By The Trade Times, Shweproperty.com
Updated at 2 July 2015
အိမ်၊ခြံ၊မြေ ဈေးကွက်၌ အရောင်းအဝယ်အေးနေချိန်တွင် ငွေကြေးလိုအပ်သည့် မြေရှင်၊ အခန်းရှင်များမှ မိမိတို့ပိုင်ဆိုင်သည့် မြေနှင့် အခန်းများကို အတိုးနှုန်းတစ်ခုဖြင့် ရောင်းပေါင်စာချုပ်များ ချုပ်ဆိုလုပ်ကိုင်လာကြသော်လည်း ခိုင်မာမှုမရှိသည့် အတွက် မြေရှင်၊ အခန်းရှင် နှင့် ငွေရှင်များအကြားတွင် အပြန်အလှန်တရားစွဲဆိုမှုများ အိမ်၊ခြံ၊မြေ ဈေးကွက်အတွင်း အမြောက်အမြားဖြစ်ပေါ်လာနေရကြောင်း ဥပဒေပညာရှင်များနှင့် အိမ်၊ခြံ၊မြေ အကျိုးဆောင်များထံမှ သတင်းရရှိသည်။
"ဘယ်လိုပဲ ဖြစ်ဖြစ် အတိုးစားချင်လို့ ငွေအပေါင်ခံတဲ့လူကို တရားရုံးအဆင့်ဆင့်က ဥပဒေအရမြေကိုလွှဲမပေးပါဘူး။ စာချုပ်ချုပ်တာမခိုင်မာတဲ့အပြင် ခိုင်မာမှုမရှိတဲ့ ပြဿနာကြောင့် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ညစ်တာတွေလည်း အများကြီးတွေ့နေရတယ်" ဟုတရားလွှတ်တော်ရှေ့နေ ဦးဌေးဝင်းက ပြောသည်။
ငွေကြေးလိုအပ်သူများက မိမိတို့ပိုင်ဆိုင်သည့် မြေနှင့် တိုက်ခန်းများကို အရောင်းအဝယ်စာချုပ်များချုပ်ဆိုကာ အတိုးနှုန်းတစ်ခု သတ်မှတ်ပြီး ပေါင်နှံလာကြသော်လည်းစာချုပ်ပါ သတ်မှတ်ထားသည့် နေ့ရက်အတွင်း ပြန်လည်ရွေးနုတ်နိုင်ခြင်းမရှိသည့် အခြေအနေများကြောင့် မြေရှင် နှင့် ငွေရှင်တို့အကြား နှစ်ဦးနှစ်ဖက် ညှိနှိုင်းကာ နားလည်မှုဖြင့် ငွေကြေးအလိုက် ထပ်မံပေးအပ်ပြီး ပိုင်ဆိုင်မှုများကို အပြီးအပိုင်လွှဲပြောင်းရယူခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များ အများအပြား ဖြစ်ပေါ်လျက်ရှိနေသလို ငွေရှင်အချို့မှ သက်တမ်းတစ်ခုအတွင်း အပြီးအပြတ် ရွေးနုတ်ခြင်းမပြုနိုင်သည့် မြေနှင့် အခန်းများကို မိမိတို့ အပြီးတိုင် ပိုင်ဆိုင်သည့် သဘောဖြင့် လက်ရောက်ရလိုမှုဖြင့် တရားစွဲဆိုမှုများ ဖြစ်ပေါ်လာသည့် အတွက် အပြန်အလှန် တရားစွဲဆိုမှုများ အများအပြား ပေးထွက်လာခဲ့သည်။
"မရွေးနိုင်တော့ ငွေရှင်ကအရောင်းအဝယ်စာချုပ်ကို အကြောင်းပြုပြီး မြေလက်ရောက်ရလိုမှုနဲ့ တရားစွဲတယ်။ ဖြစ်တဲ့ပြဿနာက ပဋိညာဉ်မခိုင်မာလို့ပါ။ ရောင်း၊ ပေါင် စာချုပ်ဟာ ဟန်ဆောင် စာချုပ်ဖြစ်လို့တရားမဝင် ပျက်ပြယ်တယ်။ ငွေရှင်ဘက်က လုပ်လို့ရတာကတော့ စာချုပ်သက်တမ်းအတွင်းအပေါင်ရွေးနုတ်ခွင့်ပယ်ဖျက်ပေးစေလိုမှုနဲ့စွဲရမယ်။ မြေရှင်ကလည်းပြန်လည်ရင်ဆိုင်ကြတယ်။ ငွေရှင်ကနိုင်မှ
ရွေးနုတ်ခွင့်ကပျက်ပြီး အဲဒီ အိမ်၊မြေ တိုက်ခန်းကို တရားရုံးကလေလံတင်ပြီး ငွေရှင်ကို ပေါင်တဲ့ငွေပြန်အမ်းပြီး ပိုငွေထဲကနေ နိုင်ငံတော်နှုန်းထားနဲ့ ကိုးကျပ်တိုးကို ငွေရှင်ကထပ်ရမယ်။ ကျန်တဲ့ငွေအားလုံးကို မြေရှင်ကပြန်ရတဲ့ ဖြစ်စဉ်တွေ အခုအများကြီး ဖြစ်နေတယ်" ဟု ၎င်းကပြောသည်။
မြေရှင်၊ အခန်းရှင်များအနေဖြင့်လည်း ဥပဒေအကြောင်းအရ ပေါင်နှံစဉ်ကာလအတွင်း ငွေရှင်နှင့် ပြဿနာများဖြစ်ပွားပါက တရားရုံးသို့ ဦးတိုက်လျှောက်ထားကာအပေါင်ရွေးနုတ်လိုမှုဖြင့် တရားစွဲဆိုပြီးအနိုင် ဒီကရီ ရရှိပါက ငွေရှင် လက်ဝယ်သို့ ရောက်ရှိနေသည့်အိမ် နှင့် အခန်းကို ပြန်လည်ရရှိနိုင်သော်လည်း မြေရှင်၊ အခန်းရှင်များအနေဖြင့် ဥပဒေပါအခွင့်အရေးများကို သိရှိမှုနည်းပါးနေကြောင်းသိရသည်။
" မြေရှင်၊ အခန်းရှင်တွေထဲက ဥပဒေနားလည်းတဲ့ လူတွေကျတော့ပေါင်တဲ့ ကာလမှာ အတိုးရော၊ အရင်းရော မပေးဘဲ တရားရုံးကိုဦးတိုက်ပြီး အပေါင်ရွေးနုတ်လိုမှုနဲ့တရားစွဲကြတယ်။ လိမ္မာပါးနပ်တဲ့ မြေရှင်၊ အခန်းရှင်တွေဘက်က တရားစွဲတော့ ဟိုနှစ်ဦးနှစ်ဖက်သဘောတူထားတဲ့ အတိုးကြီးကို မပေးရတော့ဘူး။ နိုင်ငံတော်တိုးပဲ ငွေရှင်ကိုပေးရတယ်" ဟုတရားလွှတ်တော်ရှေ့နေ ဦးထွန်းမောင်ကပြောသည်။
ဈေးကွက်အတွင်း ငွေကြေးလိုအပ်ချက်ကြောင့် အိမ်၊ခြံ၊မြေ တိုက်ခန်း၊ ကွန်ဒိုများကို ပေါင်နှံခြင်းပြုလုပ်ရာတွင် ပြင်ပဈေးကွက်ပေါက်ဈေးဧ။် (၃၀) ရာခိုင်နှုန်းခန့်အထိသာ တန်ဖိုးဖြတ်ပြီး ငွေရှင်များမှ ငွေထုတ်ချေးပေးလျက် ရှိသည့်အပြင် ခင်မင်ရင်းနှီးမှု၊ ပေါင်နှံမည့်တိုက်ခန်း၊ မြေများတွင် လူနေထိုင်မှု ရှိမရှိအပေါ်မူတည်က အတိုးနှုန်းတစ်ခုသတ်မှတ်ပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းကာလုပ်ဆောင်လျက်ရှိသလို အကျိုးဆောင်များအနေဖြင့်လည်း အကျိုးဆောင်ခအဖြစ်အတိုးနှုန်းတစ်လစာကို ပုံမှန်တောင်းခံလေ့ရှိကြောင်းသိရသည်။
"သိန်း (၁,၀၀၀) တန်တဲ့မြေကိုပေါင်ရင် ငွေရှင်က အများဆုံးသိန်း (၃၀၀) လောက်ပဲ ထုတ်ချေးတယ်။ တကယ်လို့ မြေရှင်၊ အခန်းရှင်ကပြန်မရွေးနိုင်တော့ရင်လည်း နှစ်ဖက်ညှိပြီး သိန်း (၇၀၀) လောက်နဲ့ ဖြတ်ပြီးကျန်တဲ့ ပိုက်ဆံကို ငွေရှင်က ထုတ်ပေးပြီး ငြိမ်းငြိမ်းချမ်းချမ်း ပြီးသွားတာရှိသလို ငွေရှင်က လောဘတက်ပြီးသိမ်းချင်လို့ လုပ်တာတွေလည်းရှိတော့ အပြန်အလှန်တရားစွဲတာတွေလည်း အများကြီးတွေ့ရတယ် " ဟုအေးရိပ်စံ အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ ကိုဝင်းထိန်ကပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties