By Eleven Media Group, Shweproperty.com
Updated at 20 July 2015
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဆောက်လုပ်ပြီး တရားစွဲဆိုခံထားရသည့် အမှုများတွင် ကန်ထရိုက်များ ထွက်ပြေးသွားခြင်းကြောင့် ဒဏ်ကြေးများစွာပေးဆောင်၍ နစ်နာနေရသည့် မြေပိုင်ရှင်များအတွက် ဖြေလျှော့မှုများ ပြုလုပ်ပေးရန်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြထားကြောင်း ရွေးကောက်ခံ စည်ပင်ကိုယ်စားလှယ်ဖြစ်သူ သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (ရပ်မိရပ်ဖ) ဦးခင်မောင်ကျော်က ဆိုသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခွင့်ပြုချက်မဲ့များ ဆောက်လုပ်ခြင်းကြောင့် တရားစွဲခံရထားရသည့် ကန်ထရိုက်တိုက် စုစုပေါင်း ၇၉၂ လုံးရှိပြီး ထပ်တိုးစစ်ဆေးတွေ့ရှိ၍ တရားစွဲထားမှု ပေါင်းလိုက်ပါက စုစုပေါင်း ၉၀၀ ကျော် ရှိနေကြောင်း သိရသည်။ ယင်းသို့ တရားစွဲဆိုထားမှုများမှာ ယခင် ဆောက်လုပ်စများအား တရားစွဲထားခြင်းဖြစ်ကြောင်း သိရသည်။
“သင်္ဃန်းကျွန်းမြို့နယ်မှာ တရားစွဲထားတာ ၇၉၂ လုံးရှိတယ်။ ထပ်တိုးပြီး တရားစွဲထားတဲ့ အလုံးတွေလည်း ရှိသေးတယ်။ စုစုပေါင်း ၉၀၀ ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ဒါ အခုဆောက်နေတာ မဟုတ်ဘူးနော်။ လေးလလောက်ရှိပြီ။ အရောင်းအဝယ်တွေ ရပ်သွားလို့ အသစ်တွေ ဆက်မဆောက်ကြတော့တာ။ အရင်ဆောက်ခဲ့တဲ့ ခွင့်ပြုချက်မဲ့တွေကို ထပ်စစ်လို့ တွေ့လာတာ။ အသစ်ကတော့ နည်းသွားပြီ။ လူထုက စည်ပင်သာယာရဲ့ ဥပဒေတွေကိုလည်း နားလည်သွားတယ်။ အရင်ကတော့ ဥပဒေကို မသိတဲ့အတွက် ဆောက်လိုက်ကြတယ်။ အဆောက်အအုံ ဆောက်လိုက်ပြီးမှ စည်ပင်ရဲ့ဥပဒေတွေက ဒီလိုလားဆိုတာသိတော့ ကန်ထရိုက်ကလည်း ဒဏ်ကြေးမဆောင်နိုင်လို့ ပြေးပြီ။ ကြိုပွိုင့်ဝယ်ထားတဲ့သူတွေကလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ။
အိမ်ရှင်တွေကလည်း မပြီးတပြီးနဲ့ တက်နေရမလားမသိ။ အခု ပြဿနာတွေက တော်တော်ကိုရှုပ်နေပြီ”ဟု သင်္ဃန်းကျွန်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(ရပ်မိရပ်ဖ) ဦးခင်မောင်ကျော်က ပြောကြားသည်။
“အခု အစ်ကိုတို့ကတော့ စည်ပင်ကို တင်ပြထားတယ်။ ဖြေလျှော့တဲ့နည်းလမ်းတစ်ခုဆိုရင် အဆင်ပြေမယ်လေ။ ဖြေလျှော့ပေးလိုက်ရင် ဘာပဲဖြစ်ဖြစ် ပြည်သူတွေ အဆင်ပြေလာမယ်။ အခွန်ဆောင်ရင် ဌာနကကို ဝင်ငွေတွေရလာမယ်။ အစ်ကိုတို့မြို့နယ်မှာ လက်လုပ်လက်စား များတယ်။ ဒါကြောင့် ပိုင်ဆိုင်မှုမရှိဘဲ ဆောက်ကြတော့ သူတို့လည်း ဘယ်လိုမှ ဒဏ်ကြေးကိုဆောင်နိုင်မှာ မဟုတ်ဘူး။ ဒဏ်ကြေးတွေကို လျှော့ချပေးမှပေါ့။ ဒါကတော့ အထက်က လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပေါ့။ အစ်ကိုတို့ကတော့ ဖြစ်ပျက်နေတာတွေကို တင်ပြထားတာ ဒဏ်ကြေးကြောင့်နစ်နာခဲ့ရတဲ့မြေရှင်တွေကို ဖြေလျှော့ပေးဖု့ိပါ။ တတ်နိုင်လျှင် လုပ်ပေးဖို့ပါ။ တော်တော်ကို ဒုက္ခရောက်နေကြပါတယ်”ဟု ဦးခင်မောင်ကျော်က ဆိုသည်။
ခွင့်ပြုချက်မဲ့အဆောက်အအုံ ဆောက်လုပ်သည့်အခါ ဆောက်လုပ်သူ ကန်ထရိုက်အများစုမှာ လိုင်စင်မဲ့ ကန်ထရိုက်များဖြစ်နေ၍ ၎င်းတို့ကို တရားစွဲ၍မရဘဲ မြေရှင်ကိုသာ တရားစွဲရကြောင်း၊ ထို့နောက် တစ်ရက်လျှင် ဒဏ်ကြေးငွေတစ်သောင်းနှုန်းဖြင့် ပေးဆောင်စေရာ မူလကဒဏ်ကြေးကို ကန်ထရိုက်က ပေးဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကန်ထရိုက်ထွက်ပြေးသွား၍ မြေရှင်များမှာ တရားလည်းစွဲခံရဒဏ်ကြေးများလည်း ပေးဆောင်နေရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဆောက်လုပ်သည့် မြို့နယ်များမှာ သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်း၊ အင်းစိန် တို့တွင်ဖြစ်ပြီး စုစုပေါင်း တရားစွဲထားသည့် ကန်ထရိုက်တိုက် ၂၀၀၀ နီးပါးရှိကြောင်း၊ ယင်းတို့အနက် သင်္ဃန်းကျွန်းမြို့နယ်တွင် အများဆုံးဖြစ်ကြောင်း၊ တရားစွဲဆိုထားမှုများမှာ ယခင်ဆောက်လုပ်ခဲ့သည့် အဆောက်အအုံများဖြစ်ပြီး ယခုနောက်ပိုင်း ကန်ထရိုက်ဈေးကွက်များ လုံးဝရပ်တန့်သလောက် ဖြစ်သွားခြင်းကြောင့် ဆက်မဆောက်ကြတော့ခြင်းဖြစ်ကြောင်း သိရသည်။
Ref : Eleven Media Group
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties