By The Voice, Shweproperty.com
Updated at 22 November 2017
ဂျပန်ဆောက်လုပ်ရေး ကုမ္ပဏီ Kajima က အမေရိကန်ဒေါ်လာသန်း ၄၀ဝ ကျော် ရင်းနှီးမြှုပ်နှံ၍ ရန်ကုန်မြို့တော်၏ အိမ်ရာ တည်ဆောက်ရေး ကဏ္ဍသို့ ဝင်ရောက်လာပြီဖြစ်သည်။
Kajima ကုမ္ပဏီက ရန်ကုန်မြို့တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် မြေနေရာပေါ်တွင် ဟိုတယ်တစ်လုံးနှင့် အထပ်မြင့် အဆောက်အအုံသုံးလုံး တည်ဆောက်ခွင့်ကို ရရှိထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ စီမံကိန်းကို ရန်ကင်း ဆရာစံ လမ်းထောင့်ရှိ မြေကွက်ကိုးကွက်ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏပေါင်းမှာ အမေရိကန် ဒေါ်လာသန်း ၄၀ဝ ကျော်ရှိကြောင်း၊ ယင်းစီမံကန်းအတွက် ကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့အကြား နားလည်မှု စာချွန်လွှာတစ်ရပ်ကို နိုဝင်ဘာလအတွင်း ရေးထိုးခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
ဂျပန်ကုမ္ပဏီသည် မြေနေရာအတွက် အစိုးရထံမှ နှစ် ၇၀ ငှားရမ်းထားကာ အထပ်နှစ်ဆယ်ရှိသည့် ဟိုတယ်တစ်လုံးနှင့် အထပ်မြင့်အိမ်ရာ အဆောက်အအုံသုံးလုံး ဆောက်လုပ်မည်ဖြစ်သည်။
ထို့ပြင် ယခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများအရ အိမ်ရာတည်ဆောက်ရေး လုပ်ငန်းကဏ္ဍမှာ ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။
“ဂျပန်ကုမ္ပဏီက MIC က ခွင့်ပြု မိန့်ရတာကြာလှပြီ။ အခုမှ MoU ထိုးတာ။ ဒီနှစ်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းတွေကို ပြန်ကြည့်မယ်ဆိုရင် အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းက ဒုတိယ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်တယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောကြားသည်။
ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း အိမ်ရာ တည်ဆောက်ရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ကိုးခုဝင်ရောက်ခဲ့ပြီး ပမာဏမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ရှိကြောင်း၊ ဟိုတယ်ကဏ္ဍတွင်မူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း သုံးခု ဝင်ရောက်ခဲ့ပြီး ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၅၄ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
လက်ရှိ အစိုးရတက်ခါစတွင် ဆောက်လုပ်ရေး လုပ်ငန်းများကို ပြန်လည်စစ်ဆေးရန် ရပ်တန့်မှုများ ရှိခဲ့သည့်အတွက် ယခင်နှစ်က ယင်းကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်နှုန်းမှာ နည်းပါးခဲ့ကြောင်း၊ ယခုနှစ်တွင်မူ စက်မှု ကုန်ထုတ်လုပ်ငန်းကဏ္ဍပြီးပါက နိုင်ငံခြားသားများ စိတ်ဝင်စားမှုများလာသည့် ဒုတိယ စီးပွားရေးလုပ်ငန်း ဖြစ်လာသည်။
“အခုဆို အိမ်၊ ခြံ၊ မြေဈေးကွက်က အကျဘက်ကို ဆက်တိုက် ရောက်နေတာဆိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ လိုတယ်။ ဒါမှ ပြည်တွင်းဈေးကွက်လည်း ပြန်ပြီးတော့ အဆင်ပြေလာမယ်”ဟု အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်အေးက ပြောကြားသည်။
Ref : The Voice
Photo Credit : MMbiztoday
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties