By The Kumudra Journal, Shweproperty.com
Updated at 9 November 2016
မြောက်ဒဂုံမြို့နယ် အတွင်းမှာ ဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ စီမံကိန်း(၂)ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့ မဲစနစ်ကျင့်သုံးပြီး အရစ်ကျရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ ဗိုလ်ဗထူးအိမ်ရာအပိုင်း (၂)ကအရင် အပိုင်း(၁)ရဲ့ အနောက်ဘက် ဘုရင့်နောင်လမ်းမဘေးမှာ ဆက်အကောင်အထည်ဖော်နေတာ၊ အခန်းကျယ်တွေအနေနဲ့က ၆၀၀ စတုရန်းပေနဲ့ ၉၀၀ စတုရန်းပေ ပုံစံနှစ်မျိုးဆောက်လုပ်မှာ၊ အားလုံးမှာ ဓါက်လှေကားပါဝင်မယ် လို့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စီမံကိန်းအပိုင်း (၂)မှာတော့ ရှစ်ထပ်တိုက်အလုံးပေါင်း ၂၈ လုံးမှာ ၉၀၀ စတုရန်းပေ အခန်းတွေပါဝင်တဲ့ တိုက်အလုံး၂၀ နဲ့ ၆၀၀ စတုရန်းပေ အကျယ်ရှိ အခန်းတွေပါဝင်တဲ့ တိုက်ရှစ်လုံးတို့ ပါဝင်တယ်။အခန်းစုစုပေါင်းကတော့ ၉၀၀ နီးပါးဆောက်လုပ်နေ တာဖြစ်ပါတယ်။ မြေဧက ၁၄.၈၉ ဧကပေါ်မှာ ဆောက်လုပ် အကောင်အထည်ဖော်နေတာဖြစ်ပြီး ဖောင်ဒေးရှင်းလုပ်ငန်းတွေ အားလုံးပြီးစီးအောင် ဆောင်ရွက်နေပါတယ်။
ဝန်ဆောင်မှုတွေကတော့ အရင်စီမံကိန်း အပိုင်း(၁) ပုံစံအတိုင်း ကားပါကင်၊ ကလေးကစားကွင်းသီးသန့် အဆောက်အအုံအတွက် ခြံဝင်း စတာတွေပါဝင်တယ်။ အခန်းဈေးနှုန်းတွေကတော့ ၆၀၀ စတုရန်းပေကို ၂၆၇ သိန်းနဲ့ ၉၀၀ စတုရန်းပေကို ၃၇၇ သိန်းကျသင့်မှာ ဖြစ်ပါတယ်။ အိမ်ရာတွေကိုတော့ ယခင်ပုံစံအတိုင်း လျှောက်လွှာတွေဖြည့်စွက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအစီအစဉ်နဲ့ အရစ်ကျနဲ့ ဘဏ်ချေးငွေ ပုံစံ နှစ်မျိုးနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဗိုလ်ဗထူးအိမ်ရာအပိုင်း (၁)ကိုပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး အခန်း ဝယ်ယူခွင့်ရရှိသူတွေကို ၂၀၁၅ ခုနှစ်မှာ အခန်းအပ်နှံခဲ့ပါတယ်။ အခန်းစုစုပေါင်း ၄၄၈ ခန်းပါဝင်ပြီး Precast စနစ်နဲ့ စတင်ဆောက်လုပ်ခဲ့ တဲ့ တန်ဖိုးမျှတအိမ်ရာစီမံကိန်းလည်း ဖြစ်ပါတယ်။ အရောင်းကိုတော့ အရစ်ကျ လေးရစ်ဆပ်ပုံစံနဲ့ ဘဏ်ချေးငွေ ၃၀ ရာခိုင်နှုန်းသွင်း ကျန်ပမာဏ ကို လေးနှစ်အရစ်ကျ ပုံစံနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။
လက်ရှိအပိုင်း (၂) ကိုတော့ လာမယ့်အပိုင်းအတွင်း ပြည်သူတွေကိုရောင်းချပေးမှာဖြစ်ပြီး ဘဏ်ချေးငွေအတွက် နှစ်ကန့်သက်ချက်ကိုတော့ အတိအကျ မသိရသေးပါဘူး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က စတင်ပြီး တန်ဖိုးသင့် အိမ်ရာတွေ ဆောက်လုပ်ခဲ့ပြီး ဗိုလ်ဗထူးအိမ်ရာအပိုင်း(၁)နဲ့ ဗိုလ်မင်းရောင်အိမ်ရာတို့ကို ပြည်သူတွေကိုရောင်းချပေးခဲ့ပါတယ်။ ဆက်လက်အကောင် အထည်ဖော်နေတဲ့ စီမံကိန်းတွေကတော့ ဗိုလ်ဗထူးအိမ်ရာ အပိုင်း (၂) ဧရာဝဏ်နဲ့ ရတနာအိမ်ရာ၊မင်းရဲကျော်စွာအိမ်ရာတွေကို အကောင် အထည်ဖော်ဖို့ ရှိသလို ဗိုလ်ဗထူးအိမ်ရာအပိုင်း (၃) အတွက်မြေနေရာကိုလည်း သက်မှတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
Ref : The Kumudra Journal
Photo Credit : newlightofmyamar
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties