By ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 15 June 2018
''အိမ်ငှားထားရင် အခွန်ပေးဆောင်ရတယ်ဆိုတာ ဟုတ်ပါသလား''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ ရောက်လာပြီး ဆွေးနွေးပါသည်။ ''သူငယ်ချင်းက အထူးအဆန်း မေးနေပြီး ဒါက ပြဋ္ဌာန်းခဲ့တာကြာပြီပဲ။ အိမ်ရှင်တွေက အခွန်တိမ်းရှောင်နေကြလို့ပါ'' ''သတင်းတော့ကြားပါတယ်။ ဒါပေမယ့် ဘယ်လောက်ရာခိုင်နှုန်းဆိုတာ အတိအကျသိထားချင်လို့ ကုန် သွယ်လုပ်ငန်းခွန်နဲ့ဆိုင်မဆိုင်လည်း သိချင်လို့'' ''ကုန်သွယ်လုပ်ငန်းခွန်ဆိုတာ က ပစ္စည်းရောင်းချတဲ့ကိစ္စနဲ့ သက်ဆိုင်တယ်။ ရွှေထည်လက်ဝတ်ရတနာ ရောင်းချခြင်းမှ ရောင်းရငွေ အပေါ်မှာ တစ်ရာခိုင်နှုန်းဝယ်သူက ကျခံရမှာဖြစ်တယ်'' ''စားသောက်ဆိုင်တွေမှာ တံဆိပ်ခေါင်းကပ်ပြီးထမ်းဆောင်ရတာက ကုန်သွယ်လုပ်ငန်းခွန်ပေါ့'' ''ဟုတ်ပါတယ်။ အိမ် မြေ ငှား ရမ်းခြင်းအပေါ်မှာ အခွန်ကောက်ခံတာကတော့ ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေပါ။ ဝင်ငွေခွန်ခေါင်းစဉ်အောက်မှာ ပြဋ္ဌာန်း ထားတာဖြစ်ပါတယ်'' ''ဝင်ငွေခွန်ဆိုတော့ နှစ်တစ်နှစ် အတွင်းမှာ ဝင်ငွေကျပ် ၄၈ သိန်း အထက်ရမှ အခွန်စည်းကြပ်တာ မဟုတ်လား'' ''အဲဒါက လစာဝင်ငွေ၊ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းစီးပွားရေးလုပ်ငန်းနဲ့ အခြား ရလမ်းမှရတဲ့ ဝင်ငွေတွေနဲ့သာ သက်ဆိုင်တယ်။ အိမ် မြေ ငှားရမ်းလို့ရတဲ့ ဝင်ငွေနဲ့မသက်ဆိုင်ဘူး'' ''ဒါဆိုရင် အိမ်မြေငှားရမ်းခ အပေါ် သီးခြားပြဋ္ဌာန်းထားတဲ့ သဘောပေါ့'' ''မှန်ပါတယ်။ အခုခေတ်ကာလမှာ အိမ်မြေ၊ တိုက်ခန်းငှားရမ်းခြင်းကို ကာလအပိုင်းအခြားသတ်မှတ်ပြီး ငှား ရမ်းလာကြတယ်။ နှစ်ချုပ်ငှားရမ်းနေ ထိုင်ကြတယ်။ အိမ်ငှားရမ်းခတွေကလည်း သိန်းဂဏန်းတွေရှိနေတယ်'' ''ဒါဆိုရင် လက်ဖက်ရည်ဆိုင် ငှားဖွင့်တာ၊ မြေငှားပြီးဆိုင်ဖွင့်တာတွေလည်း အကျုံးဝင်မှာပေါ့'' ''မှန်ပါတယ်။ ဥပဒေမှာက မည်သူမဆို မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းလို့ ဖော်ပြထားပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ရန် မြေငှားခြင်းကလည်း အကျုံးဝင်ပါတယ်။ တချို့ဆိုရင် တစ်လကို ကျပ်သိန်းသုံးဆယ်၊ လေးဆယ်ထိ ငှားရမ်းကြတာရှိတယ်'' ''နိုင်ငံခြားသားတွေကို အငှားထားတာလည်းရှိတာပဲလေ။ တချို့ မြေကွက်ခြံကျယ်ကြီးတွေမှာ ငှားရမ်း နေထိုင်ကြတယ်ဆိုတော့လည်း အ ခွန်ပေးသင့်တာပေါ့'' ''ယခုအခါမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတွေ အသစ်တစ်ဖန် ပြဋ္ဌာန်းလာတဲ့အတွက် နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာမှာဖြစ်တယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတိုးတက်လာတာနဲ့အမျှ ကုမ္ပဏီရုံးခန်းတွေ နေထိုင်ရမယ့် အိမ်ခန်း၊ အဆောက်အအုံတွေလိုလာမှာ ဖြစ်တယ်။ ဒါတွေဟာ အိမ် မြေတိုက် ခန်း ငှားရမ်းမှုတွေမြင့်တက်လာမယ့် အခြေအနေဖြစ်ပါတယ်'' ''ဆရာပြောတဲ့အတိုင်းဆိုရင်တော့ အိမ်မြေတိုက်ခန်းငှားရမ်းခြင်းအပေါ်မှာ အခွန်ကောက်သင့်တယ်ပေါ့နော်'' ''ဒါကလည်း ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ကိစ္စရပ်တွေမှာ သုံးစွဲနေတာကို လက် တွေ့မြင်နေကြရတာပဲလေ'' ''ဟုတ်ပါတယ် ဆရာ'' ''ဒါနဲ့ ဥပဒေကြောင်းပြောတာ ရှည်သွားပြီထင်တယ်။ ဦးမြင့်အောင် လာရင်းကိစ္စကို ပြောပါဦး။ အိမ်ငှားတင်ဖို့ ကိစ္စရှိနေလို့လား'' ''ဒီလိုဗျာ။ ကျွန်တော် ဝယ်ထားတဲ့ ကွန်ဒိုတိုက်ခန်းတစ်ခုရှိတယ်။ အများဆိုင် ကွန်ဒိုတော့ မဟုတ်ဘူးပေါ့။ မင်နီကွန်ဒိုလို့ခေါ်မလား။ အဲဒီတိုက်ခန်းကို နိုင်ငံခြားကုမ္ပဏီတစ်ခုက ငှားချင်တယ်ဆိုလို့။ ပွဲစားပြောတော့ ငှားရမ်းခအပေါ်မှာ အခွန် ဆောင်ရမယ်ပြောတယ်။ အဲဒါ သေချာသိချင်တာနဲ့ ဆရာ့ဆီလာခဲ့ တာ'' ''၂ဝ၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ မည်သူမဆို မြေငှားရမ်းခြင်း၊ အဆောက်အအုံ ငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းမှရရှိသော စုစုပေါင်း ငှားရမ်းခရငွေပေါ်မှာ ဥပဒေပါ သက်သာခွင့်များကို နုတ်ပြီး ကျန်ငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်း ဝင်ငွေခွန်အဖြစ် သီးခြား စည်းကြပ်ရမယ်လို့ ပြဋ္ဌာန်းထားပါ တယ်'' ''ဥပဒေပါ သက်သာခွင့်ဆိုတာ က ဘယ်ဟာကို ဆိုလိုတာလဲ'' ''ဝင်ငွေခွန်ဥပဒေပုဒ်မ (၆) မှာ ပြဋ္ဌာန်းထားတဲ့ စုစုပေါင်းဝင်ငွေထဲက နုတ်ယူခွင့်ပြုထားတဲ့ သက်သာခွင့်ဖြစ်ပါတယ်။ ဥပဒေအရ တစ်ဦး ချင်းပုဂ္ဂိုလ်ရဲ့ စုစုပေါင်း ဝင်ငွေမှ နုတ်ခွင့်ရတဲ့ အချက်တွေကတော့ (က) အတူနေ မိဘတစ်ဦးလျှင် ကျပ် ၁ဝ သိန်းစီ (ခ) အိမ်ထောင်ဖက် တစ်ဦး အတွက်သာလျှင် ကျပ် ၁ဝ သိန်း (ဂ)သားသမီးတစ်ဦးလျှင် ကျပ် ငါး သိန်း သတ်မှတ်ထားပါတယ်'' ''ဆရာပြောတဲ့ အတိုင်းဆိုရင် အဲဒီပုဒ်မ (၆)အရ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း တွက်ချက်ပြီး စုစုပေါင်း ဝင်ငွေထဲက နုတ်ယူခွင့်ရှိတဲ့ သဘောမဟုတ်လား'' ''မှန်ပါတယ်။ အဲဒီသက်သာခွင့်နှုန်းထားအတိုင်းကျသင့်တဲ့ငွေကို စုစုပေါင်းဝင်ငွေထဲက နုတ်ပြီးကျန်တဲ့ ဝင်ငွေပေါ်မှာ ၁ဝ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံသွားမှာ ဖြစ်ပါ တယ်'' ''အိမ်မြေတိုက်ခန်း ငှားရမ်းခမှာလည်း အခြားဝင်ငွေတွေလို တစ်နှစ် ၄၈ သိန်း ကျပ်အထက်ရရှိမှ ဝင်ငွေခွန် စည်းကြပ်မှာလား'' ''အဲဒီလိုတော့ သတ်မှတ်မထားဘူး။ ၂ဝ၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ ဝင်ငွေအခွန် ဥပဒေတွင် မည်သို့ပြဋ္ဌာန်းစေ ကာမူဆိုတဲ့ စကားပါရှိနေတာကို တွေ့ရတယ်။ ဒါကြောင့် မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းကိစ္စတွေမှာ ဝင်ငွေခွန် ဥပဒေပါ နှစ်တစ်နှစ်အတွင်း ဝင်ငွေ ၄၈ သိန်းကျပ် အထက်ဆိုတဲ့ စကားနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး'' ''တချို့ကလည်း အိမ်မြေငှား ရမ်းခြင်းကို စီးပွားရေးတစ်ရပ်အဖြစ် ဆောင်ရွက်နေတာလည်း ရှိနေကြတယ်'' ''မှန်ပါတယ်။ ဒါကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ အိမ်ငှားရမ်းခြင်း ဝန်ဆောင်မှု မှတ်ပုံတင်ဖို့ဆောင်ရွက်နေ တယ်လို့ သိရတယ်'' ''ကျောင်းသားအဆောင်ငှား ထားတာတွေလည်းပါတာပေါ့နော်'' ''ဥပဒေအရတော့ အခန်းငှားရမ်းခြင်းလို့ပါရှိတဲ့အတွက် အဆောင်ငှားခြင်းလည်း အကျုံးဝင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ ရန်ကုန်မြို့မှာ ခြံလုံးချင်းငှားတာတွေ၊ မြေငှားပြီးအဆောက်အအုံ ဆောက်လုပ်စီးပွားဖြစ်ဆိုင်ဖွင့်တာတွေ၊ နိုင်ငံခြားသားများ ငှားရမ်းထား တာတွေကိုကြပ်ကြပ်မတ်မတ် စည်းကြပ်လျက်ရှိပါတယ်'' ''ပြည်သူတွေကလည်း မိမိအသိစိတ်ဓာတ်နဲ့ အခွန်ဆောင်ဖို့တော့ လိုတာပေါ့လေ။ ကျွန်တော်လည်း ဆရာပြောသလို သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှ တင်ပြပြီး အခွန် ဆောင်ပါမယ်'' ''ဝမ်းသာလိုက်တာဗျာ''ဟု နှုတ် ဆက်လိုက်ပါသည်။ Ref : Zaygwet Photo Credit : .Tetoncountytitle Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties