By The Voice Weekly, Shweproperty.com
Updated at 26 December 2018
၂၀၁၈ ခုနှစ်သည် ကုန်ဆုံးရန် သီတင်းပတ်အနည်းငယ်မျှသာ လိုတော့သည်ဖြစ်သည်။ ကျဆင်းခဲ့သော မြန်မာ့စီးပွားရေးသည် ၂၀၁၉ ခုနှစ်တွင် ပြန်လည် မြင့်တက်လာနိုင်ခြေ ရှိ မရှိ၊ စီးပွားရေးကဏ္ဍအသီးသီး၏၂၀၁၉ မျှော်လင့်ချက်များနှင့် စိန်ခေါ်မှုများ အစရှိသည် တို့ကို ဆိုင်ရာစီးပွားရေးကဏ္ဍအသီးသီးရှိ ကျွမ်းကျင်သူများနှင့် မေးမြန်းတင်ဆက်လိုက်ရပါသည်။
မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် (MCEA) ဥက္ကဋ္ဌ၊ တက်လမ်းဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးရှိန်ဝင်းနှင့် ဆက်သွယ်မေးမြန်းခြင်း
မေး – လက်ရှိ ဆောက်လုပ်ရေးဈေးကွက်အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ – အန်ကယ်တို့က ဆောက်လုပ်ရေးသမားဆိုတော့ ဆောက်လုပ်ရေးတိုက်ခန်းနဲ့ ပတ်သက်ပြီးတော့ ဈေးကွက်က အေးနေတုန်းပါပဲ။ လက်ရှိအနေအထားက အေးနေတယ် ပြောရမယ်။ လေးနေတယ်။ အေးနေတယ်။
မေး – လာမယ့်နှစ် ၂၀၁၉ မှာရော ဆောက်လုပ်ရေးကဏ္ဍ အခြေအနေ ဘယ်လိုရှိလာနိုင်မလဲ။
ဖြေ – အခု Condominium Law က ထွက်ပြီ။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ Cabinet က ခွင့်ပြုလိုက်ပြီ။ ဒီလထဲမှာလည်း Condominium စီမံခန့်ခွဲရေးကော်မတီလည်း ဖွဲစည်းလိုက်ပြီ။ နိုဝင်ဘာ ၅ ရက်နေ့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းခွင့်ပေးလိုက်ပါပြီ။ အဲဒီတော့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာလည်း Condominium တိုက်ခန်းနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲရေးကော်မတီလည်း အသီသီးဖွဲ့နေကြပါပြီ။ မကြာမီအခြေအနေမှာတော့ Condominium Law နဲ့အညီ Condominium တိုက်ခန်းတွေ ထွက်ပေါ်လာမယ့်အတွက်ကြောင့် ဆောက်လုပ်ရေးကဏ္ဍအတွက် အထူးသတင်းပါ့နော်။ အထူးခံစားခွင့်ရှိတဲ့ ဥပဒေတစ်ခုအနေနဲ့ ထွက်လာ တော့မှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံခြားသား ၄၀ ရာခိုင်နှုန်းကို ရောင်းချနိုင်တော့မှာက အဲဒါက ထူးခြားပါတယ်။ တရားဝင် အပိုင်ရောင်းချနိုင်မှာပါ။ ဒီ တိုက်ခန်းတွေရဲ့ ၆၀ ရာခိုင်နှုန်းကိုနိုင်ငံသားတွေကတော့ မှတ်ပုံတင်ပြီးတော့ တရားဝင်ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကတော့ ၂၀၁၉ ခုနှစ်မှာ ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးတော့ ထူးခြားတဲ့ အပြောင်းအလဲဖြစ်တဲ့အတွက် တိုက်ခန်းရောင်းချမှုတွေက ထူးခြားလာမယ့် သဘော ရှိပါတယ်။
မေး – အိမ်၊ ခြံ၊ မြေ ဈေးကွက်ကောင်းလာမယ်လို့ ဘာ့ကြောင့်မျှော်လင့်နိုင်တာလဲ။
ဖြေ - အဆောက်အအုံအရောင်းအဝယ်ကောင်းရင်တော့ အိမ်၊ ခြံ၊ မြေတွေက တက်လာတာပါပဲ။ ဒါက သဘာဝပါပဲ။ နိုင်ငံခြားသားတွေက အဆောက်အအုံရဲ့ ၄၀ ရာခိုင်နှုန်းဝယ်လို့ရှိရင် နိုင်ငံတကာကနေ ၄၀ ရာခိုင်နှုန်း ငွေတွေ မြန်မာနိုင်ငံကို စီးဝင်လာမယ့်အတွက်ကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာတယ်။ အခန်းအရောင်းအဝယ် ဖြစ်တဲ့အတွက်ကြောင့် ဆောက်လုပ်ရေးသမားတွေလည်း ပိုပြီးတော့ အဆောက်အအုံကို ဆောက်လုပ်နိုင်မယ်ပေါ့။
မေး – MCEA အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ ရှိတယ်ကြားပါတယ်။ ၂၀၁၉ မှာ ဘယ်လိုစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ရှိမလဲ။
ဖြေ - တိုင်းနဲ့ ပြည်နယ်ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ ဈေးနှုန်းသင့်တဲ့ ပြည်သူ့အိမ်ရာတွေ ဆောက်ဖို့ပါ။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနရယ် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းရယ်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ တန်ဖိုးသင့်ပြည်သူ့အိမ်ရာကို ဆောက်လုပ်ဖို့ လုပ်နေပါတယ်။ လုပ်တဲ့နေရာမှာ မန္တလေးမှာ တန်ဖိုးသင့်အိမ်ရာ Pilot Project ဆောက်တာ ပြီးသွားပါပြီ။ ရန်ကုန်ကတော့ ဆောက်ဖို့အတွက် တင်ဒါခေါ်ပြီးသွားပါပြီ။ နေပြည်တော်မှာတော့ တင်ဒါရွေးချယ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ တစ်နှစ်အတွင်းမှာ အားလုံးအပြီးဆောက်မှာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ စလုပ်နေပြီ။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအားလုံး နောက်နှစ်တွေမှာ ဆက်ဆောက်ဖို့ ရှိပါတယ်။ ဒီသုံးနေရာမှာလည်း နောက်ထပ်ဆောက်ဖို့ ရှိပါတယ်။
Ref : The Voice Weekly
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties