By Asia Land Real Estate, Shweproperty.com
Updated at 30 January 2020
မြေဝယ်မယ်ဆိုတာ နဲ့ သင့်အနေနဲ့ ကိုယ်ဝယ်မယ့် မြေက ဘယ်လိုမြေ အမျိုးအစားဖြစ်တယ်၊ ဒီမြေပေါ်မှာ ကိုယ်ဘာတွေလုပ်နိုင်တယ်၊ ကိုယ်ဝယ်မယ့် မြေကို လက်ဝယ်ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် နာမည်ပြောင်းလို့ရမရ ဆိုတာကို မဝယ်ယူခင်မှာ အသေအချာသိဖို့ိ လိုအပ်ပါတယ်။
မြန်မာပြည်မှာ မြေတွေနဲ့ပတ်သက်ရင် အမျိုးအစားတွေ၊ အဆင့်အတန်းတွေကိုလည်း သတ်မှတ်ထားတာရှိသလို လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေကလည်း အများကြီး ကွာဟပါတယ်။ မြေကို အကြမ်းအားဖြင့် ခုနှစ်မျိုးခွဲခြားထားတာကို တွေ့ရပါလိမ့်မယ်။
လယ်ယာ ဥယျဉ်မြေ ၊ မြေပိုင်မြေ (ဘိုးဘွားပိုင်မြေ)၊ ဂရန်မြေ၊ ချထားမြေ ( ပါမစ်) ၊ စကွာတာမြေ၊ ကျုးကျော်မြေနှင့် သာသနာပိုင်မြေတွေဆိုပြီး အမျိုးအစားခုနှစ်မျိုး ခွဲထားပါတယ်။
မြေတွေကို အဆင့်အတန်း အမျိုးမျိုး ခွဲခြားသတ်မှတ် ရောင်းဝယ်လုပ်ကိုင်နေပေမယ့်လည်း ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) နိုင်ငံတော် အခြေခံမူများ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၃၇ အရ နိုင်ငံတော်သည် နိုင်ငံအတွင်းရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့်လေထု အတွင်းရှိ သယံဇာတအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားချက်အရ မြေအားလုံး၏ မူရင်းပိုင်ရှင်မှာ နိုင်ငံတော်ဖြစ်ပြီး ပြည်သူများသို့ အဌားချထားခြင်း၊ ခွင့်ပြုပေးထားခြင်းသာရှိပြီး မြေအမျိုးအစားအလိုက် ရောင်းဝယ်ဖောက်ကား လုပ်ပိုင်ခွင့်များလည်း ကွာဟနိုင်စေသည်။
( ၁ ) လယ်ယာဥယျဉ်မြေ ။ စိုက်ပျိုးရေး လုပ်ငန်းများ အတွက်သာ အသုံးပြု ခွင့်ရတဲ့ သီးသန့်မြေမျိုးဖြစ်ပြီး လယ်ယာမြေ ဥပဒေသစ်အရ အခြားသူတစ်ဦး တစ်ယောက်ထံသို့ လွှဲပြောင်းနိုင်ပါတယ်၊ ယင်းမြေအမျိုးအစားမှ လူနေအိမ်မြေအဖြစ် ပြောင်းလဲအသုံးချနိုင်ရန်အတွက် လယ်ယာမြေဥပဒေ ပုဒ်မ ၃၀ ဖြင့် အကျုံးဝင်ကာ ပြောင်းလဲနိုင်သည့် မြေအမျိုးအစားဖြစ်သည်။ ယခုအခါ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ရရှိသူများ အနေဖြင့် လုပ်ပိုင်ခွင့်ရရှိထားသော လယ်ယာမြေ၏ အာလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ရောင်းချ ခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် ငှားရမ်းခြင်း ကိစ္စရပ်များအတွက် အလွယ်တကူ ဆောင်ရွက် ခွင့်ရှိသည့် မြေအမျိုးအစား ဖြစ်သည်။
( ၂ ) မြေပိုင်မြေ ( ဘိုးဘွားပိုင်မြေ ) ။ အင်္ဂလိပ်အစိုးရ လက်ထက်တွင် မြို့ကွက်များကို ဖော်ထုတ်ခြင်း၊ မြို့များကို ပြင်ဆင်ချဲ့ထွင်ပြီး အများပြည်သူတို့ ကို ရောင်းချခဲ့သည့် မြေ နှင့် လယ်ယာမြေများကို နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ အရ လယ်ယာဥယျဉ်ခြံမြေ များအဖြစ် မှ ပြောင်းလဲထားသည့်မြေ များဖြစ်သည်၊ အဆိုပါမြေကို ရောင်းပေါင်၊ ခွဲစိတ်၊ လွှွဲပြောင်းနိုင်သည်။
(၃) ဂရန်မြေ ( မြေဌားစာချုပ်မြေ ) ။ နိုင်ငံတော်မှ ပြည်သူများသို့ သတ်မှတ်ထားသည့် မြေဧရိယာအလိုက် နှစ် ၉၀ ၊ နှစ် ၆၀ နှင့် နှစ် ၃၀ ကာလ အပိုင်းအခြား အလိုက် ဌားရမ်းပေးထားသည့် မြေမျိုးဖြစ်ကာ ရောင်းဝယ်၊ ပေါင်နှံ ၊ခွဲစိတ်၊လွှဲပြောင်းနိုင်ပြီး အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း ခိုင်မာမှုနှင့် တရားဝင်မှု အရှိဆုံးမြေ အမျိုးအစား ဖြစ်သည်။
(၄) ချထားမြေ (ပါမစ်မြေ )။ မြေဌားစာချုပ် ( ဂရန် ) မရှိသေးသော်လည်း နိုင်ငံတော်အစိုးရမှ တရားဝင်ချ ထားပေးသော မြေအမျိုးအစားဖြစ်သည်။ ဥပဒေသတ်မှတ်ချက်များအရ နိုင်ငံတော်မှ တရားဝင်ချထားပေးသူမှအပ တစ်ခြားသူများ သို့လွှဲပြောင်းရောင်းချခွင့်မရှိသည့် မြေအမျိုးအစားဖြစ်သည်၊ ပါမစ်ချထားပြီး တစ်နှစ်ပြည့် မြောက်သည့် အချိန်မှစတင်ကာ မြေဌားစာချုပ်ကို ထုတ်ယူနိုင်ပြီးမှသာ တရားဝင်ခွဲစိတ်၊ ပေါင်နှံရောင်းဝယ်ခြင်း ကို ခွင့်ပြုထားသည်။
(၅) စကွာတာမြေ ။ ယနေ့ခေတ်တွင် အလွန်ရှားပါးသည့် မြေအမျိုး အစားဖြစ်သည်၊ အင်္ဂလိပ်အစိုးရ လက်ထက်တွင် မြေဌားခ မပေးနိုင်သဖြင့် မြေဌားဂရန် မရရှိသူများကို အလွန်ချိုသာသည့် နှုန်းထား တစ်ရပ်ဖြင့်နေထိုင်ခွင့်ပေးထားခဲ့သည့်မြေအမျိုးအစားဖြစ်သည်၊ ထို့အပြင် မြေငှားစာချုပ်စည်းကမ်း ဖောက်ဖျတ်သည့် မြေများနှင့် ဂရန်သက်တမ်းကုန်သော်လည်း ယင်းမြေပေါ်တွင် ဆက်လက်နေထိုင် ပြီး မြေခွန်များကို မှန်မှန်ပေးဆောင်ခဲ့သူများ ၊ယင်းမြေ အဌားချထားခြင်း ခံရသူများ အနေဖြင့် ယနေ့ခေတ်တွင် ဂရန်မြေအဖြစ် လျှောက်ထားနိုင်သည်၊ မြေငှားစာချုပ် ( ဂရန်) ကျပြီးမှသာ ရောင်းဝယ်ပေါင်နှံခွင့်ရှိသည်။
(၆) ကျုးကျော်မြေ ။ မြေဌားစာချုပ်လည်း မရှိသလို၊ သက်ဆိုင်ရာမှ နေရာချ ထားပေးခြင်း မရှိဘဲ အစိုးရမြေ သို့မဟုတ် ပုဂ္ဂလိကမြေပေါ်တွင် ကျုးကျော်ေ နအိမ်ဆောက်လုပ်ထားသည့် မြေအမျိုးအစားဖြစ်သည်။ အဆိုပါ ကျုးကျော်မြေများကိုလည်း နိုင်ငံတောမှ စီစစ်ပြီး စီမံကိန်းတစ်ရပ်ရပ် ပေါ်ပေါက်ပါက ဖယ်ရှားခံရပါမည်၊ အင်္ဂလိပ်အစိုးရ လက်ထက်တွင် အစိုးရမှ ယင်းမြေကို လတ်တလော အသုံးမပြုသေးပါက အခွန်အခသတ်မှတ်ပြီး ကျုးဂရန် သတ်မှတ်ကာ မြေငှားခ ထမ်းဆောင်စေခဲ့သော်လည်း ယနေ့ခေတ်တွင် အသုံးပြုခြင်းမရှိတော့ပါ၊ ယင်းမြေများကို ရောင်းဝယ်ပေါင်နှံခွဲစိတ်ခွင့်မရှိပါ။
( ၇ ) သာသနာပိုင်မြေ ။ ဘုရားဝတ္တကမြေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရား ကျောင်း၊ဘုန်းတော်ကြီးကျောင်း ပိုင်မြေများနှင့် ဘာသာရေး ၊ ကိုးကွယ်ဝတ်ပြုမှု နှင့် သက်ဆိုင်သည့် မြေများဖြစ်သည်။
Ref & Photo Credit : Asia Land Real Estate
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties