သင်သိပါသလား? 
အိမ်တွင်း၊ အခန်းတွင်းမှာ အပင်လေးတွေကို စိုက်ထားခြင်းဟာ မျက်စိအေးပြီး တစ်မျိုးလေး ဆွဲဆောင်မှု ရှိစေတဲ့အပြင် အခန်းတွင်းလေထုကိုလည်း သန့်စင်ပေးနိုင်တယ်ဆိုတာ....။ 

ရုပ်ဝတ္တုပစ္စည်းတွေ တိုးတက်လာပြီဖြစ်တဲ့ ယနေ့ခေတ်မှာ မြို့ကြီးတွေမှာဆိုရင် တစတစ လေထုညစ်ညမ်းမှုတွေ တိုးများလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ညစ်ညမ်းလာတဲ့ လေထုကို သန့်စင်ပေးနိုင်တဲ့ မျက်လုံးအေးစရာ အပင်စိမ်းစိမ်းလေးတွေကို အိမ်တွေ၊ ရုံးခန်းတွေမှာ ချစ်စရာဒီဇိုင်းအမျိုးမျိုးရှိတဲ့ ပန်းအိုးလေးတွေနဲ့ အလှဆင် စိုက်ပျိုးလာကြပါတယ်။ အပင်လေးတွေဟာ အခန်းထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ပြန်ပေးနိုင်တဲ့ အပင်လေးတွေဟာ အခန်းတွင်း လေထုကို သန့်စင်စေလို့ အသက်ရှုဝစေပါတယ်။ အပင်လေးတွေ များစွာရှိတဲ့အထဲမှာမှ အိမ်အပြင် ခြံထဲမှာ စိုက်စရာမလိုဘဲ အခန်းတွင်း၊ ဝရံတာ၊ အိပ်ခန်း စတဲ့နေရာတွေမှာ စိုက်ပျိုးနိုင်ပြီး အလွယ်တကူ ရှင်သန်လွယ်တဲ့ အပင်လေးတွေကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်နော်။ 

- အလှစိုက်အုန်း
အလှစိုက်အုန်းလေးတွေဟာ အိမ်တွင်းမှာစိုက်ဖို့ အကောင်းဆုံးအပင်တစ်ခုပါပဲ။ နေရောင်နည်းနည်းလေးရတဲ့နေရာမှာတောင် ကောင်းကောင်းရှင်သန်နိုင်တဲ့ အပင်တွေဖြစ်ကြလို့ အရိပ်ထဲမှာ ထားလို့ရပါတယ်။ အုန်းပင်လေးတွေဟာ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတ်ငွေ့အတော်များများကို စုပ်ယူပြီး အနီးအနားကလေထုရဲ့ အစိုဓာတ်ကိုထိန်းပေးတာကြောင့် လေထုကို သန့်စင်စေပါတယ်။

 
- ပင်စိမ်း
အညှီနံ့ကို ထိန်းချုပ်ရာမှာ ဆရာကျပြီး ဟင်းခတ်အမွှေးအကြိုင် အနေနဲ့လည်း အသုံးပြုတဲ့ ပင်စိမ်းပင်ဟာ အခန်းတွင်း အနံ့ဆိုးတွေကို စုပ်ယူကာ လေထုကို သန့်စင်စေနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။ ဒါ့အပြင် ပင်စိမ်းရွက်ကနေ ထုတ်လွှတ်တဲ့ အနံ့တစ်မျိုးက လူကို လန်းဆန်းစေတာကြောင့် စိုးရိမ်ကြောင့်ကြမှုတွေကို ပြေလျော့စေပါတယ်။ ရှင်သန်လွယ်တာကြောင့် အခန်းထဲမှာ အိုးလေးနဲ့စိုက်ထားနိုင်ပါတယ်။ 

- ပိန်းပင် 
အရွက်စိမ်းစိမ်းဖားဖားနဲ့ ပိန်းပင်လေးတွေကို အိမ်၊ ဟိုတယ်၊ ဘား တော်တော်များများမှာ စိုက်ပြီးအလှဆင်ထားတာ တွေ့ရလေ့ရှိပါတယ်။ ဒီပိန်းပန်းပင်လေးက အခန်းတွင်းရဲ့ စိုထိုင်းစကို ထိန်းသိမ်းပေးနိုင်ပြီး အောက်ဆီဂျင်ထုတ်လွှတ်ပေးနိုင်တာကြောင့် လေထုကို သန့်စင်စေနိုင်ပါတယ်။ ပိန်းပင်လေးတွေဟာ လေထဲက အဆိပ်အတောက်တွေကိုလည်း စစ်ထုတ်ပေးတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ နေရောင်ခြည်မလိုတဲ့ အရိပ်ထဲမှာ စိုက်ရင်တောင် ကောင်းစွာရှင်သန်နိုင်တာကြောင့် အိမ်မှာစိုက်ပျိုးထားဖို့ အသင့်တော်ဆုံးပါပဲ။

ကဲ...ဒီဆောင်းပါးလေးကို ဖတ်ပြီးပြီ ဆိုရင်တော့ အိမ်မှာစိုက်ဖို့ အပင်လေးတွေ ရွေးချယ်ဖို့ စိတ်ကူးလေးတစ်ခု ရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် ဗဟုသုတဖြစ်စရာ ဆောင်းပါးလေးတွေကိုလည်း ရေးသားဖော်ပြသွားဦးမှာဖြစ်လို့ Shwe Property website ကို ခဏခဏ ဝင်ရောက်ဖတ်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

တစိမ့်စိမ့်နဲ့ ဘေးဖြစ်နေစေတဲ့ လူတော်တော်များများသတိမထားမိသော အိမ်တွင်းအန္တရာယ်တွေ 

ချွေတာရေးနည်းနဲ့ အိမ်ပြင်မယ်

အိမ်နိမိတ်များအကြောင်း သိကောင်းစရာ 

အိမ်ရဲ့ ဧည့်ခန်းလေး နဂိုထက် ကျယ်သယောင် ထင်သွားစေမယ့် အပြင်အဆင်များ 

Posted By : John (ShweProperty.com)