By Myanmar Times, Shweproperty.com
Updated at 4 November 2016
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) တို့ ပူးပေါင်းလုပ်ဆောင်မည့် မြို့ကြီးသုံးမြို့အတွက် မဟာဗျူဟာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂ဝ၄ဝ ကို မကြာခင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''လက်ရှိ ဖွံ့ဖြိုးမှုတွေနဲ့ ကိုက်ညီမှုရှိမရှိကို ပြန်သုံးသပ်တာ အခု နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ''ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန၊ မြို့ပြစီမံကိန်းရေးဆွဲရေးမှ တာဝန်ရှိသူ ဦးဇော်ဇော်အေးက မြန်မာတိုင်း(မ်)ကိုပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂ဝ၁၃ ခုနှစ်ခန့်တွင် မဟာဗျူဟာမြို့ပြဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂ဝ၄ဝ ကို မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအရ အရေးပါသည့် မန္တလေး၊ ပုသိမ်နှင့် မော်လမြိုင်မြို့တို့အတွက် ရေးဆွဲခဲ့သည့် စီမံကိန်းကိုအခြေခံကာ ယခုနှစ်တွင် JICA နှင့် ပူးပေါင်းကာ အသစ်ပြန်လည်ရေးဆွဲခဲ့ခြင်းဖြစ်သည်။
''ပြန်ဆွဲနေတာ နောက်ဆုံးအဆင့်ရောက်လို့ ဒီစီမံကိန်းမူကြမ်းကို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ထားတာကို JICA ရဲ့အကြံပေးအဖွဲ့က သူတို့ရဲ့ တာဝန်ရှိသူတွေကို ပြန်တင်ပြထားတယ်။ ဒီလကုန်လောက် ဒီစီမံကိန်းရေးရဲ့ မြန်မာဘာသာနဲ့ ထုတ်ပြန်ထားတဲ့ပုံစံ ထွက်ပါမယ်''ဟု ၎င်းကပြောသည်။
ယင်းစီမံကိန်းများ ရေးဆွဲပြီးစီးလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရက ၎င်းတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ၎င်းတို့ကိုယ်တိုင် စီမံခန့်ခွဲမှုဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းမဟာဗျူဟာမြို့ပြဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းသည် ၂ဝ၄ဝ ပြည့်နှစ်အထိ နှစ်ရှည် လုပ်ဆောင်သွားမည့် စီမံကိန်းဖြစ်ပြီး မန္တလေးမြို့အတွက် မဟာဗျူဟာစီမံကိန်းကို မြို့ပြအမွေ အနှစ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း စီးပွားရေးမြို့တော်တစ်ခုအဖြစ် ဆောင်ရွက်ရန်၊ ပုသိမ်မြို့အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ် ဗဟိုမြို့တော်အဖြစ်နှင့် မော်လမြိုင်မြို့အတွက် အာဆီယံ တံခါးပေါက်မြို့တော် အဖြစ် မျှော်မှန်းထားကြောင်း သိရသည်။
Ref : Myanmar Times
Photo Credit : Myanmar Hotels & Travel Guide
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties