By Myanmar Times, Shweproperty.com
Updated at 21 October 2015
ပွဲစားအလုပ်သည် ပါးစပ်တစ်ခုတည်း ရင်းရုံဖြင့် လုပ်ကိုင်နိုင်သည့် လုပ်ငန်းဟု လူအများက ထင်နေကြသော်လည်း လက်တွေ့တွင် အခက်အခဲများစွာရှိကြောင်း အသက် ၃၀ အရွယ် Phoenix အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ကိုထွန်းထွန်းက သူ၏ လုပ်ငန်း စတင်လုပ်ကိုင်သည့် အချိန်များကို အမှတ်ရကာ ပြန်လည်ပြောပြသည်။
"ပွဲစားအလုပ်က ပါးစပ်တစ်ခုတည်း ရင်းရတာဆိုပြီး လူတွေကသာ ပြောကြတာ။ တကယ်တမ်းကျတော့ မလွယ်ပါဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ဝယ်၊ တိုက်ခန်း ဝယ်တယ်ဆိုတဲ့ သူတွေကလည်း သူ့ငွေနဲ့ စုဆောင်းပြီး ဝယ်ကြရတာဆိုတော့ သူတို့က လည်း ပွဲစား၊ အကျိုးဆောင်ကို လုပ်ငန်းအပ်လာတဲ့ အချိန်ကျရင် ကျွန်တော်တို့ကလည်း အလုပ်အပ်တဲ့သူကို စိတ်ကြိုက်ဖြစ်အောင် အလုံးစုံလုပ်ပေးရတယ်" ဟု ၎င်းက အိမ်ခြံမြေ အကျိုးဆောင်တစ်ယောက်၏ ခံစားချက်ကို ပြောပြသည်။
ရန်ကုန်မြို့တွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု များကောင်းမွန်လာသည့်အချိန်တွင် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ကိုင်သူများအတွက် အကျိုးဆောင်များ၊ ပွဲစားများမှာ ရန်ကုန်မြို့ တွင် မှိုလိုပေါက်လျက်ရှိသည်။ လုပ်ငန်းလိုင်စင်ဖြင့် ကုမ္ပဏီထောင် လုပ်ကိုင်သည့် အကျိုးဆောင် များရှိသလို၊ ဆိုင်းဘုတ်တပ်ကာ လုပ်ကိုင်သည့် အကျိုး ဆောင်များလည်း ရှိသည်။
ထို့ပြင် မြို့နယ်၊ ရပ်ကွက်များတွင် လမ်းလျှောက်ရင်း အိမ်ခြံ မြေ အရောင်းအဝယ်များ ဆက်စပ်ပေးသည့် ပွဲစားများလည်းရှိသကဲ့သို့ လက်ဖက်ရည် ဆိုင်တွင်ထိုင်၍ အကျိုးဆောင် သည့်ပွဲစား များလည်းရှိကြောင်း အိမ်ခြံမြေ လုပ်ငန်း ကျွမ်းကျင်သူများ ပြောလေ့ရှိကြသည်။ သို့သော် ကိုထွန်းထွန်းသည် အိမ်ခြံမြေ လုပ်ငန်းအတွင်းသို့ ရင်းနှီးကျွမ်းကျင်မှု အတွေ့အကြုံ အနည်းငယ်မျှမရှိခဲ့သော် လည်း အိမ်ခြံမြေဆိုင်ရာ ရောင်းခြင်း၊ ဝယ်ခြင်း များ ပြုလုပ်သည့် စီးပွားရေးကို စိတ်ဝင်စားမှု တစ်ခုတည်းဖြင့် အိမ်ခြံမြေ လောကသို့ ဝင်ရောက်လာကာ အကျိုးဆောင်ဖြစ်လာခဲ့သည်။
"ကျွန်တော် ၂၀၁၁ ခုနှစ်မှစပြီး အိမ်ခြံမြေ လောကထဲကို ရောက်လာခဲ့ပါတယ်။ ကျွန်တော့် မိဘတွေက ဒီအလုပ်လုပ်တဲ့သူတွေမဟုတ်ပါဘူး။ သူတို့စီးပွားရေးကလည်း အကျိုးဆောင်၊ ပွဲစားဆိုတဲ့ အလုပ်နဲ့ အဝေးကြီးပါ။ ဒါပေမဲ့ ကျွန်တော် ဒီအိမ်ခြံမြေ လုပ်ငန်း ကို စိတ်ဝင်းစားလို့ အသေးဆုံးအရောင်းအဝယ် လေးကနေစပြီး ကျွန်တော်လုပ်ခဲ့ပါတယ်" ဟု ကိုထွန်းထွန်းက ၎င်း၏ အိမ်ခြံမြေအကျိုး ဆောင်ဘဝထဲသို့ စတင်ဝင်ရောက်လာဖြစ်ပုံကို စိတ်လှုပ်ရှားစွာ ပြောပြသည်။
ကိုထွန်းထွန်း၏ ပထမဦးဆုံး အကျိုးဆောင် လုပ်ပေးခဲ့သည့် အလုပ်မှာ တိုက်ခန်းအရောင်း အဝယ်ဖြစ်ပြီး အင်တာနက်ပေါ်တွင် ကြော်ငြာ ခဲ့သည့် ၎င်း၏ အကျိုးဆောင်လုပ်ငန်း ဖုန်း နံပါတ်ကို ဆက်သွယ်လာရာမှ စတင်ပြီး ဈေးဦးပေါက် လုပ်ဆောင်ဖြစ်ခဲ့ကြောင်း ပြောသည်။ "ကျွန်တော် စလုပ်တော့ ရုံးခန်းတွေ၊ ဝန်ထမ်းတွေနဲ့ အကျိုးဆောင်လုပ်ငန်းဆိုပြီး စခဲ့တာ မဟုတ်ပါဘူး။ အိမ်မှာနေရင်း ကျွန်တော့် ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်စာမျက်နှာလေးမှာ အကျိုးဆောင်လုပ်တဲ့အကြောင်း ရှယ်လိုက် ပြီး အဲဒီကနေတစ်ဆင့် လုပ်ငန်းလာအပ်တာကို ပထမဦးဆုံးရခဲ့တယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ အလုပ်အပ်တဲ့သူတွေများ လာပြီး အောင်မြင်လာတာပါ" ဟု ၎င်းက ပြောသည်။ ထို့ပြင် အကျိုးဆောင်၊ ပွဲစားလုပ်သူ တစ်ယောက်သည် မိမိထံအလုပ်အပ်သူ၏ ယုံကြည်မှုရရှိရန်မှာ အရေးကြီးဆုံးဖြစ်ကြောင်း ၎င်း၏ ငါးနှစ်ခန့်ရှိသည့် အိမ်ခြံမြေ အကျိုးဆောင် အတွေ့အကြုံကို အခြေခံ၍ ပြောသည်။
"အိမ်ခြံမြေလုပ်ငန်းမှ မဟုတ်ပါဘူး ဘယ်လုပ်ငန်းမှာမဆို ပွဲစားပဲဖြစ်ဖြစ်၊ အကျိုး ဆောင်ပဲဖြစ်ဖြစ် အဓိကတော့ ကိုယ့်ဆီအလုပ် အပ်တဲ့သူရဲ့ ယုံကြည်မှုကို ရအောင် ယူနိုင်ဖို့ အရေးကြီးပါတယ်။ ယုံကြည်မှုရရှိတာများ လာလေ အလုပ်အပ်တဲ့သူလည်း များလာမှာပဲ။ တချို့က အပြောနဲ့အလုပ်နဲ့ မညီဘူး။အဲဒီကျရင် အလုပ်လာအပ်တဲ့သူက တစ်ခါပဲ နောက်တစ်ခါ သူ့မှာ အိမ်ရောင်းဖို့၊ အိမ်ဝယ်ဖို့ဆို ကိုယ့်ဆီမလာတော့ဘူး။ ယုံကြည်ရတဲ့ ပွဲစားနဲ့ပဲ၊ အကျိုးဆောင်နဲ့ပဲ ရေရှည်လုပ်ကြ တော့ အဲဒီလိုသူတွေအတွက် အလုပ်မရှား ဘူး" ဟု ၎င်းကပြောသည်။ သို့သော် လုပ်ငန်းရင်းနှီးကျွမ်းကျင်မှုမရှိသေးဘဲ စတင်လုပ်ကိုင်သည့် အိမ်ခြံမြေအကျိုးဆောင်လုပ်သူတစ်ယောက်အတွက် အခက်အခဲပေါင်း များစွာရှိကြောင်းနှင့် ၎င်း လုပ်ငန်းစတင်လုပ်ကိုင်ခဲ့သည့် အချိန်တွင် တွေ့ကြုံခဲ့ရသည်များကို သေချာစဉ်းစား၍ ပြောပြသည်။ "အစိမ်းသက်သက် ဝင်လာတဲ့သူတွေ အတွက်ကတော့ အခက်အခဲတွေ အများကြီးပဲ။ ဘာတွေကြုံရလဲဆိုတော့ ဒီလောက ထဲမှာ ကျင်လည်ပြီးသား စီနီယာတွေက ပညာ ပြတာတွေကြုံရတယ်၊ ပြီးတော့ အလုပ်ဖြစ် တယ်ဆိုလည်း အကျိုးဆောင်ခ မရလိုက်တာ တွေ ကြုံရတယ်။ ပြီးတော့ အလုပ်အပ်တဲ့သူ တွေကလည်း ကျော်ရိုက်တာတွေ ကြုံရတယ်" ဟု ၎င်းကပြောသည်။
အချို့သော အိမ်ရောင်းအိမ်ဝယ်အတွက် လုပ်ငန်းအပ်ကြသူများသည် ပွဲစား၊ အကျိုးဆောင် ငှားထားသော်လည်း ၎င်းတို့ တွေ့ဆုံ ပေးသည့် တစ်ဖက်မှ ဝယ်သူ၊ ရောင်းသူများနှင့် အဆင်ပြေသည့်အခါ ပွဲစားခ၊ အကျိုးဆောင်ခ မပေးချင်ကြသောကြောင့် တိုက်ရိုက်အရောင်း အဝယ်များပြုလုပ်ကြပြီး ၎င်းတို့ကို မဆက် သွယ်တော့တဲ့အခါမှာလည်း ခွင့်လွှတ်သည်းခံ ခဲ့ရတာမျိုးတွေလည်း ရှိသေးတယ်ဟု ကိုထွန်း ထွန်းက ၎င်းတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်နှင့် ယှဉ်၍ ပြောပြသည်။ ကိုထွန်းထွန်းသည်လည်း အိမ်ခြံမြေလောကအတွင်းသို့ ရင်းနှီးမှုမရှိဘဲ အစိမ်းသက်သက်ဝင်ခဲ့ရသည့်အတွက် အခက်အခဲများစွာကြုံတွေ့ခဲ့ရပြီးမှ အတိုင်းအတာ တစ်ခုထိ အောင်မြင်သည့် အကျိုးဆောင်တစ်ယောက် ဖြစ်လာအောင် ကြိုးစားခဲ့ရကြောင်း ၎င်းက လက်ရှိအခြေအနေနှင့်ယှဉ်ကာပြောသည်။
"ကျွန်တော်က စိတ်ဝင်စားလို့ ဒီလုပ်ငန်းထဲကို ဝင်ခဲ့တာဆိုတော့ ရေရှည်လုပ်သွားနိုင် ဖို့အတွက် အများကြီး ကြိုးစားခဲ့ရပါတယ်။ လူတိုင်းက အကျိုးဆောင်၊ ပွဲစားလုပ်နိုင်ပါ တယ်။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ အကျိုးဆောင် တော့ လူတိုင်းဖြစ်ဖို့မလွယ်ပါဘူး။ အဲဒီလို ဖြစ်နိုင်အောင် ကျွန်တော် အများကြီးလေ့လာခဲ့တယ်။ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ စာအုပ်တွေဖတ်တယ်။ အိမ်ခြံမြေ ဥပဒေနဲ့ဆိုင်တာ တွေကို သေချာလေ့လာတယ်။ အလုပ်ကနေ လည်းသင်ယူသွားတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ အိမ်ခြံ မြေဈေးကွက်မှာ လွန်စွာ အေးစက်နေသည့် အချိန်၌ အချို့သော အကျိုးဆောင်လုပ်ငန်း၊ ပွဲစားများမှာ လုပ်ငန်းအဆင်မပြေမှုများ ကြောင့် ရပ်နားရမည့် အခြေအနေများရှိနေ သော်လည်း ၎င်းမှာ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးအနေဖြင့် ဆက်လက်လုပ်ကိုင်သွား မည်ဖြစ်ကြောင်း ပျော်ရွှင်တက်ကြွစွာဖြင့် ကိုထွန်းထွန်းက ပြောသည်။ "ကျွန်တော်ကတော့ အခု အိမ်ခြံမြေဈေးကွက်အေးနေလည်း အဆင်ပြေ ပါတယ်။ ပုံမှန်အလုပ်အပ်တဲ့သူတွေရှိသလို ကျွန်တော် ကိုယ်တိုင်လည်း တိုက်ခန်းတွေ ဝယ်ပြီး ပြန်ငှား ထားတဲ့ လုပ်ငန်းတွေရှိပါတယ်။ ကျွန်တော်ကတော့ ဒီလုပ်ငန်းကို ဆက်ပြီး လုပ်ကိုင်နိုင်မှာပါ။ ဆက်ပြီးလုပ်သွားမှာပါ" ဟု ၎င်းက ပြောသည်။ ကိုထွန်းထွန်းသည် Phoenix အိမ်ခြံမြေကို တစ်ဦးတည်ဖြင့် ဦးစီးကာ အကူဝန်ထမ်း များ ခေါ်ယူခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ပြီး ၎င်း၏ အကျိုးဆောင်လုပ်ငန်း အအောင်မြင် ဆုံး အချိန်သည် ၂၀၁၂၊ ၂၀၁၃ ခုနှစ် အိမ်ခြံမြေဈေးကွက်များ ကောင်းမွန်နေသည့်အချိန်အခါများတွင်ဖြစ်ကြောင်း ပြောသည်။ "လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတော့ လုပ်ငန်း လုပ်လို့ အကောင်းဆုံးအချိန်ပဲ။ အိမ်ခြံမြေ ခေတ်ကောင်းနေတဲ့ အချိန်ကြောင့်လည်းပါတယ်။ အဲဒီတုန်းက တစ်လကို အလုပ်အပ် တဲ့သူ ၁၅ ယောက်ရှိတယ်။ အခုတော့ အဲဒီ လောက် မရှိတော့ပေမယ့် ပုံမှန်တော့ ရှိနေပါတယ်။ လက်ရှိမှာ အရောင်းအဝယ်ထက် ကွန်ဒို၊ တိုက်ခန်းအငှားတွေက အလုပ်ပိုဖြစ် တယ်" ဟု ၎င်းကပြောသည်။
အိမ်ခြံမြေ အကျိုးဆောင်ခသည် အရောင်း အဝယ်ဖြစ်ပါက တန်ဖိုး၏ နှစ်ရာခိုင်နှုန်း ရရှိပြီးအငှားလုပ်ငန်းများအတွက် အကျိုးဆောင်ခ အငှားခ၏ တစ်လစာရရှိကြောင်း ကိုထွန်းထွန်းက ပြောသည်။
Ref : Myanmar Times
Photo Credit : youtube
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties