By Myanmar Times, Shweproperty.com
Updated at 29 November 2017
နည်းပညာမြင့်မားလာခြင်းနှင့်အတူ ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းအတုများကို အစစ် နီးပါး ခွဲခြားမရအောင် ပြုလုပ်လာကြသည့်အပြင် အိမ်ခြံမြေအရောင်းအဝယ်အေးနေသည့် ယခုလို အချိန်မျိုးတွင်ဝယ်ရောင်းများ၊ မြေကွက်ပိုင်ရှင်များက ၎င်းတို့၏ ပိုင်ဆိုင်မှု များကို ငွေလှည့်သုံး သည့်ဖြစ်ရပ်များ ဈေးကွက်အတွင်း အများအပြားတွေ့မြင်နေရသည့်အတွက် အရောင်းအဝယ်များ ပြုလုပ်ရာတွင် ပိုင်ဆိုင်မှုမှန်၊ မမှန်နှင့် အရှုပ်အရှင်း ရှိ၊ မရှိကို ဦးစွာစိစစ်ပြီးမှ ဝယ်ယူသင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း တာဝန်ရှိသူများက ပြောသည်။
"တချို့မြေကွက်တွေဆို ဂရန်က နှစ်ခု၊ သုံးခုလောက်တွေ့ရလို့ မြေချပါမစ်တွေ၊ စလစ် တွေဆိုရင်လည်း မြေကွက်တစ်ခုအတွက်ကို ငါးစောင်၊ ခြောက်စောင်လောက် တွေ့ဖူး တယ်"ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း(ဗဟို) အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
အိမ်ခြံမြေဈေးကွက်အတွင်း မြေကွက်များ ကို စလစ်၊ မြေငှားစာချုပ်(ဂရန်)နှင့် မြေချပါမစ်များဖြင့် အရောင်းအဝယ်ပြုလုပ်နေကြခြင်းကြောင့် ဝယ်သူအများစုသည် စာရွက်စာတမ်း အထောက် အထားများ မှန်၊ မမှန်ကို စိစစ်ဝယ်ယူမှု အားနည်းသည့်အတွက် မသမာ သူများ၊ မြေရှင်အချို့နှင့် ဝယ်ရောင်းအချို့မှ ယင်းအားနည်းချက်ကို အခွင့်ကောင်းယူကာ မြေကွက် တစ်ကွက်ကို ဝယ်ယူ သူနှစ်ဦး သို့မဟုတ် ထို့ထက်ပိုပြီးရောင်းချခဲ့သည့် ဖြစ်စဉ်များကြောင့် တရားရုံးများတွင် မြေကွက် များကို လက်ရောက်ရရှိလိုမှုဖြင့် ဦးတိုက်လျှောက်ထားမှုများ အများအပြားတွေ့မြင်လာရသည့် အတွက် လိမ်လည်ရောင်းချမှုများ ကို အမှုဖွင့်ကာ တရားစွဲဆိုခဲ့ရသည့် ဖြစ်စဉ်များကိုလည်း တွေ့မြင်လာရကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ "တချို့စာရွက်စာတမ်းတွေက အတုနဲ့ အစစ်ခွဲဖို့ခက်တယ်။ မြေပိုင်ဆိုင်မှု မှန်၊ မမှန် ကို သွားစစ်ပြီးမှ ငွေချေရင်တော့ ဒီပြဿနာ မဖြစ်ပါဘူး။ အခုနောက်ပိုင်း အရောင်းအဝယ် အေးတော့ ပိုင်ရှင်တွေက ပေါင်ထားတာ များတယ်။ တစ်ဖက်ကလည်း ပေါင်ထားပြီးဖြစ် သလို တစ်ဖက်မှာလည်း ငွေလိုလို့ရောင်းချင် တဲ့အတွက် အခုလို ဂရန်အတုတွေ၊ ပါမစ်အတု တွေ ဇာတ်လမ်းဖြစ်လာတယ်"ဟု အေးရိပ်စံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးဝင်းထိန်က ပြောသည်။
မြို့ကွက်အသစ်များ ဖော်ထုတ်ပြီး အများ ပြည်သူကို မြေနေရာများချပေးရာတွင် အိုးအိမ် ဦးစီးဌာနက မိသားစုဓာတ်ပုံပါ မြေချပါမစ် များဖြင့် ချထားပေးခဲ့ပြီး ပါမစ်စည်းကမ်းအရ ထိုမြေချပါမစ်များကို တရားဝင်ပြန်လည် ရောင်းချခွင့်မရှိဘဲ ယင်းမြေကွက်အတွင်း နေအိမ် ဆောက်လုပ်ရန်အတွက်သာ အထောက်အထားတစ်ခုအဖြစ် ထုတ်ပေးထားခြင်းဖြစ်ပြီး ဈေးကွက်အတွင်း မြေချပါမစ်များကို အရပ်စာချုပ်များဖြင့် ချုပ်ဆို အရောင်းအဝယ် ပြုလုပ် လာနေခြင်းများ သည်လည်း တရားဝင်မှုမရှိသည့်အပြင် အိုးအိမ်ဦးစီးဌာနက ထုတ်ပေး သည့်မြေကွက် များ အမည်ပေါက်မှန်၊ မမှန်ကိုလည်း စိစစ် ပေးလျက်ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။ "ကျွန်တော်တို့က မြေစီမံခန့်ခွဲမှုတွေကို မလုပ်တော့ပေမယ့် ကျွန်တော်တို့ထုတ်ပေးထားတဲ့ ပိုင်ဆိုင်မှုအထောက်အထား မှန်၊ မမှန် ကိုတော့ စစ်ပေးနေပါတယ်"ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က ပြောသည်။ ရန်ကုန်မြို့ရှိ အဆောက်အအုံများ၊ မြေကွက်များ၊ မြို့သစ်များရှိ ပိုင်ဆိုင်မှုဆိုင်ရာ အထောက် အထားများကို ၁၉၉၆ ခုနှစ်မှစ၍ ရန်ကုန် မြို့တော် စည်ပင် သာယာရေးကော်မတီထံ လွှဲပြောင်းခဲ့ပြီးဖြစ်သော်လည်း အချို့သော အိမ်ရာစီမံကိန်းများနှင့် စက်မှုဇုန်များကို အိုးအိမ်ဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိပြီး လွှဲပြောင်းနေဆဲကာလဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ဝယ်ယူမည့်မြေကွက်များ၏ ပိုင်ဆိုင်မှု အထောက်အထား မှန်၊ မမှန်ကိုလည်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ မြေရာ ဌာနတွင် စိစစ်နိုင်ပြီး အချိန်တစ်ပတ် ခန့်အတွင်း ပြန်လည် အကြောင်းကြားပေးလျက်ရှိသည်။ မြေရာနှင့် အိမ်ပိုင်ဆိုင်မှုဆိုင်ရာ စာချုပ် စာတမ်းများကို အတုပြုလုပ်ခြင်းများ များပြား လာသည့်အတွက် ထိုပိုင်ဆိုင်မှုစာချုပ်များကို အပေါင်အဖြစ်ထားကာ ငွေကြေးထုတ် ချေးပေးသော ဘဏ်များမှာလည်း စာချုပ်အတုများဖြင့် ငွေကြေးချေးငှားပြီး အလိမ်ခံ ရမည်ကို စိုးရိမ်ပူပန်လာရကြောင်း ဘဏ် လုပ်ငန်းရှင်များကပြော သည်။ "ဂရန်အတုတွေနဲ့ ဘဏ်မှာ ပိုက်ဆံ လာချေးတာမျိုးက အရင်ကတည်းက ရှိပါတယ်။ ဒါပေမဲ့ အခု ဂရန်အတုတွေများနေတော့ ပိုပြီးတော့ သတိထားနေရတယ်။ ဂရန် အတု၊ အစစ်ခွဲဖို့ သေချာစိစစ်မှုတွေကိုလည်း ပြုလုပ်နေရတယ်"ဟု သမဝါယမဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။
"ဘဏ်မှာ အိမ်၊ မြေတွေရဲ့ဂရန်ကို အပေါင် အနေနဲ့ထားပြီး ပိုက်ဆံချေးပေးတော့မယ်ဆိုရင် အဲဒီဂရန်ကို အတုလား၊ အစစ်လား ခွဲခြားသိဖို့ ဘဏ်ကနေ ရှေ့နေကိုထပ်ငှားပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ သွားစစ်ဆေးပါတယ်။ ရှေ့နေငှားခနဲ့ စည်ပင်က စစ်ဆေးခကိုတော့ ဘဏ်ကနေ အကုန်ခံရတာပေါ့။ ဒါပေမဲ့ အဲဒီလိုမစစ်ဆေး ရင် စာချုပ်အတုတွေကိုသာအပေါင်ခံမိရင် ဘဏ်ကရှုံးမှာပေါ့"ဟု ၎င်းကပြောသည်။ စာချုပ်အတုနှင့် ငွေချေးပြီး အလိမ်ခံရ သည့် သတင်းများ ကို မကြာခဏ ကြားရတတ် သော်လည်း စီဘီဘဏ်သည် ဂရန်စာချုပ်အတုနှင့် ပိုက်ဆံချေးပြီး အလိမ်ခံရခြင်းကို ယခုအချိန်ထိ မတွေ့ကြုံရသေးကြောင်း ဦးဖေမြင့်က ပြောသည်။
"စာချုပ်တစ်ခုတည်းကို အတုသုံးလေးခု လုပ်ပြီး ဘဏ်တွေအားလုံးနီးပါးခန့်မှာ ချေးငွေ ယူတာမျိုးတွေ ရှိတယ်။ စာချုပ်အစစ်တစ်ခု ကို လက်ထဲမှာ ကိုင်ထားပြီး အတုတွေလုပ်ပြီး ဘဏ်တွေကို စာချုပ်အတုပြပြီး ချေးတာမျိုး တွေလည်း တွေ့ရတယ်။ တချို့လူတွေကျ သူတို့ ဝယ်ထားတဲ့အိမ်တွေ၊ မြေတွေက စာချုပ် အတုနဲ့ လိမ်ရောင်းခံထားရတယ်ဆိုတာ သူတို့ ကိုယ်တိုင်မသိဘဲ ငွေလာချေးတဲ့သူမျိုး တွေလည်းရှိတယ်"ဟု ၎င်းက ပြောသည်။
Ref : Myanmar Times
Photo Credit : Google
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties