By The Trade Times, Shweproperty.com
Updated at 30 June 2014
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော် ဆောက်လုပ်နေသည့် ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းဝယ်ယူခွင့် လျှောက်ထားသူများအား ဇွန်လ ၂၄ ရက်၌ အခန်းပေါင်း ၃၅၀ ကို ဒုတိယအကြိမ် မဲနိုက်ပြီး ဝယ်ယူခွင့်ပေးခဲ့သည်။
ယခု ဒုတိယအကြိမ်အတွက် ပြည်သူလူထု ၂,၈၈၀၊ အငြိမ်းစား ဝန်ထမ်း ၁,၉၉၂ ဦး၊ အသင်းအဖွဲ့အနေဖြင့် ၉၃ ဦးနှင့် ကုမ္ပဏီဝန်ထမ်း ၇၅၅ ဦး လျှောက်ထားကြပြီး စုစုပေါင်း ၅,၇၂၀ ဦး ရှိသည်။
ဗိုလ်မင်းရောင်အိမ်ရာ အခန်းတန်ဖိုးမှာ စတုရန်းပေ ၉၀၀ တစ်ခန်းလျှင် ၃၄၇ သိန်း၊ စတုရန်းပေး ၆၀၀ တစ်ခန်းလျှင် ၂၅၅ သိန်း ဖြစ်ပြီး ပထမအကြိမ် မဲနှိုက်ရောင်းချခဲ့ခြင်းကို လုပ်သက် ၂၀ အထက် ဝန်ထမ်းလျှောက်လွှာ ၆,၇၂၃ စောင်ထဲမှ အခန်းပေါင်း ၃၃၀ မဲနှိုက်ခဲ့ပြီး ဖြစ်သည်။
ဗိုလ်ဗထူးအိမ်ရာသည် တန်ဖိုးမျှတအိမ်ရာဟု ဆိုသော်လည်း အခန်း တန်ဖိုးမှာ ဈေးကွက်တွင်ရှိသော ဈေးနှုန်းလောက်ပင်ရှိကြောင်း ဝယ်ယူသူများက ပြောဆိုလျက်ရှိသည့်အပေါ် တန်ဖိုးမျှတအိမ်ရာသည် သက်ဆိုင်ရာ ဝယ်ယူသူဧ။် ဆန္ဒပေါ်တွင်သာမူတည်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေးမှုး ဦးနေဝင်းအောင်က ပြောသည်။
ဒုတိယအကြိမ် မဲနှိုက်မှုကို ရှင်စောပုလမ်းရှိ Myanmar Even Park ၌ ပြုလုပ်ခဲ့၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မဲနှိုက်သည့်နေ့တွင် အိမ်ဝယ်ရန် လျှောက်လွှာတင်ထားသူများနှင့် ဗိုလ်ဗထူးအိမ်ရာ၌ လျှောက်လွှာတင်ခဲ့ပြီး မဲမပေါက်သည့်သူများပါ လာရောက်လေ့လာခဲ့ကြသည်။
ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာစီမံကိန်းသည် ဒဂုံမြို့သစ်မြောက်ပိုင်း ဗိုလ်မင်းရောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၌ ရှိ၍ လေးခန်းတွဲ ရှစ်ထပ်တိုက် ၂၅ လုံးဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဇုူလိုင်လတွင် စတင်တည်ဆောက်ခဲ့သည်။
"ဗိုလ်ဗထူးအိမ်ရာတုန်းကလည်း လျှောက်ထားတယ်။ မဲမပေါက်ခဲ့ဘူး။ အခုတစ်ခါ ပြန်လျှောက်ထားတယ်။ ဦးလေးတို့က တကယ်ကိုယ်တိုင်နေဖို့ပါ။ အဲဒီအခန်းကို ရသွားတဲ့သူတွေက ပြန်ရောင်းကြမယ်လို့လည်း ကြားတယ်" ဟု ဇွန်လ ၂၄ ရက် ဗိုလ်မင်းရောင်အိမ်ရာ မဲနှုက်သည့်နေရာသို့ လာရောက်ကြည်ရှုသည့် အသက် ၆၀ ဝန်းကျင်ရှိသူတစ်ဦးက ပြောသည်။
ယခင် ဗိုလ်ဗထူး တန်းဖိုးမျှတ အိမ်ရာ ရောင်းချရာတွင် ဝယ်ယူခွင့် ရရှိသူများ ယခုအိမ်ရာအတွက် ထပ်မံလျှောက်ထားရန် မလိုကြောင်းနှင့် ဗိုလ်ဗထူးအိမ်ရာ ဝယ်ယူခွင့် ရရှိသူများဧ။် လျှောက်လွှာများကို ချန်ထားပြီး ကျန်လျှောက်လွှာများကို ဗိုလ်မင်းရောင်အိမ်ရာ မဲနှိုက်ရာ၌ ထည့်သွင်းထားကြောင်းသိရသည်။
"ကျွန်မက ဗိုလ်ဗထူးအိမ်ရာ လျှောက်တုန်းက မပေါက်ခဲ့ဘူး။ ဒီတစ်ခေါက်တော့ ထပ်လည်း မတင်ဘူး။ စိတ်မပါတော့လို့။ အဲဒီတုန်းက စည်ပင်က လူတွေ တော်တော်များများ မဲပေါက်တယ်ကြားတယ်။ ဒီတစ်ခေါက်လည်း ဘယ်လို မဲနှိုက်သလဲ၊ တရားမျှတမှု ရှိမရှိဆိုတာ သိချင်လို့ လာကြည့်တာပါ" ဟု ဗိုလ်မင်းရောင်အိမ်ရာ မဲနှိုက်ရာတွင် လာရောက်ကြည့်ရှုသူတစ်ဦးက ပြောသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း ဗိုလ်ဗထူးလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ ဗိုလ်ဗထူးအိမ်ရာကို မဲနှိုက်ရောင်းချခဲ့ပြီး ဖြစ်သည်။ ၎င်းအိမ်ရာသည်လည်း ဗိုလ်မင်းရောင်နှင့် ဈေးနှုန်းကွာဟမှု သိပ်မရှိဟု ဦးနေဝင်းအောင်က ပြောသည်။
ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာ ဝယ်ယူရန် ဝယ်ယူရန် လျှောက်လွှာများ၌ နှစ်ခါထပ်သည့် လျှောက်လွှာများရှိသောကြောင့် အမည်၊ မှတ်ပုံတင်နံပါတ် စသည်တို့ကို သေချာတိုက်စစ်ရကြောင်း ၎င်းက ပြောသည်။
၎င်းလျှောက်လွှာများကို မေလ ၁၁ ရက် နောက်ဆုံးထား၍ လျှောက်ထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ်ခဲ့သည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties