အိမ်မှာ အသုံးအဆောင်တွေ နေရာချရာမှာသာ ဖုန်းရွှေနည်း အသုံးပြုတာ လူသိများကြပါတယ်။ အိမ်တစ်အိမ်စဆောက်ဖို့ မြေကွက်ဝယ်ရာမှာလည်း မြေကွက်ပုံစံကို ဖုန်းရွှေနည်းနဲ့ အရင်ကြည့်သင့်ပါတယ်။ ဖုန်းရွှေပညာမှာ အိမ်ဆောက်ဖို့ အကောင်းဆုံး မြေကွက်ပုံစံက 

စတုရန်းပုံမြေကွက်နဲ့
ထောင့်မှန်စတုဂံပုံ မြေကွက်ပဲ ဖြစ်ပါတယ်။ 

စတုရန်းပုံမြေကွက်ကတော့ ကောင်းတဲ့ကောင်းကင်ချီတွေကို စုတ်ယူအားကောင်းပြီး ကောင်းတဲ့ ကမ္ဘာမြေပြင် ချီတွေနဲ့ လိုက်ဖက်ညီညာရှိတာကြောင့် ဖုန်းရွှေ အားကောင်းတယ်လို့ ဆိုကြပါတယ်။ အဲဒီလို စတုရန်းပုံ မြေကွက်ပေါ်မှာ  အိမ်ဆောက်မယ်ဆိုရင် စတုရန်းပုံ ဒါမှမဟုတ် ထောင့်မှန်စတုဂံပုံ ကျတဲ့ အိမ်ပုံစံမျိုးကို ဆောက်ပေးခြင်းဟာ ဖုန်းရွှေအားတွေကို တိုးပွားစေတယ်လို့ သိရပါတယ်။ မြေငလျင်ဒဏ်၊ မြေသားပြတ်ရွေ့ဒဏ် စတဲ့ သဘာဝရဲ့ ဘေးဒဏ်တွေကိုလည်း စတုရန်းပုံ မြေကွက်က ပိုခံနိုင်ရည် ရှိကြပါတယ်။  နောက်ပြီး စတုရန်းပုံမြေကွက်ပေါ်မှာ အိမ်ဆောက်ပြီးနေနေသမျှ ကာလပတ်လုံး အမှုအခင်း အချုပ်အနှောင်နဲ့ ကင်းဝေးတယ်လို့ ဖုန်းရွှေပညာရှင်တွေက ဆိုကြပါတယ်။ 


 
ထောင့်မှန်စတုဂံပုံ မြေကွက်ဟာလည်း ဖုန်းရွှေအားကောင်းတဲ့ မြေကွက်ဖြစ်ပါတယ်။ အနောက်ဘက်ကို ရှည်ထွက်နေတဲ့မြေကွက်ဟာ ဘေးဘက်ကို ရှည်ထွက်တဲ့ မြေကွက်ထက် ဖုန်းရွှေအားကောင်းတယ်လို့ ဆိုပါတယ်။ အဲ့ဒီလိုမြေကွက်ပေါ်မှာ အိမ်ဆောက်ရင် စီးပွားတိုးတတ်မယ်။ မိသားစုဘဝပျော်ရွှင်ချမ်းမြေ့မှုရမယ်။ စိတ်ချမ်းသာစွာ၊ ကျန်းမာစွာ နေထိုင်နိုင်ကြတယ်လို့ ဖုန်းရွှေပညာ ကျွမ်းကျင်သူတွေ ပြောကြားချက်ကို မှတ်သားရပါတယ်။ 
         
ဖုန်းရွှေနည်းအရ အိမ်မဆောက်သင့်တဲ့ မြေကွက် ပုံစံတွေကတော့ L ပုံစံမြေကွက်နဲ့ တြိဂံပုံမြေကွက်တွေပါပဲ။ မကောင်းတဲ့ကောင်းကင်ချီတွေ အများဆုံး ကျရောက်တတ်ပြီး ဖုန်းရွှေပညာအရ ညံ့တဲ့ မြေကွက်ပဲလို့ ဆိုကြပါတယ်။ အဲဒီမြေကွက်တွေမှာ အိမ်ဆောက်နေမယ်ဆိုရင် အိမ်သူအိမ်သားတွေ စည်းလုံးမှုမရှိပဲ မသင့်မြတ်မှုတွေ ဖြစ်မယ်။ စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ရင် ဆုံးရှုံးမယ်။ အိမ်ထောင်ရှင်တွေ ရှိရင်လည်း အိမ်ထောင်ဖက် တစ်ဦးဦး သစ္စာဖောက်တတ်တယ်လို့ ဆိုကြပါတယ်။ 

တကယ်လို့ ကိုယ်က L ပုံစံ၊ တြိဂံပုံစံ မြေကိုဝယ်ထားမိတယ်ဆိုရင် ခြံစည်းရိုးပင်တွေ စိုက်ပေးခြင်း၊ အိမ်နောက်ဖေးမှာ အပင်ကြီး့ကီး စိုက်ပေးခြင်းနဲ့ ဖုန်းရွှေဓာတ်ကို ပြန်ညှိပေးနိုင်ပါတယ်။ 

ဒီဆောင်းပါးလေးက စာဖတ်သူတို့ ဗဟုသုတရမယ်လို့ ယုံကြည်ပါတယ်။ စာဖတ်သူတို့အားလုံး အိမ်ကြီးအိမ်ကောင်းများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

Written By : Lily (ShweProperty.com)