By Phoe Phyu & Associates Law Firm, Shweproperty.com
Updated at 18 March 2020
(ကြိုပွိုင့်အခန်းရောင်းသူနှင့် ဝယ်သူအကြား ချုပ်ဆိုတဲ့စာချုပ်မှာပါရမယ့် အရေးကြီးအချက် ၅ ချက်)
အမှန်တကယ်က ဘယ်ကုန်ပစ္စည်းကိုပဲ ရောင်းရောင်း အရောင်းစာချုပ် (Sale Contract of Goods Agreement or Purchase Agreement) ချုပ်ဆိုရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ကုန်စည်ရောင်းချမှု အက်ဥပဒေက လွှမ်းမိုးမှုရှိနေတာဆိုတော့ ဒီဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းကြ ရမှဖြစ်ပါတယ်။ ယေဘူယျ အားဖြင့် ကုန်စည်တစ်ခုကို ရောင်းချတဲ့ ပုံစံအတိုင်း ချုပ်ဆိုရမည်ဖြစ်သော်လည်း ကြိုပွိုင့်အခန်းရောင်းသူနှင့် ဝယ်သူအကြား ချုပ်ဆိုတဲ့စာချုပ်မှာ အထူးအရေးကြီးတဲ့ အချက် (၅) ချက်ကို မဖြစ်မနေ ထည့်သွင်း ချုပ်ဆိုရမည်ဖြစ်သည်။ အဲ့ဒါတွေကတော့ -
(၁) အရောင်းအဝယ်လုပ်မယ့်အခန်းနဲ့ သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်များ (Description of the Goods)
အရောင်းအဝယ် စာချုပ်မှာ အရောင်းအဝယ်လုပ်မယ့်အခန်းရဲ့ အသေးစိတ်အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြဖို့ အလွန်အရေးကြီးပါတယ်။ အမှားအယွင်းတစ်စုံတစ်ရာ ရှိခဲ့လျှင် ရောင်းသူနဲ့ ဝယ်သူ အကြား နောင်တစ်ချိန်မှာ အငြင်းပွားစရာတွေ ပေါ်ပေါက်နိုင်တာကြောင့် ကုန်စည်ရောင်းချမှု အက်ဥပဒေ အရ အကာအကွယ်ယူနိုင်ဖို့ အောက်ပါအချက်တွေ မဖြစ်မနေ ပါဝင်သင့်ပါတယ်။
. ရောင်းချမယ့် အိမ်ခန်းရဲ့ အသေးစိတ်ပုံစံနဲ့ အကျယ်အဝန်း၊ ဥပမာ - အိပ်ခန်း၊ ဧည့်ခန်း ဘယ်လောက်ပါ မယ်၊
. အလှဆင်တာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ ဥပမာ - ပါကေးခင်းမယ် မခင်းဘူး။ ကြွေပြားကပ်မယ် မကပ်ဘူး စသဖြင့်
. တိုက်ပေါ်အတက်အဆင်းနဲ့ ဆိုင်တဲ့ကိစ္စရပ်တွေ ဥပမာ - ဘယ်လိုလှေကားမျိုးတပ်မယ်၊ ရိုးရိုးလှေကားလား ဓာတ်လှေကားလား၊
. အခန်းလက်ရောက် အပ်နှံချိန်မှာ ပြဿနာတစ်စုံတစ်ရာမပေါ်စေဖို့ ရောင်းသူနဲ့ ဝယ်သူတို့ဟာ အထက်ပါ အချက်တွေကို ညှိနှိုင်းပြီးမှသာ အရောင်းအဝယ် စာချုပ်ကို လက်မှတ်ရေးထိုး သင့်ပါတယ်။
(၂) အခန်းကို လက်ရောက်ရယူပေးအပ်မယ့်အချိန်မှာ လုပ်ရမယ့်လုပ်ငန်းစဉ် (Delivery Instructions)
ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အခန်းကို လက်ရောက် ရယူပေးအပ်မယ်ဆိုတာကို တိတိကျကျ ဖော်ပြသင့်ပါတယ်။ မူလသဘောတူထားတာနဲ့ လွဲချော်မှုရှိနေခဲ့လျှင် ဘယ်လိုတာဝန်ယူ ဖြေရှင်းပေးမယ် ဆိုတာကိုလည်း အတိအကျ ဖော်ပြသင့်ပါတယ်။
(၃) အခန်းကို ပြန်လည်စစ်ဆေး ပြင်ဆင်ပေးမယ့်အချိန်ကာလ သတ်မှတ်တာ(Inspection Period)
ကုန်စည်အရောင်း အက်ဥပဒေအရ ကုန်စည်တစ်ခုကို လက်ရောက် ရယူ အပ်နှံချိန်မှာ လွဲချော်ပျက်ဆီးတာ တစ်စုံတစ်ရာရှိခဲ့လျှင် ဘယ်သူက တာဝန်ယူမယ်ဆိုတာကို ဖော်ပြရပါတယ်။ ဒါကြောင့် အခန်းကို လက်ရောက်အပ်နှံတဲ့အခါ အငြင်းပွားမှုတွေမပေါ်ရအောင် ဝယ်သူအား အခန်းကို စစ်ဆေးချိန်ပေးသင့် ပါတယ်။ စစ်ဆေးချိန်ဟာ လုံလောက်တဲ့အချိန်ကာလဖြစ်ဖို့ လိုအပ်ပြီး စာချုပ်မှာလည်း အတိအကျ ဖော်ပြ ဖို့လိုပါတယ်။
(၄) ရောင်းချသူရဲ့ အာမခံမှု(Warranties from the Seller)
အခန်းရောင်းချသူဟာ အခန်းဝယ်ယူသူကို အခန်းအပ်နှံပြီးနောက် ကာလဘယ်လောက် ရောက်တဲ့အထိ အခန်းရဲ့ပျက်ဆီးမှုကို တာဝန်ယူ ဆောင်ရွက်ပေးမယ် မပေးဘူး။ ဘယ်လို ပျက်ဆီးမှုမျိုးကိုမှ ပေးမယ် ဘယ်လိုပျက်ဆီးမှုမျိုးကို မပေးဘူး စတာတွေလည်း ထည့်သွင်းချုပ်ဆိုရမှာ ဖြစ်ပါတယ်။ ခိုင်မာတိကျတဲ့ အာမခံ စံနှုန်းထားတွေကို စာချုပ်မှာ ဖော်ပြချုပ်ဆိုထားမှသာ နောင်ဖြစ်ပေါ်မယ့် အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။
(၅) ငွေဘယ်လိုပေးချေမယ်၊ ဘယ်တော့ပေးချေမယ်(Payment Details)
အခန်းတွေကို ကြိုပွိုင့်ရောင်းချတာဟာ ရှုပ်ထွေးမှုတွေ စိန်ခေါ်မှုတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အခန်းရဲ့တည်နေရာ၊ အကျယ်အဝန်း၊ ပုံစံ၊ အရောင်အသွေးတို့အပြင် ငွေပေးချေတာနဲ့ဆိုင်တဲ့ အရှုပ်အထွေးတွေ မဖြစ်ရအောင် ဘယ်လိုငွေပေးချေမယ် ဘယ်အချိန်မှာပေးချေမယ် စတာတွေကို အနည်းဆုံး စာတစ်ပိုဒ်အနေနဲ့ ထည့်သွင်းချုပ်ဆိုဖို့လိုပါတယ်။ ငွေပေးချေရာမှာလည်း တလုံးတခဲတည်း ပေးချေရမယ့်ငွေ၊ လုပ်ငန်းပြီးစီးတာအပေါ် မူတည်ပြီး အရစ်ကျ ပေးချေရမယ့် ငွေနဲ့ အချိန်ကာလ သတ်မှတ်ချက်တွေကိုလည်း အတိအကျ ဖော်ပြရမှာ ဖြစ်ပါတယ်။ တကယ်လို့ နောက်ကျတာ၊ ပျက်ကွက် တာ ဖြစ်ခဲ့လျှင် ဘယ်လို အရေးယူ၊ ဒါဏ်တတ်မယ်ဆိုတာပါ ပါဝင်ရမှာပါ။ လိုအပ်လျှင် ‘‘ရောင်းချသူရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ ဖော်ပြပါ ငွေကြေးပမာဏကို ပေးပါမယ်လို့ ကတိပြု လက်မှတ်ရေးထိုး ထားတဲ့ စာချုပ်စာတမ်း ( Promissory Note) ’’တစ်ခုကိုပါ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
လုပ်ငန်းများ ကြီးပွားတိုးတက် အောင်မြင်ကြပါစေ။
Ref : Phoe Phyu & Associates Law Firm
Photo Credit : topteny
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties