By Wut Yee Htun (Shweproperty.com), Shweproperty.com
Updated at 23 August 2017
ပန်းခြံ၊ မြစ်ပြင်အလှတွေနဲ့ စေတီပုထိုးတွေအစား ရန်ကုန်မြို့ပြရဲ့ ပုံရိပ်ရှုခင်းတွေအဖြစ် လက်ရှိအချိန်မှာ ပြောင်းလဲလာတာကတော့ အထပ်မြင့်အဆောက်အအုံတွေပဲ ဖြစ်ပါတယ်။ အရင်က လမ်းဘေး လက်ဖက်ရည် ဆိုင်တွေကြား စကားလက်ဆုံကျရင်း ထွက်ပေါ်လာတဲ့ ရယ်မောသံအစစ်တွေအစား အခုချိန်မှာတော့ အထပ်မြင့် အဆောက်အဦးပေါ်က အဆင့်မြင့်ကော်ဖီဆိုင်တွေကြား စကားလက်ဆုံကျရင်း ထွက်ပေါ်လာတဲ့ ဈေးကြီးကြီး ရယ်မောသံတွေက အစားထိုးလာပါတယ်။
လမ်းဘေး၊ ပန်းခြံနဲ့ မြေကွက်လပ်တစ်ချို့မှာ ဆော့ကစားနေတဲ့ ကလေးငယ်တွေအစား အဲယားကွန်းအငြိမ့်စား နဲ့ အေးစက်နေတဲ့အထပ်မြင့်အဆောက်အဦးထဲက အဆင့်မြင့်ကစားကွင်းတွေဟာ ကလေးငယ်တွေရဲ့ ကစား စရာပုံစံခွက်တစ်ခုအဖြစ် အဆင်သင့်စောင့်ဆိုင်းနေတဲ့ မြို့ပြရဲ့ မာယာတွေပဲဖြစ်ပါတယ်။ ဒီလို မာယာတွေနဲ့ ပြည့်နှက်နေတဲ့ ရန်ကုန်မြို့တော်ကြီးမှာ မာယာလုတမ်းကစားနေကြတဲ့ စီးပွားရေးသမားတွေရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတဲ့လုပ်ငန်းတွေလည်း များစွာရှိပါတယ်။
ရန်ကုန်မြို့တော်မှာ လူချမ်းသာတွေအတွက် ဇိမ်ခံအိမ်ရာဈေးကွက်ရှိသလို၊ အလယ်အလတ်နဲ့ အခြေခံ လူတန်းစားတွေအတွက် တန်ဖိုးသင့်အိမ်ရာဈေးကွက်လည်း သီးသန့်ရှိပါတယ်။ ကျပ်သိန်း(၂၀၀)ကနေ (၁၀၀၀)ကျော်ထိ အသီးသီးသတ်မှတ်ထားတဲ့ အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတဲ့ တန်ဖိုးသင့်တိုက်ခန်းတွေရဲ့ ဝယ်လိုအားဈေးကွက် အေးစက်နေတယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ကြပေမယ့် ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ အတူ ကျင်းပနေတဲ့တန်ဖိုးသင့်အိမ်ရာ အရောင်းပြပွဲတွေမှာတော့ လူကြိတ်ကြိတ်တိုးနေဆဲပါပဲ။
“ဝယ်လိုအားမများသေးဘူး၊ လောလောဆယ်တော့ပုံမှန်ပါပဲ၊ ပြီးခဲ့တဲ့ (၆)လလောက်ကတည်းက အရောင်း အဝယ်လုံးဝအေးနေတယ်။ အကျိုးအမြတ်က သိပ်မရှိသေးဘူး” လို့ ကျပ်သိန်း(၂၀၀)ကနေ စတင်ရောင်းချပေး နေတဲ့ Future Dream Construction ရဲ့ မန်းနေးဂျင်းဒါရိုက်တာ ကိုဇော်မျိုးထက်က ပြောပါတယ်။
တန်ဖိုးမြင့်နဲ့တန်ဖိုးသင့်အိမ်ရာတွေတိုင်းမှာ အရစ်ကျစနစ်နဲ့ အိမ်ဝယ်နိုင်ဖို့ စီစဉ်ပေးထားပေမယ့် တန်ဖိုးသင့်အိမ် ရာတွေသာ ဝယ်လိုအားများပြားနေတာဖြစ်ပါတယ်။ တန်ဖိုးသင့်အိမ်ရာတွေမှာလည်း အရစ်ကျစနစ်တွေ၊ ဘဏ်ချေးငွေစနစ်တွေနဲ့ ချိတ်ဆက်ထားပေမယ့်လည်း အရောင်းအဝယ်အေးနေပါသေးတယ်။
“သံဈေးဆိုရင် သိန်းနဲ့ချီပြီးတက်တယ်။ ကျောက်ဈေးတက်တယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် ကုန်ကြမ်းတွေက အရမ်းဈေးကြီးတော့ အကျိုးအမြတ်နည်းတယ်။ သိန်း(၂၀၀)တန်တိုက်ခန်းကိုတောင် (၁၅၀) လောက်ချရောင်းမှ အဝယ်လိုက်တယ်။ ဝယ်လိုအားနဲ့ ကုန်ပစ္စည်းမြင့်တက်မှုက မမျှဘူး” လို့ ကိုဇော်မျိုးထက်က ဆိုပါတယ်။
တန်ဖိုးသင့်တိုက်ခန်းတွေကို ရန်ကုန်ဒေသခံတွေ စိတ်ဝင်စားကြပေမယ့် ကြိုပွိုင့်စနစ်နဲ့ ရောင်းတဲ့ တိုက်ခန်းတွေ ကတော့ ယုံကြည်မှုရယူဖို့ ခက်ခဲနေသေးတာကြောင့် အဝယ်မလိုက်သေးပါဘူး။ လက်ရှိမှာ မျက်မြင်ဆောက် လုပ်ပြီးသား တိုက်ခန်းတွေသာ ရောင်းအားအနည်းငယ်လိုက်နေပေမယ့် ကြိုပွိုင့်စနစ်နဲ့ ရောင်းနေတာကတော့ မရှိသလောက်ပါပဲ။ တိုက်ခန်းတွေနဲ့ ပတ်သက်ပြီး Apartment Law မရှိသေးတာကြောင့် ရောင်းသူနဲ့ဝယ်သူ ကြားယုံကြည်ရခက်ခဲတဲ့ အခြေအနေတွေရှိနေဆဲပါပဲ။
မြန်မာအစိုးရကလည်း တန်ဖိုးသင့်တိုက်ခန်းတွေကို နှစ်ရှည်အရစ်ကျစနစ်နဲ့ ဆောက်လုပ်ရောင်းချပေးနေပေ မယ့် ရန်ကုန်မြို့ပြင်ဘက်မှာသာ အဓိကဆောက်လုပ်နေတာဖြစ်ပါတယ်။ အသင့်တော်ဆုံးဈေးနှုန်းတွေနဲ့ ရောင်းချပေးနေပေမယ့် သွားလာရေးကိစ္စနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေအဖို့ အဆင်မပြေမှုတွေ များပါတယ်။
“အဓိကက ဘဏ်နဲ့ အစိုးရပူးပေါင်းပြီး ပြည်သူတွေကို (၅)နှစ်ကနေ (၁၀)နှစ်အထိ တန်ဖိုးမျှတအိမ်ရာတွေ ပေးနိုင်အောင် လွယ်ကူလျင်မြန်တဲ့ နည်းလမ်းတွေ သူတို့စဉ်းစားဖို့လိုလာပြီ၊ ဥပဒေတွေ နည်းဥပဒေတွေ စဉ်းစားဖို့လိုလာပြီ၊ လူလတ်တန်းစားတွေနဲ့ ဆောက်လုပ်ရေးတွေကို အဆင်ပြေစေမယ့် Apartment Law တွေလည်း စဉ်းစားဖို့လိုလာပြီ” လို့ တိုးတက်သာဆောက်လုပ်ရေးကုမ္ပဏီလိမိတက်ရဲ့ အမှုဆောင်အရာရှိချုပ် ကိုသက်နိုင်ဦးက ပြောပါတယ်။
ရန်ကုန်မြို့ခံတွေအပြင် တစ်နယ်တစ်ကြေးကနေ လာရောက်ပြီး အလုပ်လုပ်ကိုင်နေထိုင်ကြတဲ့သူတွေ၊ အိမ်ငှားဘဝနဲ့နေထိုင်တဲ့သူတွေအတွက် အရစ်ကျစနစ်နဲ့ အိမ်ဝယ်ဖို့က အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါ တယ်။
“ လက်ရှိမှာအရောင်းအဝယ်အေးနေတာဟာ ဝါတွင်းကာလကြောင့်လို့ ကျွန်တော်ထင်တယ်။ ဝယ်နှုန်းကျတယ်။ ရင်းနှီးမြှုပ်နှံမှုကျတယ်။ နေမယ့်သူတွေတော့ များပါတယ်။ ဝန်ဆောင်မှုကောင်းကောင်းပေးရင်တော့ ပိုကြိုက်ကြပါတယ်။ ဝါတွင်းကာလ အပြီး ပွင့်လင်းရာသီရောက်လာရင်တော့ အခြေအနေပြောင်းသွား နိုင်တယ်။” လို့ SKK Family Construction ရဲ့ မန်နေဂျာဖြစ်သူ ကိုစည်သူက မှတ်ချက်ပေးပါတယ်။
တန်ဖိုးသင့်တိုက်ခန်းတွေနဲ့အပြိုင် ရောင်းချနေတဲ့ ဇိမ်ခံအိမ်ရာတွေရဲ့ ဈေးကွက်ကတော့ သူတို့ပစ်မှတ်ထားတဲ့ သူတွေဆီ အရောက်လှမ်းနိုင်ပေမယ့် နိုင်ငံခြားသားတွေကတော့ ကွန်ဒိုမီနီယံနည်းဥပဒေ အတည်မပြုသေးတဲ့ အပေါ်မှာ ဒီဇိမ်ခံအိမ်ရာတွေကို အကျိုးအမြတ်အတွက်ဖြစ်စေ၊ နေထိုင်ဖို့အတွက်ဖြစ်စေ ဝယ်ယူခွင့်မရရှိသေးပါဘူး။
Written By : Wut Yee Htun (Shweproperty.com)
Photo Credit : Social
Posted By : Ra Wai (Shweproperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties