By The Voice, Shweproperty.com
Updated at 8 September 2017
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း (ဒုတိယအဆင့်)က တိုက်ခန်း ၈၀ဝ ကျော်ကို မြို့တော်ခန်းမတွင် စက်တင်ဘာလ ၇ ရက်က မဲဖောက်ရောင်းချပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)ထံမှ သိရှိရသည်။
အဆိုပါစီမံကိန်းမှ တိုက်ခန်း ဝယ်ယူရန် လျှောက်ထားသူ ၅၇၅၂ ဦးရှိပြီး လေးခန်းတွဲ၊ ၈ ထပ်တိုက် ၂၇ လုံးမှ တိုက်ခန်း ၈၆၄ ခန်းကို အစိုးရဝန်ထမ်းများ သာမက အများပြည်သူများကိုပါ မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“စက်တင်ဘာလ ၇ ရက်မှာ အစိုးရ ဝန်ထမ်း (အငြိမ်းစား)နှင့် ကုမ္ပဏီဝန်ထမ်းတွေကို မဲနှိုက်ရောင်းမယ်၊ စက်တင်ဘာလ ၈ ရက်မှာ အများပြည်သူတွေကို တိုင်းအစိုးရအဖွဲ့ အစီအစဉ်နဲ့ ပြည်သူတွေ ရှေ့မှာပဲ ပွင့်လင်းမြင်သာစွာ မဲဖောက် ရောင်းချပေးတယ်”ဟု ၎င်းကဆိုသည်။
အခန်းများကို ဈေးနှုန်းနှစ်မျိုး သတ်မှတ်ကာ ရောင်းချရန် စီစဉ်ထားပြီး စတုရန်းပေ ၆၀ဝ ကျယ်ဝန်းသည့် အခန်းကို ကျပ် ၂၈၅ သိန်းနှင့် စတုရန်းပေ ၉၀ဝ ကျယ်ဝန်းသည့်အခန်းကို ကျပ် ၃၇၇ သိန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန(အဆောက်အအုံ)ထံမှ သိရသည်။
တိုက်ခန်းများကို အရစ်ကျ (သို့) ဘဏ်ချေးငွေဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး တိုက်ခန်းဝယ်ယူခွင့် ရရှိသူများသည် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ဝယ်ယူခွင့် ရရှိသည့်နှစ်လအတွင်း အပြီးပေးချေရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ငွေ စတင်ပေးသွင်းခြင်း မရှိသည့်အခန်းများ၏ ဝယ်ယူခွင့်ကို ပယ်ဖျက်၍ မဲနှိုက်ထားသည့် အရန်စာရင်း ကြီးစဉ်ငယ်လိုက်အရ ဆက်လက် ရောင်းချသွားမည်ဖြစ်သည်။
ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း (ဒုတိယအဆင့်) လျှောက်လွှာများကို ယခုနှစ် မေလ ၂ ရက်နေ့မှ ဇွန်လ၂ ရက်နေ့အတွင်း လက်ခံခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရောင်းချသည့် ဗိုလ်ဗထူး (ပထမအဆင့်) နှင့် ဗိုလ်မင်းရောင် တိုက်ခန်း ရရှိပြီးသူများ လျှောက်ထားခွင့် မရှိကြောင်း ယင်းဌာနထံမှ သိရသည်။
“တိုက်ခန်းကို လျှောက်ထားတဲ့အတွက် ဒီနေ့ လာကြည့်တာပါ။ မဲပေါက်ရင်တော့ ကောင်းတာပေါ့။ အစိုးရအနေနဲ့ ဒီထက် ဈေးနှုန်းနိမ့်တဲ့ ဈေးနှုန်းနဲ့တိုက်ခန်းတွေကို ရောင်းချပေးမယ်ဆို ပိုကောင်းတယ်”ဟု အငြိမ်းစားဝန်ထမ်း ဦးတင်မောင်ကဆိုသည်။
ဗိုလ်ဗထူး အိမ်ရာစီမံကိန်း (ဒုတိယအဆင့်)ကို ၂၀၁၅ ဒီဇင်ဘာလတွင် စတင် တည်ဆောက်လျက်ရှိရာ စီမံကိန်းကာလ သုံးနှစ်ကြာမြင့်မည်ဖြစ်ပြီး ယင်းတိုက်ခန်းများကို ၂၀၁၈ ဒီဇင်ဘာတွင် တည်ဆောက်မှု ပြီးစီးမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ)ထံမှ သိရသည်။
Ref & Photo Credit : The Voice & Social
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties