By Eleven Media Group, Shweproperty.com
Updated at 9 March 2016
ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော ဧရာဝဏ်-ရတနာ အိမ်ရာစီမံကိန်း ပထမအဆင့်မှ တိုက်ခန်းများကို ကျပ်သိန်း ၆၀၀ နှင့် ၁၂၀၀ သတ်မှတ်ထားပြီး စတင်ရောင်းချတော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
အဆိုပါ တန်ဖိုးသင့် အိမ်ရာစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းတွင် တည်ရှိပြီး ပထမအဆင့် စီမံကိန်းအတွင်း ပါဝင်သော ၁၈ ထပ်အမြင့် အဆောက်အအုံ ငါးလုံး (တိုက်ခန်းပေါင်း ၂၀၀၀ ကျော်) ကို မတ်လကုန်တွင် အပြီးသတ်နိုင်မည် ဖြစ်ခြင်းကြောင့် စတင်ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။
"နေပြည်တော်မှာတော့ လျှောက်လွှာရနေပြီ၊ ရန်ကုန်ကိုတော့ တစ်ရက်၊ နှစ်ရက်နေရင် ရောက်မယ်။ လျှောက်လွှာကြေးက နေပြည်တော်က သတ်မှတ်ထားတဲ့ ကျပ် ၁၀၀၀၊ ၁၅၀၀ ဝန်းကျင်ဖြစ်မယ်။ လောလောဆယ်တော့ ဦးရာလူစနစ်နဲ့ သွားဦးမှာ ဖြစ်ပေမယ့် ဝယ်သူများရင်တော့ မဲစနစ်လည်း ဖြစ်နိုင်ပါတယ်" ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခန်းများကို တစ်စတုရန်း ပေ ကျပ်တစ်သိန်းနှုန်းဖြင့် တွက်ချက်ရောင်းချခြင်းဖြစ်ပြီး အထပ်အနိမ့်အမြင့်အလိုက် ဈေးနှုန်းခွဲခြားထားခြင်း မရှိဘဲ လျှောက်ထားသူက နှစ်သက်ရာ ရွေးချယ်နိုင်ကြောင်းနှင့် ဆောက်လုပ်ပြီးစီးသည့် တိုက်ခန်းများတွင် လျှပ်စစ်မီးနှင့် ရေရရှိရန် လိုအပ်ချက်ရှိနေ သေးခြင်းကြောင့် လူနေထိုင်ခွင့်ကို လာမည့်အောက်တိုဘာလ ဝန်းကျင်တွင် ရရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
ဧရာဝဏ်-ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းကို အပိုင်းသုံးပိုင်းခွဲပြီး တည်ဆောက်နေခြင်းဖြစ်ပြီး စီမံကိန်း ပထမအဆင့်တွင် အဆောက်အအုံ ၁၈ လုံး၊ ဒုတိယအဆင့်တွင် အဆောက်အအုံ ၁၆ လုံးနှင့် တတိယအဆင့်တွင် အဆောက်အအုံ ၁၅ လုံး ပါဝင်မည်ဖြစ်သည်။
ယင်းစီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီ ၃၁ ခုတို့ ပူးပေါင်းအကောင်အထည် ဖော်နေခြင်းဖြစ်ပြီး စီမံကိန်းအတွင်း စုစုပေါင်း အဆောက်အအုံ ၄၉ လုံးပါဝင်ပြီး တိုက်ခန်းပေါင်း ၁၇၄၈၀ ခန်းအထိ ပါဝင်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဧရာဝဏ်-ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းသည် ရန်ကုန်မြို့လယ်နှင့် ကိုးမိုင်ခန့်အကွာတွင် တည်ရှိပြီး ပဲခူးမြစ်ကမ်းနံဘေး အနီးတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ အဆောက်အအုံများကို Semi-Pecast စနစ်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ဓာတ်လှေကား၊ ကားပါကင်၊ ပန်းခြံ၊ ကျောင်း၊ ကစားကွင်း၊ စီးပွားရေးအဆောက်အအုံ၊ ဘတ်စ်ကားဂိတ်များ ပါဝင်မည် ဖြစ်သည်။
အဆိုပါအိမ်ရာ စီမံကိန်းကို လူတိုင်းပိုင်ဆိုင်မှု ရှိနိုင်စေရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) နှင့် ချိတ်ဆက်ကာ ၁၀ နှစ်မှ ၁၅ နှစ်အထိ အရစ်ကျ ငွေပေးချေနိုင်ပြီး လက်ငင်းငွေချေ စနစ်ဖြင့်လည်း ပေးချေနိုင်ကြောင်း သိရသည်။ ဧရာဝဏ်-ရတနာ တန်ဖိုးသင့် တိုက်ခန်းများကို ဝယ်ယူလိုသူများ အနေဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးများ၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်များ၊ စီမံကိန်း ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဧရာဝဏ်-ရတနာ စီမံကိန်းတို့ကို ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
Ref : Eleven Media Group
Photo Credit : Eleven Media Group
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties