By Myanmar Times, Shweproperty.com
Updated at 29 November 2017
အိမ်ခြံမြေ လောကအတွင်း အိမ်ခြံမြေ၊ တိုက်ခန်းနှင့် ကွန်ဒိုများ အရောင်းအဝယ် ပြုလုပ်ရာ၌ အရပ်စာချုပ်များဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြပြီး နိုင်ငံတော်သို့ ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်များ ပေးသွင်းကာ ဝယ်သူအမည်ပေါက်ဖြစ်စေရန် ဆက်လက်ဆောင်ရွက်သူ နည်းပါးသည့်အတွက် အမှုအခင်းများ ဖြစ်ပွားလာပါက ဝယ်ယူသူများ နစ်နာဆုံးရှုံးနိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးက အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
"ဂရန်မြေ ဝယ်ထားပြီးလို့ရှိရင်တောင် စာချုပ်ချုပ်ရမယ်၊ နာမည်ပြောင်းရမယ်။ ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ ပြန်ထုတ်ပြီး မြေပုံမှာပါ ကိုယ့်အမည်ပေါက်ဖြစ်အောင် လုပ်ထားရမယ်။ ဒီအဆင့်တွေကို ဆက်လုပ်ဖို့ တော် တော်များများ ဝယ်သူတွေက မသိကြဘူး။ တရားရုံးတွေမှာ ရင်ဆိုင်ရရင်လည်း အရပ် စာချုပ်သက်သက်နဲ့က တရားရှုံးဖို့ များတဲ့ အတွက် ထိုက်သင့်တဲ့ အခွန်ဆောင်ပြီး တရားဝင်ဖြစ်အောင်လုပ်ဖို့ နှိုးဆော်နေတာပါ။ အမည်ပြောင်းလျှောက်တဲ့လူတွေလည်းနည်း ပါတယ်"ဟု ၎င်းကပြောသည်။ ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားများ သေချာစေရန်အတွက် စာရွက်စာတမ်းများ တွင် မိမိအမည်ပေါက် ဖြစ်စေရန် ဝယ်ယူသူက မိမိ၏ အိမ်ထောင်စု စာရင်းမိတ္တူ၊ မှတ်ပုံတင် မိတ္တူ၊ မိမိဝယ်ယူထားသည့် အဆောက်အအုံ ၏ ဓတ်ပုံများအပြင် ရောင်းသူနှင့် ဝယ်သူ အကြား ချုပ်ဆိုထားသည့် အရောင်းအဝယ် စာချုပ်မူရင်းများကိုယူဆောင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ကာလတန်ဖိုးဖြတ် အဖွဲ့ရုံးများ သို့ သွားရောက်ကာ မိမိဝယ်ယူခဲ့သည့် တိုက်ခန်း၊ ကွန်ဒို၊ အိမ်ခြံမြေ၏ တန်ဖိုးကို တန်ဖိုးဖြတ်သတ်မှတ်စေရမည် ဖြစ်သည်။
ယင်းအဖွဲ့က တန်ဖိုးဖြတ် သတ်မှတ်ပြီးပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးရုံးများတွင် သတ်မှတ်တန်ဖိုးအလိုက် တံဆိပ်ခေါင်းခွန်နှင့် ဝင်ငွေခွန်ကို သွားရောက်ပေးဆောင်ရမည်ဖြစ် သည်။ ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ပေး ဆောင်ထားပြီးဖြစ်သည့် အထောက်အထားများဖြင့် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးသို့ သွားရောက်ကာ မိမိဝယ်ယူထားသည့် အိမ်ရာ အဆောက် အအုံများကို အမည်ပြောင်း မှတ်ပုံတင်စာရင်းပေးသွင်းပြီး ရရှိလာသည့် စာရွက်စာတမ်း အထောက်အထားများဖြင့် ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများ တွင် ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ အသစ်များကို မိမိအမည်ပေါက် ဖြစ်စေရန် ပြန်လည်လျှောက်ထားရမည်လည်း ဖြစ်သည်။ ကာလတန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်လိုက်သည့် နှုန်းထားများ အတိုင်းအရောင်းအဝယ်တန်ဖိုး၏ ငါးရာခိုင်နှုန်းကို တံဆိပ်ခေါင်း ခွန်အဖြစ် ပေးဆောင်ရန် သတ်မှတ်ထားပြီး ယင်းသတ်မှတ်နှုန်းမှာ မြန်မာနိုင်ငံ အနှံ့ အပြားရှိ မြို့ကြီးများအားလုံးရှိ အိမ်ခြံမြေ ကွန်ဒို တိုက်ခန်းရောင်းဝယ်မှုများ အားလုံး အတွက် တံဆိပ်ခေါင်းခွန်ကို တစ်ပြေးညီ သတ်မှတ်ထားခြင်းဖြစ်သည်။
ဝင်ငွေခွန်ကိုလည်း ၂၀၁၅ ခုနှစ် အခွန်အကောက်ဥပဒေသစ်အရ ဝယ်ယူသည့် အဆောက် အအုံ၏ တန်ဖိုးပမာဏအလိုက် ၃ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဝင်ငွေခွန်ပေးဆောင်ရန် သတ်မှတ်ထားပြီး ဝင်ငွေရပေါက်ရလမ်း ပြသ နိုင်သည့်ငွေများ (ငွေဖြူ) ဖြစ်ပါက ဝင်ငွေခွန် ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။ "ဥပမာသိန်းသုံးထောင် သတ်မှတ်လို့ ဝင်ငွေခွန်ဆောင်ရမယ်ဆိုရင်လည်း သိန်း ၁,၀၀၀ အထိ အရောင်းအဝယ်ကို သုံးရာခိုင် နှုန်း သတ်မှတ်ထားလို့ သိန်း ၃၀ အခွန်ပေး သွင်းရမှာဖြစ်ပြီး ကျန်တဲ့ သိန်း ၂,၀၀၀ အတွက်ကတော့ ငါးရာခိုင်နှုန်း အခွန်နှုန်းထားနဲ့ တွက်တဲ့ အတွက် သိန်း ၁၀၀ ကို ဝင်ငွေခွန်ပေးရမယ်။ ရှင်းရှင်း လင်းလင်းပြောရရင်တော့ စုစုပေါင်း သိန်း ၃,၀၀၀ တန် အရောင်းအဝယ်တစ်ခုကို သိန်း ၁၃၀ ဝင်ငွေခွန်ပေးရမှာဖြစ်ပါတယ်၊ တံဆိပ်ခေါင်းခွန်ကတော့ တန်ဖိုးရဲ့ ငါးရာခိုင်နှုန်းကို ပုံသေသတ် မှတ်ထားပါတယ်။ အခုနောက်ပိုင်းဘာဖြစ်လာလဲဆိုတော့ ပိုင်ရှင်တွေ နှစ်ပေါင်း များစွာက အရပ်စာချုပ်နဲ့ ဝယ်ထားတဲ့ အိမ်တွေကို အမည်ပေါက်ပြောင်းဖို့ လုပ်လာကြတယ်။ မူရင်း ဂရန်အမည်ပေါက်ထားတဲ့ သူတွေရဲ့လက်မှတ်လည်းလိုတော့ အရင် ရောင်းခဲ့တဲ့ လူတွေက ဘယ်လောက်ရမှ လက်မှတ်ထိုးပေးမယ် ဘာတွေ ဖြစ်လာတယ်။ ဖြစ်နိုင်ရင်တော့ အရောင်း အဝယ် လုပ်ပြီးတာ နဲ့ တစ်ခါတည်း အခွန်ဆောင်၊ အမည်ပြောင်းထားရင် ပြဿနာကင်းပြီး ပိုင်ဆိုင်မှု သေချာပေမယ့် လုပ်တဲ့လူတွေက နည်းသေးတယ် "ဟု ၎င်းကပြောသည်။
မြင့်တက်လျက်ရှိသည့် ပြည်တွင်းအိမ်ခြံ မြေနှင့် ကွန်ဒိုတိုက်ခန်းများ၏ ဈေးနှုန်းပေါ်မူတည်ကာ နှစ်စဉ် အောက်တိုဘာလတွင် ကာလတန်ဖိုးဖြတ် သတ်မှတ်သည့်အဖွဲ့မှ တစ်ပေပတ်လည်နှုန်းထားများကို ပြန်လည်ပြင်ဆင်သတ်မှတ်လျက်ရှိပြီး ယင်းသတ်မှတ် နှုန်းထားများအပေါ်မူတည်ကာ ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်များကို ကောက်ခံနေခြင်း ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း မြောက်မြားစွာက အရပ်စာချုပ်ဖြင့် အိမ်ခြံမြေ တိုက်ခန်းများကို ဝယ်ယူထားခဲ့ပြီးဖြစ်သော်လည်း ယနေ့အချိန် တွင် ပိုင်ရှင်များမှ မိမိအမည်ပေါက်ဖြစ်အောင် အမည်ပြောင်း ဆောင်ရွက်လိုပါက ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်များကို လက်ရှိကောက်ခံနေ သည့် နှုန်းထားများအတိုင်းသာ တန်ဖိုးဖြတ် ပေးဆောင်ရမည်ဖြစ်သည်။
အိမ်ခြံမြေ တိုက်ခန်း ကွန်ဒိုများကို အရောင်းအဝယ်ပြုလုပ်ရာတွင် အရောင်း အဝယ် စာချုပ်များဖြင့် ချုပ်ဆိုရောင်းဝယ် နေကြသော်လည်း ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားများ အမည်လွှဲပြောင်း သည့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင် သူ နည်းပါးသည့်အတွက် နိုင်ငံတော် အခွန်ဘဏ္ဍာရရှိမှု နည်းပါးနေသလို ဝယ်ယူသူ များအနေဖြင့်လည်း ပိုင်ဆိုင်မှုဆိုင်ရာ အမှု အခင်းများ ဖြစ်ပွားလာပါက တရားရုံး များတွင် တရားရင်ဆိုင်တွင် နိုင်ငံတော် သို့ တရားဝင် မှတ်ပုံတင်အမည် လွှဲပြောင်းထားခြင်း မရှိသဖြင့် ရှုံးနိမ့်မှုများ အများအပြား ရှိလာနိုင်သည့် အတွက် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က ဒီဇင်ဘာ ၂၁ ရက်တွင် မြေ၊ အိမ်၊ ကွန်ဒို၊ တိုက်ခန်း ဝယ်ယူ၊ ရောင်းချ၊ တည်ဆောက်ရောင်းချသူများသို့ နှိုးဆော်ခဲ့သည်။
သို့သော်လည်း ကွန်ဒိုမီနီယံဥပဒေ အတည်ပြုနိုင်ခြင်း မရှိသေးသည့်အပြင် တိုက်ခန်းများ၏ ပိုင်ဆိုင်မှုကို အသိအမှတ် ပြုနိုင်သည့် တိုက်ခန်းအိမ်ရာ ဥပဒေမှာလည်း အလှမ်းဝေးလျက်ရှိ သဖြင့် တိုက်ခန်း ပိုင်ရှင်အများစုမှာ မြေရှင်အသိအမှတ် ပြုလက်မှတ်ရေးထိုးပြီး အရောင်းအဝယ် ပြုလုပ်နေကြဆဲဖြစ်သလို အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း ဂရန်အမည်ပြောင်း သူ နည်းပါးလျက်ရှိ ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင် မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။ "ကွန်ဒိုဥပဒေက မထွတ်သေးလို့ ဘယ်တိုက်ခန်းအရောင်းအဝယ် မှလည်း ဘဏ်မှာပေါင်လို့မရသေးတဲ့ အချိန်မှာ ဘယ်သူက အစိုးရဆီမှာ အခွန်ဆောင်ပြီး နာမည်ပြောင်းလျှောက်ကြမလဲ။ ကုမ္ပဏီ က ဆောက်တဲ့ တိုက်ခန်းတွေ၊ မြေရှင်ရှိတဲ့ တိုက်ခန်းတွေဆို သက်ဆိုင်ရာ ကုမ္ပဏီ ဒါမှမဟုတ် မြေရှင်ကို ပေးကမ်းပြီး အသိ အမှတ်ပြု လက်မှတ်ထိုးပြီး နာမည်ပြောင်း တာလောက်ပဲ ရှိတယ်။ အသိအမှတ်ပြု တာကလည်း မြေရှင်နဲ့ ကုမ္ပဏီလောက် ကပဲ အသိအမှတ်ပြုကြတယ်။ မြေကျတော့ တစ်မျိုးဗျ၊ ပိုင်ဆိုင်မှုကခိုင်မာလို့ ဖြစ်နိုင်ရင် အရောင်းအဝယ် လုပ်ပြီးတာနဲ့ တစ်ခါတည်း အစိုးရဆီမှာ ငွေသွင်းပြီး မိမိဂရန်မှာ တစ်ခါတည်းနာမည်ပြောင်းလိုက်လို့ ရတယ်။ ဒါမှ ပိုင်ဆိုင်မှု သေချာတယ်၊ လုပ်တဲ့လူနည်းတယ်ဆိုပေမယ့် မလုပ်ကြတဲ့ လူတွေလည်း အများကြီးရှိသေးတယ် " ဟု ၎င်းကပြောသည်။
Ref : Myanmar Times
Photo Credit : nationsonline
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties