By အိမ်ခြံမြေလမ်းဆုံ, Shweproperty.com
Updated at 28 December 2018
မြေဝယ်မယ်ဆိုတာ နဲ့ သင့်အနေနဲ့ ကိုယ်ဝယ်မယ့် မြေက
- ဘယ်လိုမြေအမျိုးအစားဖြစ်တယ်၊
- ဒီမြေပေါ်မှာ ကိုယ်ဘာတွေလုပ်နိုင်တယ်၊
- ကိုယ်ဝယ်မယ့် မြေကို လက်ဝယ်ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင်
- နာမည်ပြောင်းလို့ရမရဆိုတာကို မဝယ်ယူခင်မှာ အသေအချာ သိဖို့ိလိုအပ်ပါတယ်။
မြန်မာပြည်မှာ မြေတွေနဲ့ပတ်သက်ရင် အမျိုးအစားတွေ၊ အဆင့်အတန်းတွေကိုလည်း သတ်မှတ်ထားတာရှိသလို လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေကလည်း အများကြီး ကွာဟပါတယ်။မြေကိုအကြမ်းအားဖြင့် ခုနှစ်မျိုးခွဲခြား ထားတာကို တွေ့ရပါလိမ့်မယ်။
လယ်ယာ ဥယျဉ်မြေ ၊ မြေပိုင်မြေ ( ဘိုးဘွားပိုင်မြေ )၊ ဂရန်မြေ၊ ချထားမြေ ( ပါမစ် ) ၊ စကွာတာမြေ၊ ကျုးကျော်မြေနှင့် သာသနာပိုင်မြေတွေဆိုပြီး အမျိုးအစားခုနှစ်မျိုးခွဲထားပါတယ်။မြေတွေကို အဆင့်အတန်း အမျိုးမျိုး ခွဲခြားသတ်မှတ် ရောင်းဝယ်လုပ်ကိုင်နေပေမယ့်လည်း ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ( ၁ ) နိုင်ငံတော်အခြေခံမူများ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၃၇အရ - နိုင်ငံတော်သည် နိုင်ငံအတွင်းရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားချက် အရ မြေအားလုံး၏မူရင်းပိုင်ရှင်မှာ နိုင်ငံတော်ဖြစ်ပြီး ပြည်သူများသို့ အဌားချထားခြင်း၊ ခွင့်ပြုပေးထားခြင်းသာရှိပြီး မြေအမျိုးအစား အလိုက် ရောင်းဝယ်ဖောက်ကား လုပ်ပိုင်ခွင့်များလည်း ကွာဟနိုင်စေသည်။
၁။ လယ်ယာဥယျဉ်မြေ
စိုက်ပျိုးရေး လုပ်ငန်းများ အတွက်သာ အသုံးပြုခွင့်ရတဲ့ သီးသန့်မြေမျိုးဖြစ်ပြီး လယ်ယာမြေ ဥပဒေသစ် အရ အခြားသူတစ်ဦးတစ်ယောက်ထံသို့ လွှဲပြောင်းနိုင်ပါတယ်။ ယင်းမြေအမျိုးအစားမှ လူနေအိမ်မြေ အဖြစ် ပြောင်းလဲအသုံးချနိုင်ရန် အတွက် ပုဒ်မ ၃၉ ဖြင့် အကျုံးဝင်ကပြောင်းနိုင်သော်လည်း နိုင်ငံတော်၏ စီမံကိန်းဝင် လုပ်ငန်းကြီးများနှင့် မြို့သစ်များ ဖော်ထုတ်ခြင်း၊စက်မှုဇုန်သစ်များ ဖော်ထုတ်ခြင်း အစရှိသည့် ကိစ္စရပ်များမှ လွဲပြီး မြို့မြေ အဖြစ် အလွယ်တကူပြောင်းလဲနိုင်ရန် ခက်ခဲသည့် မြေအမျိုးအစား ဖြစ်သည်။လန -၃၉ ကျပြီးမှသာ ယင်းမြေများကို အလွယ်တကူ ခွဲစိတ်၊ ရောင်းချပေါင်နှံခွင့် ရှိသည့် မြေအမျိုးအစား ဖြစ်သည်။
၂။ မြေပိုင်မြေ ( ဘိုးဘွားပိုင်မြေ )
အင်္ဂလိပ်အစိုးရ လက်ထက်တွင် မြို့ကွက်များကို ဖော်ထုတ်ခြင်း၊ မြို့များကို ပြင်ဆင်ချဲ့ထွင်ပြီး အများပြည်သူတို့ကို ရောင်းချခဲ့သည့် မြေ နှင့် လယ်ယာမြေများကို နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေအရ လယ်ယာဥယျဉ်ခြံမြေ များအဖြစ် မှ ပြောင်းလဲထားသည့် မြေများဖြစ်သည်။ အဆိုပါမြေကို ရောင်းပေါင်၊ ခွဲစိတ်၊ လွှွဲပြောင်းနိုင်သည်။
၃။ ဂရန်မြေ (မြေဌားစာချုပ်မြေ)
နိုင်ငံတော်မှ ပြည်သူများသို့ သတ်မှတ်ထားသည့် မြေဧရိယာအလိုက် နှစ် ၉၀ ၊ နှစ် ၆၀ နှင့် နှစ် ၃၀ ကာလ အပိုင်းအခြား အလိုက် ဌားရမ်းပေးထားသည့် မြေမျိုးဖြစ်ကာ ရောင်းဝယ်၊ ပေါင်နှံ၊ခွဲစိတ်၊ လွှဲပြောင်းနိုင်ပြီး အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း ခိုင်မာမှုနှင့် တရားဝင်မှု အရှိဆုံးမြေ အမျိုးအစား ဖြစ်သည်။
၄။ ချထားမြေ (ပါမစ်မြေ)
မြေဌားစာချုပ် ( ဂရန် ) မရှိသေးသော်လည်း နိုင်ငံတော်အစိုးရမှတရားဝင်ချထားပေးသော မြေ အမျိုးအစား ဖြစ်သည်။ ဥပဒေ သတ်မှတ်ချက်များ အရ နိုင်ငံတော်မှ တရားဝင်ချထားပေးသူမှ အပ တစ်ခြားသူများ သို့လွှဲပြောင်းရောင်းချခွင့်မရှိသည့် မြေအမျိုးအစားဖြစ်သည်။ ပါမစ်ချထားပြီး တစ်နှစ်ပြည့်မြောက်သည့် အချိန်မှစတင်ကာ မြေဌားစာချုပ်ကို ထုတ်ယူနိုင်ပြီးမှသာ တရားဝင်ခွဲစိတ်၊ ပေါင်နှံရောင်းဝယ်ခြင်းကို ခွင့်ပြုထားသည်။
၅။ စကွာတာမြေ
ယနေ့ခေတ်တွင် အလွန်ရှားပါးသည့် မြေအမျိုးအစားဖြစ်သည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင် မြေဌားခ မပေးနိုင်သဖြင့် မြေဌားဂရန် မရရှိသူများကို အလွန်ချိုသာသည့်နှုန်းထားတစ်ရပ်ဖြင့်နေထိုင်ခွင့်ပေးထားခဲ့သည့် မြေအမျိုးအစားဖြစ်သည်။ ထို့အပြင်မြေဌားစာချုပ်စည်းကမ်း ဖောက်ဖျတ်သည့် မြေများနှင့် ဂရန်သက်တမ်းကုန်သော်လည်း ယင်းမြေပေါ်တွင် ဆက်လက်နေထိုင် ပြီး မြေခွန်များကို မှန်မှန်ပေးဆောင်ခဲ့သူများ ၊ယင်းမြေ အဌားချထားခြင်း ခံရသူများ အနေဖြင့် ယနေ့ခေတ် တွင် ဂရန်မြေ အဖြစ် လျှောက်ထားနိုင်သည်။ မြေဌားစာချုပ် ( ဂရန်) ကျပြီးမှသာ ရောင်းဝယ်ပေါင်နှံခွင့်ရှိသည်။
၆။ ကျုးကျော်မြေ
မြေဌားစာချုပ်လည်း မရှိသလို၊ သက်ဆိုင်ရာမှ နေရာချထားပေးခြင်း မရှိဘဲ အစိုးရမြေ သို့မဟုတ် ပုဂ္ဂလိကမြေ ပေါ်တွင် ကျုးကျော်နေအိမ်ဆောက်လုပ်ထားသည့် မြေအမျိုးအစားဖြစ်သည်။ အဆိုပါကျုးကျော်မြေများကိုလည်း နိုင်ငံတော်မှ စီစစ်ပြီး စီမံကိန်းတစ်ရပ်ရပ် ပေါ်ပေါက်ပါက ဖယ်ရှားခံရပါမည်။ အင်္ဂလိပ်အစိုးရ လက်ထက်တွင် အစိုးရမှ ယင်းမြေကို လတ်တလော အသုံးမပြုသေးပါက အခွန်အခသတ်မှတ်ပြီး ကျုးဂရန်သတ်မှတ်ကာ မြေဌားခ ထမ်းဆောင်စေခဲ့သော်လည်း ယနေ့ခေတ်တွင် အသုံးပြုခြင်း မရှိတော့ပါ။ ယင်းမြေများကို ရောင်းဝယ်ပေါင်နှံခွဲစိတ်ခွင့်မရှိပါ။
၇။ သာသနာပိုင်မြေ
ဘုရားဝတ္တကမြေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်း၊ဘုန်းတော်ကြီးကျောင်း ပိုင်မြေများနှင့် ဘာသာရေး နှင့် ကိုးကွယ် ဝတ်ပြုမှု နှင့် သက်ဆိုင်သည့် မြေများဖြစ်သည်။
Ref : အိမ်ခြံမြေလမ်းဆုံ
Photo Credit : Avenue
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties