By Mizzima, Shweproperty.com
Updated at 23 July 2014
ဝင်ငွေနည်း ပြည်သူများအတွက် သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာများ စီစဉ်ဆောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ယနေ့ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၃၃ ရက်မြောက်နေ့ အစီအစဉ်တွင် အစိုးရအဖွဲ့ကိုယ်စား ပြောကြားခဲ့သည်။
“တန်ဖိုးနည်းတိုက်ခန်းတွေကို ကျပ်သိန်း ၁၀၀ အောက် ရောက်ရှိစေရေးအတွက် နိုင်ငံတော်က Infrastructure အခြေခံအဆောက်အအုံလုပ်ငန်းတွေမှာ စိုက်ထုတ်အကုန်အကျခံရပါမယ်။ အဲဒီအတွက် ပြည်ထောင်စုအစိုးရထံ တင်ပြဆောင်ရွက်သွားပါ့မယ်”ဟု ၎င်းက အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ အမေးကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
တန်ဖိုးနည်းအိမ်ရာများရှိ တိုက်ခန်းတစ်ခန်းတန်ဖိုးမှာ မြေတန်ဖိုးမပါဘဲ ပျမ်းမျှကျပ်သိန်း ၁၂၀ ခန့် ရှိနေသည်။ မြို့ပြလုပ်ငန်း(Civil Work) အဖြစ် သိန်းတစ်ရာအောက်ဖြစ်အောင် ဆောက်လုပ်နိုင်သော်လည်း ထရန်စဖော်မာအပါအဝင် အတွင်း အပြင် လျှပ်စစ်လုပ်ငန်း၊ ရေသွယ်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ ရေဆိုးသန့်စင်လုပ်ငန်းတို့အပြင် ကွန်ကရစ်လမ်းနှင့် အုတ်ရေမြောင်းတို့ကိုပါ ပြည့်စုံစွာ စီမံဆောင်ရွက်ပေးရသဖြင့် အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ သို့ ရောက်ရှိရခြင်းဖြစ်သည်ဟု ဒု- ဝန်ကြီးက လွှတ်တော်သို့ ရှင်းပြသည်။
ကျပ်သိန်း ၁၀၀ အောက်သို့ ရောက်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနသည်တန်ဖိုးသင့်တင့်အိမ်ရာများ (Affor-dable Housing)နှင့်အဆင့်မြင့်အိမ်ရာများအား ပုဂ္ဂလိကလုပ် ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းကာ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတန်ဖိုးများ လျော့ကျစေသည့် နည်းလမ်းကို အသုံးပြုနေသည်ဟုလည်း ၎င်းကပြောသည်။
“ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ စနစ်အရ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဝင်ငွေနည်း ပြည်သူတွေရဲ့ တန်ဖိုးနည်းအိမ်ရာများကို ထောက်ပံ့ဖြည့်ဆည်းပေးခြင်း (Cross Subsidy) ဖြင့် တိုက်ခန်းတန်ဖိုးများ လျော့နည်းလာစေရန် စီမံဆောင်ရွက်လျက်ရှိပါတယ်”ဟု ဒု-ဝန်ကြီးက ပြောသည်။
အလုံအမတ် ဦးခိုင်မောင်ရည်၏ ဒုတိယမေးခွန်းဖြစ်သော “တန်ဖိုးနည်း အိမ်ရာများ ဝယ်ယူနိုင်စွမ်းမရှိသေးသည့် ဝင်ငွေနည်း ဝန်ထမ်းများ၊ ပင်စင်စားများအတွက် အငှားအိမ်ရာများ (Public Rental Housing) များ စီစဉ်ပေးနိုင်မှု ရှိ၊ မရှိဟူသည့် အမေးနှင့်ပတ်သက်၍လည်း ဦးစိုးတင့်က “အငှားအိမ်ရာတွေကို မြို့ပြစီမံကိန်းများအရ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွ့ဲများနဲ့ ညှိနှိုင်းပြီး ဘဏ္ဍာငွေခွင့်ပြုမှု၊ အိမ်ရာ မြေနေရာရရှိမှု၊ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များရဲ့ ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားပါမယ်”ဟု ဖြေကြားခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက လက်ရှိဆောက်လုပ်နေသည့် လှိုင်သာယာမြို့ နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို အပိုင်းသုံးပိုင်းခွဲပြီး တည်ဆောက်လျက်ရှိရာ ယခုအခါ ပထမအဆင့်ပြီးစီးပြီဖြစ် ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအမံဖြင့် ရောင်းချသွားရန် ၂၀-၆-၂၀၁၄ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားကြောင်း၊ ဆက်လက်တည်ဆောက်နေသည့် အပိုင်း(၂) နှင့်(၃)တို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြီးစီးမည်ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ လူဦးရေ တစ်သိန်းအထက်ရှိပြီး စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အချက်အချာကျသော မြို့ကြီး ၅၆ မြို့ တွင် မြို့ပြစီမံကိန်းများ ရေးဆွဲလျက်ရှိသည်ဟု ဒုတိယဝန်ကြီးက ပြောသည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties