By Myanmar Times, Shweproperty.com
Updated at 1 July 2015
ချေးငွေအပေါင်ခံပစ္စည်းအတွက် ပြည်တွင်းဘဏ်များက အိမ်ခြံမြေကိုသာ အဓိကထားရာက အိမ်ခြံမြေဈေးရပ်တန့်နေချိန်တွင် ရွှေကဲ့သို့ အခြားပစ္စည်းများကိုလည်း ထည့်သွင်းစဉ်းစား လာနိုင်ကြောင်း ဘဏ်အသိုင်းအဝိုင်းက လုပ်ငန်းရှင်များက ပြောသည်။ ၂၀၁၃ နှင့် ၂၀၁၄ နှစ်ဆန်းတွင် အမြင့်ဆုံး ဖြစ်ခဲ့သော အိမ်ခြံမြေဈေးမှာ အစိုးရမူဝါဒ အပြောင်းအလဲပေါ် စောင့်ကြည့်မှုများ ကြောင့် ၂၀၁၄ ခုနှစ်နှောင်းပိုင်းတည်းကပင် ကျရိပ် ပြလာခဲ့သည်။ ယခုနှစ်အတွင်း ဈေးနှုန်းများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်မရှိသလောက်ဖြစ်နေ ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။ ပြည်တွင်းချေးငွေများတွင် အပေါင်ခံ ပစ္စည်းကို မပါမဖြစ် ထည့်သွင်းထားသည်။ ၂၀၀၃ ခုနှစ် ဘဏ်အကျပ်အတည်းပေါ် ပေါက်ချိန်မှစခါ အိမ်ခြံမြေကဲ့သို့ ခိုင်မာပြီး မရွှေ့ပြောင်းနိုင် သောပစ္စည်းကို အပေါင်ခံ အဖြစ် ထည့်သွင်း သတ်မှတ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်ဆန်းပိုင်းစတင်၍ အိမ်ခြံမြေ အပြင် ဆန်စပါးနှင့် ပဲကဲ့သို့ သိုလှောင်ထား ရမည့် လယ်ယာထွက်ကုန်များ၊ ရွှေ၊ အစိုးရ ငွေတိုက်စာချုပ်၊ ငွေစုစာရင်း စသည့်ငါးမျိုး စလုံးကို ခွင့်ပြုပေးခဲ့သည်။ သို့သော် ကြွေးဆုံးပြဿနာကို စိုးရွံ့သော ပြည်တွင်း ဘဏ်များတွင် အိမ်ခြံမြေကိုသာ အဓိကထားလက်ခံသည်။ ၉၀ ရာခိုင်နှုန်းထက်မနည်းသော ဘဏ်အပေါင်ခံပစ္စည်းမှာ ခိုင်မာသည့် အိမ်ခြံမြေသာဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောသည်။ ထိုသို့ ဈေးနှုန်းများအေးစက်ပြီး အရောင်းအဝယ်ရပ်တန့်နေသော်လည်း ဘဏ်များမှာ ဆုံးရှုံးနိုင်မှုကို ကြိုတင်တွေးတော၍ အပေါင်ခံ ပစ္စည်းကို လက်ရှိပေါက်ဈေး၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိသာ ပေးတတ်ကြသည်။ ထို့ကြောင့် ဈေးအနည်းငယ်ကျရုံမျှဖြင့် ခံသာ ကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်း အကြံပေး ဦးသန်းလွင်က ပြောသည်။ "အိမ်ခြံမြေက ဈေးငြိမ်နေတာပဲရှိပါသေး တယ်။ ဈေးအရမ်းကြီးကျတာမဟုတ်တော့ ဒီပေါ်မှာ ဆုံးရှုံးမှုတော့ မရှိနိုင်ပါဘူး။ အမေရိကားမှာ ဖြစ်ခဲ့သလို ပြိုလဲသွားတာလည်း မဟုတ်ဘူး"ဟု ၎င်းက ပြောသည်။ သို့သော် အခြားခိုင်မာသည့် ရွှေကဲ့သို့ အပေါင်ခံပစ္စည်းများကိုမူ ဘဏ်များက စိတ်ဝင် စားမှု ပိုလာနိုင်ကြောင်း ၎င်းက ပြောသည်။ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများ ခန့်မှန်းတွက်ချက်မှုအရ ယခု ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ငွေကြေးဖောင်းပွမှုမှာ ဘဏ်အပ်ငွေအတိုးနှုန်းထက် ပိုမြင့်နေသည်။ ပြည်တွင်းဘဏ်များက ငွေချေးရာတွင် နိုင်ငံတကာတွင် ချေးသည့်ပုံစံကဲ့သို့ တစ်ဦးတစ်ယောက်ချင်းအတွက်မဟုတ်ဘဲ ကုမ္ပဏီလုပ်ငန်းအစုအဖွဲ့ကိုသာ ချေးခြင်းကြောင့် စွန့်စားရမှုနည်းပါးကြောင်း အာရှစိမ်းလန်းဖွံ့ဖြိုးမှု ဘဏ်၏ အမှုဆောင်ဒါရိုက်တာ ဦးစိုးသိန်းက ပြောသည်။ "အိမ်ခြံမြေ ဘယ်လောက်ကျမယ်ဆိုတာ အခုတော့ ဘယ်သူမှသေချာမသိသေးဘူး။ အရောင်းအဝယ် ရပ်ဆိုင်းတာမျိုးပဲရှိသေး တယ်" ဟု ၎င်းက ပြောသည်။ သမဝါယမဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ဘဏ်များကိုယ်တိုင်ကအပ်ငွေကို အမြတ်အစွန်းရအောင် ရင်းနှီးမြှပ်နှံမှုများ အတွက် ကာလတို ကာလရှည် အစိုးရငွေ တိုက်စာချုပ်များဝယ်ယူခြင်း၊ ချေးငွေချေးခြင်း များသာပြုလုပ်ပြီး အိမ်ခြံမြေပေါ်တွင်ရင်းနှီး မြှုပ်နှံမှုကို ဘဏ်ခွဲဖွင့်လှစ်ရန်အတွက်သာဝယ်ယူကြောင်းနှင့် ဗဟိုဘဏ်လက်အောက် တွင်ရှိခြင်းကြောင့် ဈေးကွက်ကိုလက်ဝါးကြီး အုပ်၍ မရကြောင်း ပြောသည်။ ချေးငွေမှာ ဘဏ်မတည်ရင်းနှီးငွေ၏ ၇၅ ရာခိုင်နှုန်းရှိပြီး ပြည်တွင်းငွေလဲနှင့် ငွေတိုက် စာချုပ်က ရသောအမြတ်များမှာ ၂၅ ရာခိုင် နှုန်းသာ ရှိသည်။ ဗဟိုဘဏ်မူဝါဒအရ အတိုးနှုန်းထက် ချေးငွေ မဆုံးရှုံးရေးကိုသာ အဓိကကာကွယ်နေရကြောင်း ၎င်းကပြောသည်။ "ဈေးကျလာတယ်ဆိုလည်း ကျတဲ့ဈေးနဲ့ ရာဖြတ်ပေးမှာပဲ။ ချေးငွေပမာဏဆိုတာကလည်း ပိုင်ဆိုင်မှုတန်ဖိုးရဲ့ သုံးပုံတစ်ပုံပဲရှိပါတယ်"ဟု ၎င်းက ပြောသည်။ ဘဏ်များက ရေတိုနှစ်ချင်းဆပ် ချေးငွေ ကို ခွင့်ပြုထားပြီး သုံးလတစ်ကြိမ် ပုံမှန်အတိုးပေးနိုင်၍ တစ်နှစ်ပြည့်လျှင် ချေးငွေကို ဆက်လက်သက်တမ်းတိုးခွင့်ပြုသည်။ ပုစွန်လုပ်ငန်းရှင်များအသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ထွန်းမြင့်က ပြည်တွင်းဘဏ် များမှာ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကိုသာ အများဆုံးလက်ခံခဲ့သဖြင့် ပြည်တွင်းလုပ်ငန်း ရှင်များ အခက်အခဲဖြစ်ပေါ်ရဟုဆိုသည်။ မြေဈေးနှုန်းရပ်တန့်နေချိန်တွင် လယ်ယာ လုပ်ငန်းရှင်များ ပိုင်ဆိုင်သော ဧရာဝတီတိုင်းရှိ မြေအများစုမှာ တစ်ဧကလျှင် ကျပ် ၁၅ သိန်း၊ သိန်း ၂၀ ဝန်းကျင်သာရှိသည်။ အပေါင်ခံ ပစ္စည်းကို ကုန်စည်အပ်နှံခွင့်မရသော ရေလုပ် ငန်းရှင်များမှာ အဆိုပါမြေများကိုပေါင်နှံရာတွင် ဥပဒေအရ အစိုးရသို့ လော်ကြေးငွေ ကျပ် ၁၀ သိန်းကိုလည်း ပေးသွင်း ရမည်ဖြစ် သဖြင့် အခက်အခဲဖြစ် နေကြောင်း ၎င်းက ပြောသည်။ "တစ်ဧက သိန်းရာနဲ့ချီတန်တဲ့မြေကွက် ဆိုရင်တော့ အခက်အခဲ မရှိဘူး။ ဆယ်ဂဏန်း တွေကျတော့ ထုတ်ကုန်အရင်း အနှီးအတွက် ချေးငွေရဖို့အခွင့်အလမ်း နည်းပါတယ်။ အဲဒီ အတွက်ကိုပဲ ကျွန်တော်တို့လည်း ကြိုးစား နေပါတယ်"ဟု ၎င်းကပြောသည်။ Ref : Myanmar Times Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties