By 7daydaily, Shweproperty.com
Updated at 3 August 2016
ပြည်တွင်းဘဏ်များ၏ အလိုအလျောက်ငွေထုတ်စက်များမှ MPU ကတ်များဖြင့် ထုတ်ယူရာတွင် အခက်အခဲများ ဖြစ်ပေါ်နေခြင်းမှာ ဆက်သွယ်ရေး အခြေခံအဆောက်အအုံ (Infrastructure) မပြည့်စုံမှုကြောင့်ဖြစ်ကြောင်း မြန်မာငွေပေးချေရေး ဝန်ဆောင်မှုအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။
ပြည်တွင်းဘဏ် ၂၃ ခု အဖွဲ့ဝင်အဖြစ် ပါဝင်သော မြန်မာငွေပေးချေရေးဝန်ဆောင်မှုအဖွဲ့ (MPU) သည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး အခြေခံအဆောက်အအုံပြည့်စုံခြင်းမရှိ၍ ကတ်အသုံးပြုသူများအား အကောင်းဆုံးဝန်ဆောင်မှုပေးရန် အခက်ကြုံနေကြောင်း အထက်ပါအတိုင်း ၎င်းကပြောသည်။
‘‘တဖြည်းဖြည်းတော့ လုပ်ယူသွားရမယ်။ အခုလည်း လုပ်နေတယ်။ ဆိုတော့ အားရကျေနပ်မှုအပိုင်းပြောရင်တော့ သိပ်တော့အားမရဘူး။ ကျွန်တော်တို့ အများကြီးလုပ်ဖို့လိုသေးတယ်’’ဟု ဦးဇော်လင်းထွဋ်က ပြောသည်။
လက်ရှိ ပြည်တွင်း၌ MPU ကတ်အသုံးပြုသူဦးရေမှာ ၁ ဒသမ၈ သန်းခန့်ရှိပြီး အလိုအလျောက်ငွေထုတ်စက် (ATM) များမှ ငွေထုတ်ယူရာတွင် ငွေသားထွက်မလာခြင်း၊ စက်ထဲတွင် ငွေပြတ်တောက်ခြင်းစသည့်အခက်အခဲများ မကြာခဏရင်ဆိုင်နေရကြောင်း ကတ်အသုံးပြုသူများထံမှသိရသည်။
‘‘မနက်ပိုင်းထုတ်ရင် အဆင်ပြေပြေနဲ့ ငွေထုတ်လို့ရပါတယ်။ ဒါပေမဲ့ သတိထားမိသလောက် မိုးရွာတဲ့အချိန်မျိုး၊ လကုန်ရက်မျိုးဆိုရင် ကတ်ထဲမှာ ငွေအနုတ်ပြပြီး ပိုက်ဆံထွက်မလာတာမျိုးတွေ ခဏခဏကြုံရတယ်။ အဲဒီလိုအချိန်ဆို ဘဏ်ကို ချက်ချင်းဖုန်း ဆက်ရတာပဲ’’ဟု ကုမ္ပဏီဝန်ထမ်း မဇာခြည်က ၎င်း၏ အတွေ့အကြုံကို ပြောသည်။
အထက်ပါ အခက်အခဲများသည်အင်တာနက်လိုင်းနှေးကွေးမှုကြောင့် အဓိကဖြစ်ပေါ်ခြင်းဖြစ်ပြီး ဘဏ်များအနေဖြင့် ယင်းကဲ့သို့ အခြေအနေဖြစ်ပွား မှုနည်းပါးရန် လစဉ်လုပ်ဆောင်နေခြင်းကြောင့် လက်ရှိတွင် အသုံးပြုသူများဘက်မှ တိုင်ကြားမှုအရေအတွက် လျော့ကျသွားကြောင်း ပုဂ္ဂလိက ဘဏ်တစ်ခု၏ နည်းပညာဆိုင်ရာဌာနမှ ဒုတိယအထွေထွေမန်နေဂျာက ဆိုသည်။
MPU ကတ်အသုံးပြုသူများသည် ပြည်တွင်းရှိ အလိုအလျောက်စက် (ATM) နှစ်ထောင်ကျော်မှ ငွေထုတ်ယူနိုင်ပြီး အရောင်းဆိုင် (POS) ခြောက်ထောင်ကျော်ထံတွင်လည်း ငွေပေးချေမှုပြုလုပ်နိုင်ကြောင်း မြန်မာငွေပေးချေရေး ဝန်ဆောင်မှုအဖွဲ့က သတင်းထုတ် ပြန်ထားသည်။
Ref & Photo Credit : 7daydaily
Photo Credit : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties