By Social News, Shweproperty.com
Updated at 28 December 2015
သည်ခေါင်းစဉ်ကိုမြင်မြင်ချင်းသင်တွေးမိနိုင်တာက ဟ..ကိုယ့်အိမ်မှာကိုယ်မနေဘဲ..ဘယ်သူ့အိမ် သွားနေရမှာလဲဆိုပြီး.. စာရေးသူကိုထဆဲချင်စိတ်ပေါ်ကောင်းပေါ်နိုင်ပါလိမ့်မယ်။ အဲလိုဆိုရင်တော့ စာလေးဆုံးအောင်ဖတ်ပါဦးလို့ အရင်ဆုံးတောင်းပန်ပါရစေ..။
ခေတ်တွေပြောင်း၊ နည်းပညာတွေတိုးတက်၊ ယဉ်ကျေးမှုတွေဖလှယ်ရာကနေ ကျွန်တော်တို့ကိုယ်တိုင်လည်း အမူအကျင့်တွေ လည်းပြောင်းလာပါတယ်။ သည်ကနေ့ရန်ကုန်မြို့နေမိသားစုထဲမှာတစ်ပါတ်သုံးခါလောက် ထမင်းလက်ဆုံစားဖြစ်တဲ့ မိသားစုှဘယ်လောက် များရှိပါမလဲ။ ရှိရင်ကောတစ်ရက်ဘယ်နှနပ်များစားနိုင်ပါသလဲ။ စားရာမှာရောထမင်းပူပူ၊ အသားအရွက်၊ ဟင်းချို၊ ငါးပိတို့စရာဟင်းခွက် သုံးရာမဟုတ်တောင် ဖွယ်ဖွယ်ရာရာချက်ပြုတ်နိုင်ပါရဲ့လား..။ စိတ်ကူးထဲတောင် မချက်နိုင်ပါဘူးလို့ဖြေမယ့်လူကပိုများနိုင်ပါတယ်။
ကမ္ဘာကျဉ်းလို့ အမြင်ကျယ်တာကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကိုမေ့ပစ်ဖို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့တတွေဟာနေ့စဉ် ဂျပန်ကားတွေ၊ ကိုရီးယားအစားအစာတွေ၊ ဟောလိဝုဒ်ရုပ်ရှင် တွေ၊ တရုတ်လုပ်ပစ္စည်းတွေ၊ ယိုးဒယားကသွင်းကုန်တွေနဲ့ နေ့စဉ်ထိတွေ့နေရပေမယ့် ရင်ဖုံးအင်္ကျီဝတ်ဖို့တော့ အတော်လေးဝန်လေးကြပါတယ်။ လွှတ်တော်အမတ်တွေနဲ့ အလှူသွားတဲ့နေ့မှာဘဲတိုက်ပုံအင်္ကျီဝတ်လို့ရတာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံမှာကိုယ့်ရိုးရာအင်္ကျီလေးဝတ်တာကို ကိုယ့်လူမျိုးအချင်းချင်း အထူးအဆန်းလို ကြည့်ကြတာနည်းနည်းအခံရခက်ပါတယ်။
ခေတ်စနစ်ပြောင်းလာချိန်မှာရိုးရာပစ္စည်း၊ အသုံးအဆောင်တွေဟာနေရာတိုင်းမှာအဆင်မပြေနိုင်လို့ ပယ်တန်တာပယ်တာကိုလက်ခံပါတယ်။ ပုံတော်ဖိနပ်စီး၊ ဆံပင်ဘီးဆံပတ်နဲ့ အလုပ်သွားဖို့မလိုပါဘူး။ ဒါပေမယ့် သနပ်ခါးလိုအရာမျိုးတော့ အပယ်ခံစာရင်းထဲမထည့်သင့်သေးဘူးလို့ထင်ပါတယ်။
ဒါဟာသုံးစွဲသူ၊ စားသုံးသူပြည်သူရဲ့အပြစ်လို့ဘဲပြောလို့မရပါဘူး..။ ထုတ်လုပ်သူတွေအနေနဲ့လဲ နိုင်ငံခြားဖြစ် ပစ္စည်းတွေကိုနည်းပညာ၊ နမူနာယူပြီး မြန်မာရနံ့ပါအောင် တီထွင်ထုတ်လုပ်သင့်ပါတယ်။ အစိုးရအနေနဲ့လဲအားပေးကူညီသင့်ပါတယ်။ နို့မဟုတ်ရင် နောက်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်အတွင်းမှာတင် မြန်မာတို့ရဲ့ပုံစံဘာလဲဆိုတာ ပြတိုက်နဲ့ တောနယ်တွေမှာတကူးတကသွားကြည့်ရမယ့် သဘောရှိပါတယ်။
ဝေးဝေးမကြည့်ပါနဲ့..။ လူတွေနေ့စဉ် မရှောင်နိုင်တဲ့ အစားအစာမှာတောင် မြန်မာ့ရိုးရာအစားအစာဆိုရင် မုန့်ဟင်းခါးကလွဲပြီး နောက်နှစ်မျိုးလောက်ဝယ်ပေးပါဆိုရင် အတော်လေးခေါင်းခြောက်ရတဲ့သဘောရှိပါတယ်။ တကယ်လို့သင်ဟာ မနက်ခင်းစောစောစီးစီးမှာ စိတ်ကူးပေါက်ပြီးကောက်ညှင်းပေါင်းနဲ့အကြော်စုံလေးစားချင်လာရင်တောင် ရှာရခက်လို့ လွယ်လွယ်ရတဲ့ ဒင်းဆမ်းဝယ်စားမိနိုင်ပါတယ်။
တစ်လောကနိုင်ငံခြားကမိတ်ဆွေတစ်ယောက်လာတော့ ညဘက်ရွှေတိဂုံဘုရားတက်ပြီးအပြန် မြန်မာအစားအစာ ကောင်းကောင်းလေးစားချင်တယ်ပြောတော့ ရုတ်တရက်ဘယ်လိုမှ စဉ်းစားလို့မရတာနဲ့ ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးကြော်ဘဲ ဝယ်ကျွေးလိုက်ရပါတယ်။ ငါတို့လူမျိုးကညဘက်သိပ်မစားတတ်လို့ မနက်ကျမှဘဲကောင်းကောင်းစားတော့ဆိုပြီးတစ်ညနှပ်လို့ မနက်ကျမှ မန္တလေးမုန့်တီသုပ်ကျွေးလိုက်ရပါတယ်။ ဒါတောင်ကိုယ်တော်ကတူနဲ့စားရတာကို သိပ်ဘဝင်မကျလို့ မနည်းပြောပြရသေးတယ်။
ပြောချင်တာက ကျွန်တော်တို့ ကိုယ့်လူမျိုး၊ ကိုယ်အဝတ်အစား၊ ကိုယ့်အစားအစာကိုထိန်းသိမ်းသင့်ပါပြီ။ ပြန်လည်မြှင့်တင်သင့်ပါပြီ။ ခေတ်နဲ့အညီမွမ်းမံသင့်တာ၊ စပ်ဟပ်သင့်တာ၊ ပြုပြင်သင့်တာကို ပြင်သင့်ပါပြီ။ မြန်မာပြည်ကိုလေ့လာချင်လို့ တကူးတက ရောက်လာကြတဲ့ နိုင်ငံတကာကဧည့်သည်တွေဟာ ၁၉လမ်းက တရုတ်အသားကင်ပဲ စားပြီးပြန်ပြန်သွားနေရတာ မဖြစ်သင့်တော့ပါဘူး။
Ref : Social News
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties