By Eleven Media Group, Shweproperty.com
Updated at 27 January 2016
ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အပိုင်း (၂) ကို ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်တွင် ဆက်လက် တည်ဆောက်နေပြီး တစ်ခန်းလျှင် အနည်းဆုံးကျပ် ၂၆၇ သိန်းမှ အများဆုံး ၃၄၇ ကျပ်သိန်းဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အပိုင်း (၂) ကို လက်ရှိတည်ဆောက်ထားပြီးဖြစ်သည့် စီမံကိန်း အပိုင်း (၁) ၏ အနောက်ဘက်တွင် တစ်ဆက်တည်း ဆက်လက် ဆောက်လုပ်နေပြီး စီမံကိန်း ကြာမြင့်ချိန်ကို သုံးနှစ်အထိ သတ်မှတ်ထားကြောင်း၊ ယင်းစီမံကိန်းတွင် စတုရန်းပေ ၆၀၀ ကျယ်ဝန်းသော လေးခန်းတွဲ ရှစ်ထပ်အဆောက်အအုံ ရှစ်လုံးနှင့် စတုရန်းပေ ၉၀၀ ကျယ်ဝန်းသော လေးခန်းတွဲ ရှစ်ထပ် အဆောက်အအုံ အလုံး ၂၀ စုစုပေါင်း ၄ ခန်းတွဲ ရှစ်ထပ် အဆောက်အအုံ ၂၈ လုံး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းတွင် အခန်းပေါင်း ၈၉၆ ခန်း ပါဝင်မည်ဖြစ်ပြီး ယင်းအိမ်ရာ အကောင်အထည် ဖော်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်ကြောင်း၊ စီမံကိန်းအပိုင်း (၂) ၏ အခန်းများကို ယခင်စီမံကိန်း အပိုင်း (၁) တွင် ရောင်းချခဲ့သည့် အခန်းဈေးနှုန်းများထက် တစ်ခန်းလျှင် ကျပ်သိန်း ၃၀ စီ ဈေးမြင့်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
"ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်း အပိုင်း (၂) ကို ဆက်လက် ဆောက်လုပ်နေပါတယ်။ အရင်စီမံကိန်း (၁) ထက် တစ်ခန်းကို ကျပ်သိန်း ၃၀ စီမြင့်သွားမယ်။ အရင်စီမံကိန်း (၁) တုန်းက တစ်ခန်းကို ၂၅၅ ကျပ်သိန်းနဲ့ ရောင်းတဲ့အခန်း ကို အခု ၂၈၅ ကျပ်သိန်းဖြစ်သွားမယ်။ အရင် ၃၂၉ ကျပ်သိန်းက အခု ကျပ် ၃၅၉ သိန်းစသည် ဖြင့်ဖြစ်သွားမယ်။ တစ်ခန်းကို အနည်းဆုံး ကျပ်၂၆၇ သိန်းကနေ အများဆုံး ကျပ်၃၇၇ သိန်း နဲ့ ရောင်းချမှာဖြစ်ပါတယ်။ အဲဒီဈေး နှုန်းသတ် မှတ်ချက်ကိုလည်း တိုင်းဒေသကြီးအစိုးရ အ ဖွဲ့ရဲ့ခွင့်ပြုချက် ရရှိပြီးသားဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အပိုင်း (၂) အား ယခင်စီမံကိန်း အပိုင်း (၁) အား တာဝန်ယူ တည်ဆောက်ခဲ့သည့် Myanmar V Pile ကုမ္ပဏီကပင် ဆက်လက်တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအိမ်ရာကို ယခင်စီမံကိန်း အပိုင်း (၁) တည်ဆောက်ခဲ့စဉ်ကပင် အသင့်ပြုလုပ်ပြီးသား နံရံကြမ်းခင်းများကိုအသုံးပြုကာပင် ဆောက်လုပ်မည် ဖြစ်သောကြောင့် ဆောက်လုပ်ချိန်များစွာ ကြာမြင့်မည်မဟုတ်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြောကြားသည်။
အဆိုပါ အိမ်ရာစီမံကိန်းအား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့်ပင် မဲနှိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အပိုင်း ၁ ကိုလည်း တစ်ခန်းလျှင် အနည်းဆုံး ကျပ်၂၃၇ သိန်းမှ အများဆုံးကျပ်၃၂၉သိန်းအထိ ဈေးနှုန်းများဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး အိမ်ရာမပိုင်ဆိုင်သေးသည့် အခြေခံ ပြည်သူများ မဝယ်ယူနိုင်ခဲ့ပေ။
ထို့ပြင် အဆိုပါ အိမ်ရာများကို ဝယ်ယူခဲ့ပြီးမှ ငွေမသွင်းနိုင်သဖြင့် ဝယ်ယူခွင့် ဖျက်သိမ်းခဲ့ရသည့် အခန်းများရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။
Ref : Eleven Media Group
Photo Credit : skyscrapercity
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties