By Myanmar Times, Shweproperty.com
Updated at 18 November 2015
အိမ်ခြံမြေလုပ်ငန်း ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းသို့ ရောက်လာသည့်အချိန်တွင် ဈေးကွက် ကို ယခင်ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် မျှော်မှန်း ထားသည့် အခြေအနေများရှိနေသော်လည်း လာမည့် ၂၀၁၆ တွင်မူ အိမ်ခြံမြေဈေးနှုန်းများ ချပေးနိုင်မှသာလျှင် ယခင်ဈေးကွက်၏ ပုံမှန် အနေထားသို့ ပြန်ရောက်နိုင်မည်ဖြစ်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင် များက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းများမှာလည်း အမြင့်ဆုံးအနေ အထားများသို့ ရောက်ရှိထားပြီး ဖြစ်သည့်အတွက် ၂၀၁၆ ခုနှစ်တွင် အရောင်းအဝယ်များ ပြန်ဖြစ်ရန်မှာ ၂၀၁၅ ခုနှစ်ထက် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ "ကျွန်တော်တို့ ခန့်မှန်းထား သလောက်တော့ လာမယ့်နှစ်မှာ အိမ်ခြံမြေအရောင်းအဝယ်တွေကတော့ အများကြီး ပြန်ဖြစ်လာ နိုင်ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းတွေကတော့ ဒီနှစ်နဲ့ ယှဉ်ရင် ဈေးနှုန်းတွေ ပြန်ကျမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၆ မှာ တိုက်ခန်းအသစ်တွေ၊ ကွန်ဒိုအသစ်တွေ အများကြီး ထွက်လာဖို့ရှိတယ်။ နောက်ပြီး မြို့သစ်တွေ ချဲ့ထွင်မယ်ဆိုရင်လည်း မြေနေရာ ပေါ်ထွက် လာမှုတွေကြောင့် ဈေးနှုန်းတွေ ပြန်ကျနိုင်ပါတယ်" ဟု ဦးနေမင်းသူက ပြောသည်။ အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၂ နောက်ပိုင်းတွင် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနည်းပါးမှုများကြောင့် ငွေကြေး ခိုင်မာကာ အမြတ် အစွန်းများသည့် မြေ၊ ကွန်ဒို၊ တိုက်ခန်းများ၏ အရောင်းအဝယ်များ မြင့် တက်မှုများကြောင့် ဈေးနှုန်းများ တစ်ရှိန် ထိုး မြင့်တက်ခဲ့ခြင်းဖြစ်သည်။
သို့သော် ၂၀၁၆ ခုနှစ်တွင် အစုရှယ်ယာ ဈေးကွက်များ ထွက်ပေါ်လာပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတိုးလာနိုင်မည့်အတွက် ယခင်က ရင်းနှီးမြှုပ်နှံမှု အားကောင်းခဲ့သည့် အိမ်ခြံမြေ ဈေးကွက်တွင် ဈေးနှုန်းများအနည်းငယ် ကျဆင်းနိုင်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင် များက သုံးသပ်သည်။ "ဒီ ၂၀၁၂ နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု ပိုင်းက အိမ်ခြံမြေ တစ်ခုပဲရှိ သလိုဖြစ်ခဲ့တော့ ဈေးနှုန်းတွေက အဆမတန်မြင့်တက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေ၊ ကားနဲ့ ဒေါ်လာတို့ရဲ ဈေးကွက်ကလည်း ဈေး မတည်ငြိမ်မှုတွေကြောင့် သူတို့ဘက်ကို ရင်းနှီး မြှုပ်နှံမှု နည်းသွားတယ်။ ဒါပေမဲ့ လာမယ့်နှစ် မှာ အစုရှယ်ယာဈေးကွက် ပေါ်လာမယ်ဆိုရင် ဒီအိမ်ခြံမြေဈေးနှုန်းတွေအပေါ် အကျိုး သက်ရောက်ပြီး ဈေးနှုန်းတွေ ပြန်ကျမယ်လို့ ခန့်မှန်းထားပါတယ်" ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များက ပြောသည်။
ထို့ကြောင့် လာမည့် ၂၀၁၆ ခုနှစ်တွင် အိမ်ခြံမြေဈေးနှုန်းများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင် နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း လုပ်ငန်း ရှင်များက ခန့်မှန်းကြသည်။ လတ်တလော ရွေးကောက်ပွဲပြီးစီးသွား သည့် နောက်ပိုင်းတွင်လည်း အိမ်ခြံမြေဈေးကွက်အတွက် အပြောင်းအလဲများ မဖြစ် လာသေးသော်လည်း နောက်တက်လာမည့် အစိုးရသစ်လက်ထက်တွင် အိမ်ခြံမြေလုပ်ငန်း ဆိုင်ရာမူဝါဒများ ကောင်းလာရန် မျှော်မှန်းထားသည်ဟု မန္တလေးအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ဦးတင်မောင်က ပြောသည်။
"အခုရွေးကောက်ပွဲ ပြီးသွားပြီဖြစ်တဲ့အတွက် လာမယ့် ငါးနှစ်သက်တမ်းမှာ ကောင်းမွန်တဲ့အစိုးရသစ်တစ်ရပ် ပေါ်လာ လိမ့်မယ်လို့ မျှော်လင့်တဲ့အတွက် ကျွန်တော်တို့ အိမ်ခြံမြေလုပ်ငန်းမှာလည်း အရောင်းအဝယ် လုပ်တဲ့သူတွေ အတွက် ဈေးကောင်းရခြင်း၊ မရခြင်းထက် အိမ်ခြံမြေလုပ်ငန်းအတွက် မူဝါဒတွေ ကောင်းမွန်လာဖို့ကိုပဲ မျှော်လင့် ပါတယ်" ဟု ၎င်းကပြောသည်။ လာမည့် အစိုးရသစ် လက်ထက်တွင် လည်း လက်ရှိအစိုးရထက် ကောင်းမွန်သည့် လက်ရှိ အိမ်ခြံမြေမူဝါဒတွေ ပေါ်ထွက်လာ ရန် မျှော်လင့်ကြောင်း ၎င်းကပြောသည်။ "အခုက မြို့ပြလိုနေရာတွေက မြေပိုင်ဆိုင်ဖို့၊ အိမ်ပိုင်ဆိုင်ဖို့ ခက်ခဲကြတယ်။ အဲဒီတော့ ကျူးကျော်အဖြစ်နဲ့နေ ထိုင်မှုတွေ ဖြစ်လာတယ်။ အဲဒါရဲ့ အဓိကအချက်က အိမ်ခြံမြေဈေးတွေ အဆမတန်ကြီးမြင့်တာဖြစ်တဲ့အတွက် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့က အိမ်ခြံမြေကို လွယ်လွယ်ကူကူနဲ့ ပိုင်ဆိုင်နိုင်ဖို့ကို တိကျတဲ့ မူဝါဒတွေနဲ့ ဆွဲနိုင်ဖို့ လိုအပ်ပါတယ်"ဟု ဦးတင်မောင်က ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties