို့က ပိုသဘောပေါက်သည်။ မိဘဘိုးဘွား အစဉ်အဆက် ဓားမဦးချ လုပ်ကိုင်ခဲ့သော ဤမြေ၌ပင် သားစဉ်မြေးဆက် လုပ်ကိုင် စားသောက်ကြသည်။ မိမိတို့ အရပ်၌ ကိုယ့်သား ကိုယ့်သမီး တစ်အိုးတစ်အိမ် ထူထောင်ကြပြီဆိုလျှင် လှည်း တစ်စီး၊ နွား တစ်ရှဉ်း၊ နားကပ် တစ်ရန်၊ ဆွဲကြိုး တစ်ကုံး၊ မြေ ဘယ်နှဧက စသည်ဖြင့် မိဘများက လက်ဖွဲ့ကြသည့်အလေ့ ရှိသည်။ မိမိတို့ငယ်စဉ်က အိမ်ခြေကလည်း ဒီလောက် မများသေး၊ လူဦးရေကလည်း ဒီလောက် မများသေး။ ဒီတော့ လုပ်ကိုင် စားသောက်ရသည်က အတန်အသင့် ကျယ်ကျယ် ဝန်းဝန်း ရှိသည်။ တစ်စတစ်စဖြင့် လူဦးရေက တိုးလာသည်။ လူဦးရေက တိုးလာသော်လည်း မြေကြီးက တိုးမလာ။ သို့ဖြင့် လုပ်ကွင်း လုပ်ကွက်တွေက ကျဉ်းကျဉ်း လာသည်။ နောက်ပြီး ဆည်ရေကန်ရေ သောက်ခွင့် မရသော မိမိတို့အရပ်၌ မိုးကိုသာ မျက်စိမှိတ်ပြီး အားကိုးအား ထားပြုကြရသည်။ မိုးကောင်းလျှင် ကောင်းသလောက် ကောက်ပဲ သီးနံှ ဆူဖြိုးသည်။ ပျော်တပြုံးပြုံး ရှိကြသည်။ ရွှေတွဲလဲ ငွေတွဲလဲဖြင့် အတင့်အတယ် ရှိကြသည်။ နောက်ပြီး စည်သံဗြောသံလည်း ညံတော့သည်။ မိုးမကောင်းသည့်နှစ် ဆိုလျှင်တော့ ရွာထိပ်က တောင်ရိုးတက်ပြီး ထင်းခုတ်သူက ခုတ်သည်။ တောခေါင်းက ဖမ်းမိသွားလျှင် ဒဏ်ငွေ ဆောင်လိုက်သည်။ နောက်တစ်နေ့ တောခေါင်းကို ရှောင်ပြီး ထင်းထွက်ခုတ်ကြပြန်သည်။ ကိုယ့်ရွာရှေ့က တောင်ကတုံး ဖြစ်ပြီဆိုတော့ မြောက်စူးစူးက ရွှေမြင်တင်တောင်ဘက် ကူးပြီး ခုတ်ကြသည်။ သစ်ပင်သစ်တော မရှိလျှင် မိုးတိမ်ကလည်း မပျော်၊ မိုးတိမ်မှ မရှိလျှင် မိုးကလည်း မရွာနိုင်သည့် အဖြစ်ကို သိသူလည်း ရှိသည်။ မသိသူလည်း ရှိသည်။ တောသူတောင်သား အချို့၏ ဘဝ၌ သစ်ရေး ဝါးရေးထက် ဝမ်းရေးခါးရေးက ပိုအရေးကြီးသည့် အဖြစ်မျိုးကလည်း ရှိခဲ့သည်။ မိမိတို့ ငယ်စဉ်က ရွာထိပ်က တောင်ပေါ်မှာ ဆူးပုပ် ခူးကြသည်။ မျှစ်ချိုးကြသည်။ သနပ်ခါး ခုတ်ကြသည်။ ပြီးလျှင် မြို့တက်ပြီး ရောင်းကြသည့် ဈေးကွက်တစ်ခု ဖြစ်ထွန်းခဲ့ဖူးသည်။ ခုတော့ တောင်ရိုးမှာ ချိုးစရာမျှစ်လည်း မရှိတော့။ ခုတ်စရာ သနပ်ခါးပင်လည်း မရှိတော့။ သနပ်ခါးက၊ အပင်တွေ ကုန်သွားတော့ အမြစ်ငုတ်တွေကိုတူးပြီး ရောင်းကြသည်မို့ မျိုးဆက်လည်း ပြတ်ရတော့သည်။
(၃) ထင်းခုတ်သည့်ကိစ္စ ရပ်နားသွားချိန်၌ နယ်အဝေး လုပ်ကွက်တစ်ခု ပေါ်လာသည်။ ထိုလုပ်ကွက်က ရွှေတောသွားပြီး ရွှေကျင် ကြခြင်းဖြစ်သည်။ အဆင်ပြေသည့် လူလည်းရှိသည်။ ငှက်သင့်သည့် လူလည်းရှိသည်။ ရွှေ တောကိစ္စ သွေးအေးသွားချိန်၌ ပရိဘောဂနှင့် ရက်ကန်း လုပ်ငန်း ရောက်လာသည်။ လူငယ်အများစုက ပရိဘောဂ လုပ်ကြသည်။ စားပွဲ၊ ကုလားထိုင်၊ ဗီရိုမျိုးစုံ လုပ်ကြသည်။ မန္တလေး ၃၅ လမ်း တစ်ကြောရှိ ပရိဘောဂဆိုင်ကြီးများသို့ ပို့သည်။ မိန်းကလေး အများစုကလည်း ပိုးထည်ရက်ကန်း ရက်ကြသည်။ အမရပူရနှင့် ချိတ်ဆက်ထားကြသည်။
ပရိဘောဂနှင့် ရက်ကန်းက အထိုက်အလျောက် ငွေဝင်သည်ဆိုတော့ အိမ်ထောင်စု အများ၏ စီးပွားရေးက အတန်အသင့် ချောင်ချောင်လည်လည် ရှိလာသည်။ ထို၏ အကျိုးဆက်က လူငယ်အများစု တောင်သူ လုပ်ငန်းနှင့် စိမ်းသွားကြခြင်း ဖြစ်သည်။ မြေကြီးကို သူတို့ စိတ်မဝင်စားကြတော့။ ယခု လက်ရှိ တောင်သူ လုပ်နေကြသူ အများစုက သက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အိုတို့ ဖြစ်သည်။ ယခင်က ယာခင်းတွေကို ပေါင်းသင်ချိန်၌ သူ့အခင်းကိုယ့်အခင်း အလှည့်လိုက်ပြီး သိုင်းကြဝိုင်းကြသည့်အလေ့ ရှိသည်။ ဒါကို ‘လက်စားလိုက်သည်’ ဟုခေါ်သည်။ ခုကာလ မရွှေချောတို့က အရိပ်ထဲက မထွက်ချင်ကြတော့။ ပေါင်းသင်၊ နွားစာရိတ်၊ မြေပဲဆွတ်လည်း မလုပ်ချင်ကြတော့။ ထိုအခါ ရွာနီးချင်းတွေကို လှမ်းပြီး လူငှားရသည်။
ခုနောက်ပိုင်း ပြဿနာက အခြားရွာကို လူငှားသည့် ကိစ္စကလည်း ယခင်ကလို အဆင်မပြေချင်။ ‘‘အရင်တုန်းကတော့ မြေပဲ ဆွတ်ခအဖြစ် အတောင့် တစ်တင်း ဆွတ်နိုင်ရင် နှစ်ပြည်ပေးတယ် ဘုရား၊ အခု အခင်းရှင်တွေက မြေပဲကို မပေးကြတော့ဘူး။ နေ့ထွက်ပဲ ပေးကြတော့တာ။ နေ့တွက်ခက ၂၅၀၀၊ ၃၀၀၀ ဆိုတော့ သူတို့ကလည်း မလိုက်ကြတော့ဘူး။ လူ ငှားရတာ အဆင်မပြေတာနဲ့ကို တောင်သူလုပ်ငန်းက သိပ်မဟုတ်တော့ဘူး’’ ဟု ညည်းသူက ညည်းသည်။
ဒီနှစ်မိုးက ဘယ်လို အခြေအနေရှိလဲကွ မေးမိတော့ ‘‘လောလောဆယ်တော့ နှမ်းသမားတွေက အဆင်ပြေနေ သေးတာပဲ ဘုရား၊ မိုးက အရွာ နောက်ကျတော့ မြေပဲကို အားကိုးလို့ သိပ်မရလောက်ဘူး’’ ဆိုသည်။ မိမိတို့အရပ်၌ ပင်တောင်နှင့် ပင်ပြား မြေပဲ ၂ မျိုးကိုသာ စိုက်ပျိုးကြသည်။ ပင်တောင်ကို ယခု ဖော်နေကြပြီ ဖြစ်သည်။ ပင်ပြားကိုတော့ သီတင်းကျွတ်၊ တန်ဆောင်မုန်းလောက် ရောက်မှဖော်ကြသည်။ ‘‘ပဲစင်းငုံက ဈေးကောင်းရသလားကွ’’ မေးတော့ ‘‘ဆိုးတော့ မဆိုးပါဘူး ဘုရား၊ ဒါပေမယ့် ပေါ်ခါနီးကျရင် ဈေးက ကျသွားရော’’တဲ့။ ဆက်မမေးရဲတော့။
(၄)ရွာအနောက်ဘက်မှာ ခရိုင်ချင်းဆက် လမ်းမကြီး ဖောက်ပြီးချိန်မှစ၍ ကားလမ်းဘေးမှ ယာခင်းများကို မျက်စိကျသူ မျက်နှာစိမ်း မြို့ကြီးသားတို့က ငွေထုပ်ပိုက်ပြီး ရောက်လာကြတော့သည်။ တောသူတောင်သားတို့ အနေဖြင့် တစ်ခါမှ မမြင်ဖူး၊ မကြားဖူးသော ကိန်ဂဏန်းများကို မြင်ရကြားရတော့ သွားရည်ယိုသူက ယိုသည်။ ‘‘ဒီလယ်ကွက်ကို ငါ့တစ်သက် ထိုင်လုပ်တောင်မှ ဒီပိုက်ဆံမျိုး မရနိုင်’’ဟူသော အတွေးဖြင့် ခပ်လွယ်လွယ် ရောင်းသူတို့က ရောင်းသည်။ မြေကြီးဟူသည်က မိမိ တစ်သက်တည်းနှင့်သာ ဆိုင်သောအရာမဟုတ်၊ ‘‘သားစဉ်မြေးဆက်အတွက် ချန်ထားခဲ့ရမည့် အမွေ’’ ဆိုသည့်ကိစ္စကိုတော့ သူတို့ မေ့ထားလိုက်ကြသည်။
မိမိတို့ တောင်ဘက်က ရွာဆိုလျှင် စစ်ကိုင်း ရွှေမင်းဝံ နယ်မြေနှင့်လည်း မနီးမဝေး ဖြစ်လေရကား ဝယ်သူ ရောင်းသူများနှင့် စည်ကားလွန်းမက စည်ကားပြီး ကျေးရွာပိုင်မြေ တစ်ဝက်က သူများ လက်ထဲ ရောက်နေပြီဟု သိရသည်။ အချို့အကွက်များဆို တစ်နှစ်အတွင်း မိမိရောင်းလိုက်သည့် ကိန်းဂဏန်းထက် ၁၀ ဆ မက ဈေးတက်သွားသည်ဟုလည်း ကြားသိရသည်။
‘‘ခင်ဗျားတို့ စဉ်းစားကြည့်၊ ဒီခေတ်မှာ လှည်းနွားပဲဖြစ်ဖြစ်၊ ဆိုင်ကယ် မော်တော်ကားပဲဖြစ်ဖြစ်၊ တိုးပွားလာဖို့က ပြောလောက်အောင် ခဲယဉ်းတာ မဟုတ်ဘူးနော်၊ မြေကြီးက တိုးလာသလား၊ မတိုးဘူး၊ ခင်းဗျားတို့ အဖေလက်ထက်၊ အဘိုးလက်ထက်၊ ဟိုးရှေးရှေးကတည်းက မြေကြီးက ဒီလောက် ဒီလောက်ပဲ။ အဲဒါလေးကိုတော့ စဉ်းစားထားကြစေချင် တယ်’’စသည်ဖြင့် တတ်သမျှ မှတ်သမျှ ပြောပြရသည်။ နားဝင်သူလည်း ရှိသည်။ နားမဝင်သူလည်း ရှိသည်။
ခေတ်ပေါ် အသုံးအဆောင် ပစ္စည်းမျိုးစုံက နေ့စဉ်နှင့်အမျှ တိုးပွားနေသည်။ တောမှာလည်း ရုပ်မြင်သံကြားနှင့် ဆိုင်ကယ်နှင့် ကားနှင့် ဖြစ်နေကြပြီ။ အခု ရွာမှာ လျှပ်စစ်မီးကလည်း ရပြီဆိုတော့ ရေခဲသေတ္တာ ဝယ်သူက ဝယ်ကြသည်။ ‘‘တောနဲ့ ရေခဲသေတ္တာနဲ့ ဘာဆိုင်လို့လဲ’’ဆိုသောအဆိုက ရှေးစကား ဖြစ်သွားခဲ့ပြီ။ လူလုပ်နိုင်သော ပစ္စည်းတို့ နေ့စဉ်နှင့်အမျှ တိုးတက် နေပါသော်လည်း မြေကြီးက တိုးမလာ။ မြေကြီးကို လူက လုပ်၍ မရ။ မြေကြီးက ယခင်အတိုင်း ယခင်အတိုင်းပဲဖြစ်သည်။ မြေကြီး၏ တန်ဖိုးကို သူတို့လောက် သိကြသူများလည်း မရှိ။ ထိုအထဲမှပင် လက်လွတ်စပယ် ရောင်းချနေသည့် ကိစ္စကိုတော့ မိမိတို့လည်း ဉာဏ်မမီ။ ‘‘တပည့်တော်က၊ မသေခင် မြေးတွေကို ကိုရင် ဝတ်ကလေးတွေနဲ့ မြင်သွားချင်တယ်ဘုရား၊ အဲဒီလို မြင်ဖို့ရာကလည်း ဒီအကွက်လေး ရောင်းမှ ဖြစ်တော့မှာကိုး’’ဟု ဦးလေးတစ်ယောက်က ဆိုဖူးသည်။ နားချဖို့ ခက်လှပါဘိတောင်း။
(၅)မိမိတို့အရပ်၌ အချို့က မြေကြီးကို ရောင်းပြီး ရှင်ပြု အလှူပေးကြသည်။ မော်တော်ကား ဆိုင်ကယ် ဝယ်ကြသည်။ အိမ်အိုလေးကို ပြင်ဆောက်ကြသည်။ ရွှေထည် ငွေထည် လုပ်ထားကြသည်။ ထိုအရာ အားလုံး နှစ်ကာလ အပိုင်းအခြား အားလျော်စွာ ပျက်စီး ကြရပါလိမ့်မည်။ လုံးဝဥဿုံ မပျက်စီးနိုင်သည်က မြေကြီးပဲ ဖြစ်သည်။ ဒါတောင် အနိစ္စ သဘောအရ မြေကြီးလည်း ပျက်စီးရမည်ကတော့ ဧကန်။ သို့သော် ထိုနေ့က ကမ္ဘာပျက်မည့်နေ့ ဆိုတော့ အဝေးကြီး လိုပါသေးသည်။
နှစ်ကာလတို့ ကြာမြင့်ခဲ့ချိန်၊ မျိုးဆက်သစ်တို့ တိုးပွားလာချိန်၌ မိမိတို့ ရောင်းချခဲ့သော မြေကြီးကို မိမိတို့ ရောင်းချထားသူများထံမှ ပြန်ဝယ်ရသော တစ်နေ့ကို ရောက်လာလေဦးမည်လား။ ‘ထိုနေ့မျိုးကို မတွေ့ရ မကြုံရနိုင်ပါ’ဟု အဘယ်မည်သူ နတ်နှင့်လူကမျှ အာမခံချက် မပေးနိုင်။ ‘‘တို့ပိုင်တဲ့မြေ’’ ဆိုသော စကားလုံးသည် ခေါင်းမော့၊ ရင်ကော့ပြီး ဆိုကောင်းရုံမျှ သီဖွဲ့ထားသည့် အပေါ်ယံ စကားလုံးမဟုတ်ပါ။ ရင်ထဲ အသည်းထဲ စွဲနေရမည့် သီချင်းစာသား တစ်ပိုဒ်ဖြစ်ပါသည်။ မြေကြီး၏ တန်ဖိုးကို သိနားလည်ခြင်းသည် အခြေခံကျသော လက္ခဏာတစ်ရပ် ဖြစ်၏ဟုလည်း မိမိက ယုံကြည်ထားပါသည်။
Ref : Eleven Media Group
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties