By Messenger, Shweproperty.com
Updated at 5 July 2016
ဘဏ်ကနေ ချေးငွေဖြင့် အိမ်ရာဝယ်ယူသူများအား ပြန်လည်အကျေပေးဆပ်ရမယ့် ကာလကို ရှစ်နှစ်မှ (၁၅) နှစ် အတွင်း တိုးမြှင့်ပေးဖို့ စီစဉ်နေပြီလို့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကနေ သိရပါတယ်။
““အခုအစိုးရသစ် လက်ထက်မှာ ဘဏ်ချေးငွေကို (၁၅) နှစ်ထိ တိုးမြှင့်ပေးနိုင်ဖို့ စီစဉ်နေတယ်။ လောလောဆယ်တော့ ဝန်ကြီးက မူဝါဒတွေပြင်ဖို့ ကြိုးပမ်းနေတယ်”” လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောပါတယ်။
ဒါ့အပြင် ချေးငွေ အတိုးနှုန်းကိုလည်း လျော့ချဖို့ စီစဉ်နေတယ်လို့လည်း ဦးမင်းအောင်အေးက ဆိုပါတယ်။
အရင်က ငွေချေးယူသူများကို လေးနှစ်အတွင်း အကြေပေးဆပ်ဖို့ ကနေ ရှစ်နှစ် အတွင်းအကြေ ပေးဆပ်ရမယ်လို့ တိုးမြှင့်သတ်မှတ်ထားပါတယ်။
ဒီလိုဆောင်ရွက်ပေးတဲ့ အတွက် အိမ်ရာမဲ့ပြည်သူတွေနဲ့ ဝင်ငွေနည်း ဝန်ထမ်းတွေ အတွက် ပိုမို အဆင်ပြေစေမယ့် အပြင် လစဉ်ပေးဆပ်ရမယ့် ငွေကြေးပမာဏမှာလည်း လျော့နည်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နောက်ပိုင်း ကာလတွေမှာ နိုင်ငံတကာ နည်းတူ ဘဏ်ချေးငွေကို နှစ် (၂၀) မှ နှစ်(၃၀) ထုတ်ချေးနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခုအချိန်မှာလည်း အိမ်ရာမဲ့ ပြည်သူတွေ အိမ်ရာပိုင်ဆိုင်ဖို့ အတွက် အိမ်ရာစီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေ ပြီးတော့ မကြာမီ ကာလအတွင်းမှာလည်း တန်ဖိုးနည်း အိမ်ရာတွေ ထပ်ပြီးတော့ ရောင်ချပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
““အခုကိုယ်က ဘဏ်ကချေးငွေ ယူထားတဲ့အခါ အတိုးနှုန်း သက်သာလို့ တော်သေးပေမယ့် ရှစ်နှစ်အတွင်းမှာ သိန်းခုနစ်ဆယ် သိန်းရှစ်ဆယ်လောက် ပိုက်ဆံကို အကြေပြန်ပေးမှာ ဖြစ်တော့ တစ်လ တစ်လပေးရတဲ့ အမောက်က များတယ်။ တကယ်လို့ (၁၅) နှစ် နှစ် (၂၀)လောက် အချိန်ရတယ် ဆိုရင်တော့ တော်တော် အဆင်ပြေသွားမှာပါ”” လို့ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ ဝယ်ယူထားသူ မမျိုးမျိုးအေးက ဆိုပါတယ်။
အခုအစိုးရက ရောင်းချနေတဲ့ အရစ်ကျ အိမ်ရာဝယ်ယူသူတွေကို ပထမအရစ် (၃၀) ရာခိုင်နှုန်း ပေးသွင်းစေပြီတော့ ကျန် (၇၀) ရာခိုင်နှုန်းကို ဘဏ်ချေးငွေ ရယူပါက ရှစ်နှစ်အတွင်း အကြေပေးသွင်းစေတဲ့ စနစ်နဲ့ ရောင်းချပေးနေတယ်လို့ အိမ်ရာဝယ်ယူသူတွေဆီက သိရပါတယ်။
ဒီလို ရှစ်နှစ်အတွင်းမှာ ငွေအကြေပြန်လည် ပေးသွင်းတဲ့အခါ တစ်လလျှင် ငွေကျပ်သိန်းဂဏန်းနဲ့ ပေးချေနေရတာ ဖြစ်တဲ့အတွက် မိသားစုနည်းတဲ့ သူတွေ အတွက်ကတော့ ထိခိုက်မူ မရှိပေမယ့် မိသားစုများတဲ့ သူတွေအဖို့တော့ အဆင်မပြေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
အဲဒီအတွက် ဝင်ငွေနည်းပြည်သူတွေ အဆင်ပြေဖို့ အတွက် အစိုးရသစ် အနေနဲ့ နှစ်ရှည်ချေးငွေစနစ်နဲ့ သက်သာတဲ့ အတိုးနှုန်းတွေကို ပြောင်းလဲဖို့ လိုပါတယ်လို အိမ်ခြံမြေ အကျိုးဆောင်တွေက သုံးသပ်ပြောဆိုကြပါတယ်။
““သက်သာတဲ့ အတိုးနှုန်းနဲ့ ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ အတိုးနှုန်းက နိုင်ငံတကာနဲ့ ယှဉ်ရင်မြင့်နေတယ်။ တကယ်တော့ နိုင်ငံတကာက ဝင်လာတဲ့ ဘဏ်တွေက မြန်မာပြည်မှာရှိတဲ့ ဘဏ်တွေနဲ့ သက်သာတဲ့ အတိုးနှုန်းတစ်ခုနဲ့ သွားမယ် ဆိုရင်တော့ ပြည်သူတွေ အတွက် ဘယ်တုန်းကမှ မရှိခဲ့တဲ့ အခွင့်အရေးတွေ ရလာမှာပေါ့”” လို့ အိမ်ခြံမြေ အကျိုးဆောင် အသင်းရဲ့ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောပါတယ်။
ပြီးတော့ အိမ်ရာလိုအပ်ချက်တွေ ဖြည့်တင်းနိုင်ဖို့ အတွက် နိုင်ငံတော်ပိုင်မြေတွေမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို ဆောက်လုပ်ခွင့် ချထားပေးဖို့ လိုအပ်ပြီး ဒီလုပ်ငန်းရှင်တွေက ဆောက်လုပ်ပြီး ပြန်လည် ရောင်းချရင်တော့ အခန်းဈေးနှုန်း သက်သာစေမှာ ဖြစ်တဲ့အတွက် အကောင်အထည် ဖော်သင့်တယ်လို့ ၎င်းကဆက်လက်ပြောပါတယ်။
အခုဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ် အနေနဲ့ အိမ်ရာဝယ်လိုသူတွေကို ချေးငွေပေးတဲ့အခါ တစ်နှစ်ကိုချေးငွေရဲ့ (၁၂) ရာခိုင်နှုန်း အတိုးယူတယ်လို့ သိရပါတယ်။ ဒီအတိုးနှုန်းဟာ မြင့်မားတဲ့ အတိုးနှုန်း မဟုတ်ပေမယ့် အခြေခံ လူစားတွေနဲ့ ဝင်ငွေနည်း ပြည်သူတွေ အတွက်ကတော့ အဆင်ပြေ သက်သာစေမယ့် အတိုးနှုန်း မဟုတ်သေးပါဘူး။
အဲဒီအတွက် အိမ်ရာမဲ့ ပြည်သူတွေနဲ့ ဝင်ငွေနည်း ပြည်သူတွေ အတွက် အိမ်ရာပိုင်ဆိုင်နိုင်ဖို့ အတွက် သက်ဆိုင်တဲ့ဝန်ကြီးဌာနက သက်သာတဲ့ အတိုးနှုန်းနဲ့ နှစ်ရှည်ချေးငွေတွေ ထုတ်ချေးပေးနိုင်ဖို့ အတွက် ပံ့ပိုးမူတွေ၊ မူဝါဒတွေ၊ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ပေးဖို့ တာဝန်ရှိနေပါ တယ်။
““နိုင်ငံတကာမှာ ဆိုလည်း အိမ်ဝယ်ရင် အများစုက ဘဏ်နဲ့ပဲ ချိတ်ဆက်ပြီးတော့ ဝယ်ကြတယ်။ ဘာလို့လဲ ဆိုတော့ ချေးငွေကိုနှစ် (၃၀) လောက်ထားပေးတယ်။ ပြီးတော့ အတိုးနှုန်း ကလည်း သက်သာတယ်။ အဲဒီတော့ အများစုက ဘဏ်ကချေး ပြီးတော့ အရစ်ကျစနစ်နဲ့ပဲ ဝယ်ကြတယ်။ ဒီမှာလည်းအစိုးရက အဲဒီလို လုပ်ပေးနိုင်ရင်တော့ တော်တော် အဆင်ပြေသွားမယ်”” လို့ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူ ကိုကျော်မြင့်က ဆိုပါတယ်။
အစိုးရသစ် အနေနဲ့ အိမ်ရာမဲ့ ပြည်သူတွေ အိမ်ရာပိုင်ဖို့ အတွက် အမှန်တကယ် ဈေးနှုန်း သက်သာတဲ့ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ဖို့ အတွက် ပုဂ္ဂလိကနဲ့ ပူပေါင်းဆောင်ရွက်သွားဖို့ လိုအပ်သလို နိုင်ငံခြား ဘဏ်တွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်ဖို့ လိုပါတယ်။
ဒါမှဝင်ငွေနည်း ပြည်သူတွေ အိမ်ရာဝယ်ယူနိုင်ဖို့ လက်လှမ်းမီလာမှာ ဖြစ်တဲ့အပြင် သက်သာတဲ့ ဘဏ်ချေးငွေ အတိုးနှုန်းကြောင့်လည်း မိသားစုများတဲ့သူတွေ အတွက် အဆင်ပြေစေတော့မှာ ဖြစ်ပါတယ်။
Ref & Photo Credit : Messenger
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties