By The Myanmar Times, Shweproperty.com
Updated at 27 December 2018
အပြောင်းအလဲတွေ အများအပြားဖြစ်ပေါ်ခဲ့တဲ့၂၀၁၈ ခုနှစ်ပြီးဆုံးပြီးနောက် လာမယ့် ၂၀၁၉ ခုနှစ်မှာတော့ အိမ်ခြံမြေကဏ္ဍအတွက် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်လဲဆိုတာ စိတ်ဝင်စားစရာပါ။
အများစုကတော့ လာမယ့်နှစ်မှာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး အိမ်ခြံမြေကဏ္ဍအတွက်သာမက နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ လိုလားနေကြပါတယ်။အထူးသဖြင့် အစိုးရက ခိုင်မာတဲ့ ဥပဒေစည်း မျဉ်းစည်းကမ်းတွေနဲ့ မူဝါဒတွေကို စနစ်တကျ ချမှတ်အကောင်အထည်ဖော်ပေးဖို့ လိုလားနေကြတာပဲဖြစ်ပါတယ်။
ဒီလိုသာ အကောင်အထည်ဖော်ပေးနိုင် မယ်ဆိုရင် ၂၀၁၉ တစ်နှစ်လုံးစာအတွက် နိုင်ငံရဲ့စီးပွားရေးအရှိန် ပြန်လည်ဦးမော့လာနိုင်ပြီး ယင်းနဲ့ဆက်စပ်နေတဲ့ ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေကဏ္ဍ ပိုမိုတိုးတက်လာနိုင်တယ်လို့ ယုံကြည်ကြောင်း Success Property Consultant ကုမ္ပဏီမှ Property Sales Director ဦးကျော်စည်သူက ပြောပါတယ်။
"နိုင်ငံခြားဘဏ်တွေကို စပြီးတော့ ချေးငွေချေးခွင့်ပေးတာမျိုးက အဓိကအချက်ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ အခြေခံအရေးကြီးတဲ့ ဆောက်လုပ်ရေးကဏ္ဍမှာ လုပ်ကိုင်နေကြတဲ့သူတွေရဲ့ အဓိကအခက်အခဲက ငွေကြေးလည်ပတ်မှု အရမ်းကျဉ်းကျပ်နေတဲ့ အနေအထားမှာဖြစ်နေပါတယ်"လို့ ဦးကျော်စည်သူကဆိုပါတယ်။
ဒီလိုအနေအထားမျိုးမှာ ချေးငွေတွေပြန်ပြီးချပေးမယ်ဆိုရင် အိမ်ခြံမြေ၊ ဆောက်လုပ်ရေးလောကနဲ့ ကွန်ဒိုဈေးကွက်၊ တိုက်ခန်းဈေးကွက်တွေ ပိုပြီးတော့ဦးမော့လာနိုင်မှာဖြစ်ပြီး ဒီလိုကောင်းမွန်တဲ့ အခြေအနေတွေကို ဆက်ထိန်းထားနိုင်ဖို့က ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေက ပိုပြီးအသက်ဝင်လှုပ်ရှားဖို့ လိုအပ်နေပါတယ်။
လက်ရှိ ရှိနေပြီးသား ဥပဒေတွေနဲ့ ထွက်ရှိလာဖို့ လိုအပ်နေတဲ့ ဥပဒေတွေဟာ ၂၀၁၉ ရဲ့ ပထမ လေးလပတ်လောက်မှာစပြီး အသက်ဝင်လာမယ်ဆိုရင်တော့ လာမယ့်နှစ်ရဲ့ နောက်ပိုင်းတွေမှာတော့ သိသိသာသာ အားကောင်းလာပြီး ဦးမော့လာနိုင်ဖို့ အရှိန်ယူမယ့် အချိန်ကောင်းဖြစ်လာလိမ့်မယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက မျှော်လင့်ထားကြပါတယ်။
"အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်နဲ့ ဆောက်လုပ်ရေးကဏ္ဍရဲ့ တိုးတက်မှုအခြေ အနေကတော့ ၂၀၁၉ ဟာ တိုးတက်ဖို့ အရှိန်ရမယ့်ကာလလို့ မြင်ပါတယ်။ ၂၀၂၀ လောက်မှာ ပိုပြီးအားကောင်းလာမယ်"လို့ ဦးကျော်စည်သူက ပြောပါတယ်။
ဒါ့ပြင် အိမ်ခြံမြေကဏ္ဍအလားအလာ ပိုကောင်းလာဖို့ အခွန်တွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က လာမယ့်ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှုတွေကို နည်းနည်းဖြေလျှော့ပေးမယ်ဆိုရင် ဒီထက်မက ပိုကောင်းလာမယ့်အနေအထားရှိတယ်လို့လည်း ဦးကျော်စည်သူက ဆိုပါတယ်
၂၀၁၈ ခုနှစ်ထဲမှာ အိမ်ခြံမြေဆိုင်ရာ ဥပဒေတွေကို အစပျိုးခဲ့တဲ့အတွက် လာမယ့် ၂၀၁၉ မှာတော့ အရှိန်ကောင်းလာပြီး ပိုပြီးလှုပ်လှုပ်ရှားရှားဖြစ်လာမယ်လို့မြင်ကြောင်း ShweProperty.com က ဒါရိုက်တာ ဦးကောင်းသူဝင်းက ပြောပါတယ်။
"လာမယ့် ၂၀၁၉ မှာတော့ ဘဏ်တွေကလည်း ဝယ်ယူသူတွေအတွက် ချေးငွေဆိုင်ရာဝန်ဆောင်မှုတွေကို ပိုမိုလုပ်ပေးလာမယ့် အလားအလာတွေရှိတဲ့အတွက် ရွေးချယ်စရာတွေ ပိုများလာမှာပဲဖြစ်ပါတယ်"လို့ သူက ဆိုပါတယ်။
တိုက်ခန်းဥပဒေကို လာမယ့်နှစ်ထဲမှာ အကောင်အထည်ဖော်ကျင့်သုံးနိုင်ခဲ့ရင် ရောင်းသူနဲ့ ဝယ်သူကြား ယုံကြည်မှု၊ ပိုင်ဆိုင်မှုတွေ ပိုမိုခိုင်မာလာပြီးတော့ ဈေးကွက်ပိုမိုကောင်းမွန်လာဖို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေ အားလုံးက မျှော်မှန်းထားကြပါတယ်။ အလားတူပဲ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကိုလည်း အမြန်အကောင်အထည်ဖော်နိုင်တဲ့အခါ ဈေးကွက်ပိုမိုကောင်းမွန်လာဖို့ အထောက်အကူဖြစ်လာစေမှာပဲ ဖြစ်ပါတယ်။
"ဒီ ဥပဒေနှစ်ခုကိုတော့ လာမယ့်နှစ်ထဲမှာ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရင် အကောင်းဆုံးဖြစ်မှာပါ၊ ဖြစ်လည်းဖြစ်စေချင်ပါတယ်"လို့ ဦးကောင်းသူဝင်းက ပြောပါတယ်။
အိမ်ခြံမြေလောကနဲ့ ဆက်စပ်နေတဲ့ ကွန်ဒိုဥပဒေကို ၂၀၁၈ အတွင်းမှာ ထဲထဲဝင်ဝင် စတင်ကျင့်သုံးနိုင်ဖို့ မျှော်လင့်ထားခဲ့ပေမဲ့ ယခုအချိန်ထိ ကျင့်သုံးနိုင်ခြင်းမရှိသေးကြောင်း၊ ၂၀၁၉ မှာ စတင်ကျင့်သုံးနိုင်ပြီး ရောင်းသူနဲ့ ဝယ်သူကြားမှာ ယုံကြည်မှုပိုလာပြီး အိမ်ခြံမြေလောကအရောင်းအဝယ် ပိုဖြစ်လာမယ်လို့ ဦးနေမင်းသူက သူ့အမြင်ကို ပြောပါတယ်။
"အစိုးရအနေနဲ့ ကြိုးနီစနစ်တွေကို ဖြေလျှော့ပေးနိုင်ရင် ကောင်းမယ်၊ အခုက ၂၁ ရာစုမှာ အလုပ်တွေကို မြန်မြန်ဆန်ဆန်နဲ့ လုပ်နိုင်ရင် ပိုပြီးမြန်မြန်ဆန်ဆန် တိုးတက်လာမယ်"လို့ သူကပြောပါတယ်။
လက်ရှိမှာ ဥပဒေကြမ်း ရေးဆွဲလျက်ရှိတဲ့ တိုက်ခန်းဥပဒေကိုလည်း လွှတ်တော်မှာအမြန်အတည်ပြုပြီး လက်တွေ့ကျင့်သုံးနိုင်အောင် အစိုးရကဆောင်ရွက်ပေးမယ်ဆိုရင် လာမယ့် ၂၀၁၉ ခုနှစ်မှာ အိမ်ခြံမြေဈေးကွက်အခြေအနေ တိုးတက်ကောင်းမွန်လာမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။ နိုင်ငံရဲ့စီးပွားရေးအခြေအနေကောင်းလာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာမယ်ဆိုရင် အိမ်ခြံမြေကဏ္ဍမှာ ပိုပြီးအားတက်စရာဖြစ် လာမှာ ဖြစ်ပါတယ်။
အငှားပိုင်းမှာတော့ ရန်ကုန်မှာ အဆင့်မြင့်ကွန်ဒိုတွေက ရှားပါးနေပြီး ပရောဂျက်တွေရဲ့ ပြီးဆုံးရမယ့် အချိန်က နောက်ကျနေတဲ့အတွက် အခန်းတွေ များများပေါ်ထွက်လာဖို့ လိုအပ်နေပါတယ်။ လာမယ့်နှစ်နှစ်၊ သုံးနှစ်လောက်အထိကတော့ ငှားရမ်းမှုနှုန်းက ငြိမ်နေနိုင်ပေမဲ့ ငှားရမ်းခတွေပိုပြီး ဈေးကျလာမယ်လို့ထင်ကြောင်း ဦးကျော်စည်သူက ပြောပါတယ်။
ကွန်ဒိုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ချင်တဲ့သူတစ်ဦးက တစ်နှစ်အတွင်းမှာ ၎င်းရင်းလိုက်တဲ့ပမာဏရဲ့ ဘယ်လောက်ရာခိုင်နှုန်း ပြန်ရမလဲဆိုတာ တွက်ချက်ကြပါတယ်။ ဒီတော့ အငှားဈေးနှုန်းကျသွားလေ ကွန်ဒိုဘက်ကို ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေက အနည်းငယ် တွန့်ဆုတ်သွားလေ ဖြစ်တတ်ပါတယ်။
လက်ရှိမြန်မာပြည်ရဲ့ ကွန်ဒိုအခန်း အရေအတွက်က နိုင်ငံတကာနဲ့ယှဉ်ရင် အရမ်းနည်းပါးတဲ့ အနေအထားမှာရှိနေပါတယ်။ ရန်ကုန်မှာ နှစ်စဉ်ပျမ်းမျှငှားရမ်းနိုင်တဲ့ ကွန်ဒိုအခန်းအရေအတွက်က ၆ဝဝဝ နဲ့ ၈ဝဝဝ ကြားသာရှိတဲ့အတွက် သောင်းဂဏန်းဝန်းကျင်ခန့်ရှိတဲ့နိုင်ငံခြားသားအရေအတွက်ကို လုံလောက်အောင် ငှားရမ်းပေးနိုင်ခြင်း မရှိသေးတာကြောင့်နောက်ထပ် ၁၀ နှစ်ခန့် ကြိုးစား ဆောက်လုပ်ရဦးမှာ ဖြစ်တယ်လို့လည်း ဦးကျော်စည်သူက ဆိုပါတယ်။
Ref & Photo Credit : The Myanmar Times
Posted : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties