By The Voice, Shweproperty.com
Updated at 20 June 2017
တစ်လလျှင် ကျပ်သုံးသိန်းအောက် ဝင်ငွေရှိသည့် မိသားစုများကို နေအိမ်၊ တိုက်ခန်း ပိုင်ဆိုင်ခွင့်ရရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)၊ အိမ်ရာချေးငွေဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမျိုးတင့်က ပြောကြားသည်။ CHDB ဘဏ်၏ အိမ်ရာစုဆောင်း ငွေစာရင်းတွင် အိမ်တန်ဖိုး ၃၀ ရာခိုင်နှုန်း ပြည့်မီသူများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဖော်ထုတ်သော တိုက်ခန်းများ ဝယ်ယူခွင့်ရရန် ဆောင်ရွက်ပေးနေပြီး ဝင်ငွေနည်း မိသားစုများ အထူးသဖြင့် ကျပ်သုံးသိန်းအောက် ဝင်ငွေရှိသူများကို အိမ်ပိုင်ဆိုင်ခွင့် လက်လှမ်းမီရန် စီစဉ်နေသည်ဟု ၎င်းက ဆိုသည်။ “သုံးသိန်းအောက် ဝင်ငွေရှိသူတွေ အတွက် ဘယ်လိုစဉ်းစားမလဲဆိုတဲ့ အချက်ကို တာဝန်ရှိသူတွေ၊ ဘဏ်တွေက စဉ်းစားနေတယ်။ ဝင်ငွေသုံးသိန်းအောက် Level တွေကို ထိရောက်အောင် လုပ်ပေးမှသာ ဝင်ငွေနည်း ပြည်သူတွေအတွက် ထိရောက်မှုရှိတဲ့ အစီအစဉ်ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရန် နိုင်ငံတော်ချေးငွေနှင့် နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ချေးငွေများရရန် ညှိနှိုင်းနေပြီး ယင်းလုပ်ငန်းစဉ်များ အဆင်ပြေလျှင် ကျပ်သုံးသိန်းအောက် ဝင်ငွေရှိသူများကိုပါ ချေးငွေပေးနိုင်မည် ဖြစ်သည်။ CHDB ဘဏ်သည် အိမ်ရာ၊ တိုက်ခန်းများ ဝယ်ခွင့်ရရန် ယင်းဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်ထားသူများကို နှစ်ရှည်ချေးငွေထုတ်ပြီး ယင်းချေးငွေကို ဆယ်နှစ်အတွင်း လစဉ်အရစ်ကျ ပေးဆပ်ရသည်။ ကျပ်သိန်း ၁၀ဝ တန် တိုက်ခန်းဝယ်ယူလျှင် (စုဆောင်းငွေ ၃၀ ရာခိုင်နှုန်း) ကျပ်သိန်းသုံးဆယ်ကို ဘဏ်တွင်စုဆောင်းထားသဖြင့် ကျန်ကျပ်သိန်း ၇၀ ကို ဘဏ်က ချေးပေးထားသည်။ အရစ်ကျပေးချေးမှုသည် တစ်လလျှင် တစ်သိန်းနှုန်း ဆယ်နှစ်ခန့် ဖြစ်သည်။ ထို့ကြောင့် တစ်လလျှင် ကျပ်သုံးသိန်း ဝင်ငွေရှိသူများသာ လက်လှမ်းမီသည့် သဘောဖြစ်ပြီး ယင်းဝင်ငွေအောက် လျော့နည်းသော မိသားစုများအတွက် စုဆောင်း ငွေ ၂၀ ရာခိုင်နှုန်း၊ ချေးငွေပြန်ဆပ်ကာလ နှစ် ၂၀ အထိ တိုးမြှင့်ရန် စီစဉ်နေကြောင်း CHDB ဘဏ်ထံမှ သိရသည်။ သို့ဆိုလျှင် စုဆောင်းငွေ သိန်းနှစ်ဆယ်၊ အရစ်ကျပေးဆပ်ငွေ တစ်လလျှင် ၆ သောင်း သို့မဟုတ် ၇ သောင်း ပေးသွင်းလျှင် တိုက်ခန်းဝယ်နိုင်သည်။ လက်ရှိတွင် လူဦးရေ ၁၄၀ဝ ကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဖော်ထုတ်သော တိုက်ခန်းများ ဝယ်ယူခွင့်ရရန် ချေးငွေထုတ်ပေးထားပြီး စုစုပေါင်း ကျပ် ၁၀ ဘီလီယံခန့် ရှိသည်။ ယင်းဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူ စုစုပေါင်း ၁၇၀ဝ၀ ကျော် ရှိသည်။ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသည် လမည့်နှစ်အတွင်း နေအိမ်ပေါင်း ၈၀ဝ၀ ကျော်ဖော်ထုတ်ရန် စီစဉ်ထားသည်။
Ref & Photo Credit : The Voice
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties