By Eleven Media Group, Shweproperty.com
Updated at 5 January 2016
ရန်ကုန်မြို့တွင် တည်ဆောက်ခဲ့ပြီးသော တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများအား ဝင်ငွေနည်း ပြည်သူများ မဝယ်ယူနိုင်ဘဲ အိမ်ရာအခန်းများမှာ အမှန်တကယ် အိမ်ရာလိုအပ်သူများထက် ကြားပွဲစားများ လက်ထဲသို့သာ ရောက်ရှိနေကြောင်း ရန်ကုန်မြို့ရှိ အိမ်ရာများနှင့် ပတ်သက်၍ သုတေသန ပြုလုပ်နေသူ ဦးဇင်မင်း၏ ပြောကြားချက်အရ သိရသည်။
အစိုးရ အနေဖြင့် ဝင်ငွေနည်း လူတန်းစားများအတွက် တန်ဖိုးနည်း အိမ်ရာစနစ်များကို ထူထောင်ပေးနိုင်မှု မရှိဘဲ ယခုတည်ဆောက်ခဲ့သည့် တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများသည်လည်း ဝယ်ယူနိုင်စွမ်း မရှိသည့် အိမ်ရာများ ဖြစ်နေပြီး ဝင်ငွေနည်း ပြည်သူများ မဝယ်ယူနိုင်ကြောင်း ၎င်းက ပြောကြားသည်။
ရန်ကုန်မြို့တွင် တည်ဆောက်ခဲ့ပြီးသော တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများအား အနည်းဆုံး ကျပ်သိန်း ၁၁၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ ကျော်အထိ ဈေးနှုန်းများဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး လှိုင်သာယာရှိ ရွှေလင်ဗန်း တန်ဖိုးနည်း အိမ်ရာကို အနည်းဆုံး ကျပ်သိန်း ၁၁၀၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာကို ကျပ်သိန်း ၂၀၀ ကျော်မှ ကျပ်သိန်း ၃၀၀ ကျော်အထိ စသည်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုရွှေပြည်သာတွင် ရောင်းချမည့် တန်ဖိုးနည်းဟုဆိုသည့် အခန်းပေါင်း ၁၉၂ ခန်းကို အနည်းဆုံး ကျပ် ၁၀၉ သိန်းမှ အများဆုံး ကျပ် ၁၇၄ သိန်းဖြင့် ရောင်းချရန် လျှောက်လွှာများ ခေါ်ယူထားပြီး ဖြစ်သည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် တည်ဆောက်ခဲ့ပြီးဖြစ်သော ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ၊ ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာများသည်လည်း အမှန်တကယ် လိုအပ်သည့်သူများ လက်ထဲသို့ မရောက်ရှိဘဲ ကြားခံပွဲစားများ လက်ထဲတွင်သာ ရှိနေကြောင်း သိရသည်။
"ဗိုလ်မှူးဗထူးအိမ်ရာ၊ ဗိုလ်မင်းရောင် အိမ်ရာတွေဆိုရင်လည်း ကြာပွဲစားတွေ လက်ထဲမှာပဲ ရှိနေတယ်။ တကယ်လိုအပ်တဲ့သူတွေ လက်ထဲကို မရောက်ဘူး။ တကယ်လိုအပ်တဲ့သူတွေ လက်ထဲကိုရောက်မှ အိမ်ရာဈေးနှုန်း တည်ငြိမ်မှာ" ဟု ဦးဇင်မင်းက ဆက်လက် ပြောကြားသည်။
ယင်းသို့ ဝယ်ယူနိုင်စွမ်းရှိသည့် အိမ်ရာများထက် အငှားအိမ်ရာ ပြည်သူ့အိမ်ရာကဲ့သို့ စီမံကိန်းများ ဖော်ဆောင်၍ သက်သာသော ဈေးနှုန်းဖြင့် ငှားရမ်းပေးမှသာ အိမ်ရာပြဿနာကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
ရန်ကုန်မြို့သို့ နယ်မှ ရွှေ့ပြောင်း အခြေချလာသူဦးရေ များပြားလာမှုကြောင့် အိမ်ရာလိုအပ်ချက် အများအပြား ရှိနေသော်လည်း ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် အခြေအနေ မရှိသေးကြောင်း၊ ထို့ပြင် အိမ်ငှားခ ဈေးနှုန်းများ မြင့်တက်မှု၊ အိမ်ရာဈေးနှုန်းများ မြင့်တက်မှုတို့ကြောင့် ကျူးကျော်နေထိုင်သူ များပြားလာကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်အတွင်း ကျူးကျော်နေထိုင်သူ ၃ သိန်းနီးပါးရှိပြီး ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ် ၄၅ မြို့နယ်စလုံး ဆိုပါက ကျူးကျော်နေထိုင်သူ ၅ သိန်းနီးပါးအထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ယင်းအနက် လှိုင်သာယာမြို့နယ်သည် စက်မှုဇုန် များပြားသည့်အတွက် ကျူးကျော်နေထိုင်သူဦးရေ အများဆုံးဖြစ်ပြီး ၁ သိန်းကျော်အထိ ရှိနေကြောင်း အဓိကအနေဖြင့် မြစ်ချောင်းနံဘေးများ၊ စက်မှုဇုန်များတွင် ကျူးကျော်နေထိုင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
Ref : Elvene Media Group
Photo Credit : Social
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties