By Yangon Media Group, Shweproperty.com
Updated at 10 July 2015
ရန်ကုန်တိုင်းဒေသကြီးတွင် ကန်ထရိုက်တိုက်ဆောက်ရန် ခွင့်ပြုချက်လျှောက်ထားပြီး ပြန်လည်ဖျက်သိမ်းသည့် အမှုတွဲ၁ဝဝ ကျော်ရှိနေကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ သိရသည်။ ”ကန်ထရိုက်တိုက်တည်ဆောက်ဖို့ခွင့်ပြုမိန့်တင်ပြီးမှ ပြန်လည်ရုပ်သိမ်းတဲ့ အမှုတွဲ ၁ဝ၅ ခုရှိတယ်။ ခွင့်ပြုမိန့်တင်ပြီးမှ ပြန်လည်ရုပ်သိမ်းရင် ကန်ထရိုက်တာ၊ အင်ဂျင်နီယာနဲ့ အိမ်ရှင် သုံးယောက်စလုံး လက်မှတ်ထိုးပြီးမှ အမှုတွဲကို ပိတ်သိမ်းခွင့်ပေးပါတယ်။ တည်ဆောက်ခွင့်တင်ပြီးမှ ပြန်လည်ဖျက်သိမ်းတဲ့အမှုတွဲတွေကအဆိုပြုလွှာအောင်တဲ့အဆင့်၊ပုံစံကြီးခွင့်မပြုမီအချိန်အထိ အမှုတွဲပိတ်သိမ်းခွင့် ပြုတာဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ တည်ဆောက်ခွင့် ပြန်လည်ရုပ်သိမ်းသည့်အမှုတွဲ ၁ဝဝ ကျော်တွင် အရှေ့ပိုင်းခရိုင်ရှိမြို့နယ်များမှ အများဆုံးပြန်လည်ရုပ်သိမ်းပြီး အဆိုပါတည်ဆောက်ခွင့် အများဆုံးပြန်လည်ရုပ်သိမ်းသည့် မြို့နယ်များမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဒဂုံတောင်မြို့နယ်နှင့် ဒဂုံမြောက်မြို့နယ်တို့ဖြစ်သည်။ ”တည်ဆောက်ခွင့်ပါမစ် ခွင့်ပြု ပြီးရင်တော့ တည်ဆောက်ခွင့်အမှု တွဲပြန်ရုပ်သိမ်းခွင့်မပြုပါဘူး။ အဓိက ကြိုပွိုင့်ရောင်းချမှုတွေရှိနိုင်လို့ ပြန်လည်ရုပ်သိမ်းခွင့် မပြုတာပါ။တည်ဆောက်ခွင့် ပြန်လည်ရုပ်သိမ်းမှုတွေရှိလာတဲ့အတွက် ဝယ်ယူသူတွေ သတိထားဖို့လိုအပ်ပါတယ်။ ကြိုပွိုင့်ဝယ်ယူသူအနေနဲ့ မြေပြင်မှာတည်ဆောက်မှုစတင်တော့မှ ဝယ်ယူသင့်ပါတယ်။ ကန်ထရိုက်အချို့က ခွင့်ပြုမိန့် ပါမစ်တင်ပြီးတာနဲ့ ကြိုပွိုင့်နဲ့ ရောင်းချတဲ့အတွက် ကြိုပွိုင့်နဲ့ဝယ်ယူတာကို သတိထားဖို့လိုအပ်ပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောသည်။ ရန်ကုန်မြို့တွင်းမြို့နယ်များတွင်ကန်ထရိုက်တိုက်ဆောက်လုပ်ရန် မြေရှားပါးသည့်အပြင်သွားလာရအဆင်ပြေသည့်အတွက်
ဝယ်လိုအားဈေးကွက်ရှိပြီးတည်ဆောက်ခွင့်ပြန်လည်ရုပ်သိမ်းခြင်းမရှိကြောင်း သိရသည်။ ယခုလိုရန်ကုန်တိုင်းဒေသကြီးတွင်ကန်ထရိုက်တိုက်ဆောက်ဖို့ခွင့်ပြုချက်လျှောက်ထားပြီးမှ ပြန်လည်ဖျက်သိမ်းရခြင်းမှာယခုလက်ရှိ အိမ် ခြံမြေဈေးကွက် အရောင်းအဝယ်အေးနေခြင်း၊အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး ဈေးကွက်အတွင်းငွေကျပ်တည်းမှုများ ကြုံတွေ့နေရပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်အများအပြား လုပ်ငန်းမှအနားယူနေကြရကာငွေကြေး အရင်းအနှီးနည်းသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့မှာ ဆောက်လုပ်ရေး လုပ်ငန်းလောကမှ ထွက်ခွာရခြင်းများ ဖြစ်ပေါ်နေသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးဝေယံက ”အဓိကကတော့ အိမ်ခြံ မြေဈေးကွက်က အရောင်းအဝယ်အေးနေတယ်။ တွက်ခြေမကိုက်တဲ့အတွက် ကန်ထရိုက်တိုက်ဆောက်ဖို့ ခွင့်ပြုချက်လျှောက်ထားပြီးမှ ပြန်လည်ဖျက်သိမ်းနေကြရတာပါ။ဆောက်လုပ်ရေး နဲ့ ပတ်သက်နေတဲ့ တိုက်ခန်း၊ ကွန်ဒို အစရှိတဲ့ ဈေးကွက်မှာ ဝင်ရောက်ကစားနေတဲ့ ငွေရှင်တော်တော်များများကဒီလောကကနေအနားယူသွားတယ်။ အဓိကကတော့ ပြည်သူတွေလိုနေတာက တန်ဖိုးနည်း၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေပေးနိုင်တာက တန်ဖိုးလတ်နဲ့ တန်ဖိုးမြင့်တွေ၊ ကွန်ဒိုတွေဖြစ်နေတော့ လူလတ်တန်းစားအများစုနေထိုင်တဲ့ ရန်ကုန်မြို့မှာ အိမ်ခြံမြေဝယ်လိုအား ကျသွားတယ်။ အဲဒီအချိန်နဲ့ ဒီဈေးကွက်မှာဝင်ကစားတဲ့ငွေရှင်တွေကလဲ ဈေးကွက်ကနေထွက်ပြီး အခြေအနေစောင့်ကြည့်နေ ကြလို့ အခုလို ဆောက်လုပ်ရေးလုပ်ငန်းတွေပါ လုပ်ငန်းအသစ်တွေလုပ်ဖို့ရပ်ထားပြီး ရှိပြီးသားလုပ်ငန်းတွေ အပြီးသတ်အောင် လုပ်နေကြတာပါ” ဟု ပြောသည်။ ယခုအချိန်တွင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ဈေးကွက်မှာ ရပ်ဆိုင်းလုနီးပါး အေးစက်နေသဖြင့် တိုက်ခန်းများကို ကြိုပွိုင့်ဖြင့် ဝယ်ယူပြီး ဈေးကစားကြသူများမှာ တိုက်ခန်းများကို ဈေးတင်ရောင်းချကြသဖြင့် ဝယ်ယူသူမရှိဘဲကန်ထရိုက်များကို အရစ်ကျ ငွေများမပေးသွင်းနိုင်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့မှာ ဆောက်လက်စတိုက်များကိုပင်ပြီးဆုံးအောင် ဆောက်နိုင်ခြင်းမရှိဘဲ လုပ်ငန်းများကို ရပ်ဆိုင်းထားရခြင်းများရှိကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်းတွင် ဧပြီလ၌ ကန်ထရိုက်တိုက် တည်ဆောက်ခွင့် ၄ဝဝ ကျော်၊ မေလတွင် ကန်ထရိုက်တိုက်တည်ဆောက်ခွင့် ၆ဝဝ ကျော်နှင့် ဇွန်လတွင်ကန်ထရိုက်တိုက်တည်ဆောက်ခွင့် ၁၅ဝဝ ခန့် ခွင့်ပြုခဲ့ ကြောင်း သိရသည်။ Ref : Yangon Media Group
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties