By Myanmar Times, Shweproperty.com
Updated at 8 September 2015
တပ်မတော်ပိုင်မြေများ၊ ဌာနဆိုင်ရာပိုင်မြေများ နှင့် စည်ပင်သာယာရေးကော်မတီပိုင်မြေများ ပေါ်တွင် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များက BOTစနစ် (Build၊Operate and Transfer) စနစ်ဖြင့် တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း ခြင်းဖြင့် နှစ်အပိုင်းအခြားအလိုက် ငှားရမ်း လုပ်ကိုင်နေသော အဆောက်အအုံများတွင် ဟိုတယ်များ၊ ဆေးရုံများ တည်ဆောက်ခြင်း မှာပြဿနာမရှိနိုင်သော်လည်း လူနေအိမ်ခန်း များကိုပါ ထည့်သွင်းရောင်းချလာခြင်းမှာ ရေရှည်တွင် ပိုင်ဆိုင်မှုဆိုင်ရာပြဿနာများ ရှုပ်ထွေးလာစေနိုင်သည့်အပြင် ဝယ်သူများအတွက် နစ်နာဆုံး ရှုံးစေနိုင်ကြောင်း အိမ်ခြံမြေကျွမ်းကျင်သူများက ပြောသည်။
"ဘီအိုတီစနစ်နဲ့ဆောက်တဲ့ ကွန်ဒိုတွေဆိုရင် ရောင်းတဲ့လူတွေက သေချာပြောပြဖို့ လိုပါတယ်။ မြန်မာအလေ့အထအရ အခန်း တစ်ခန်းဝယ်လိုက်ရင် ဘိုးစဉ်ဘောင်ဆက် ပိုင်လိမ့်မယ်လို့ ထင်ပေမယ့် ဘီအိုတီအခန်း တွေက ဘိုးစဉ်ဘောင်ဆက်ပိုင်လို့ မရပါဘူး" ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းမှ ဒေါ်မို့မို့အောင်က ပြောသည်။
ဘီအိုတီစနစ်အရ အစိုးရပိုင်မြေများပေါ်တွင်ဆောက်လုပ်သည့် အဆောက်အအုံများ၏ ကုန်ကျစရိတ်ကို မြေငှားရမ်းသည့် ကုမ္ပဏီများက ကျခံတည်ဆောက်ရပြီးသတ်မှတ် မြေငှားရမ်းသည့် နှစ်အပိုင်းအခြားတစ်ခုအတွင်းသာ ငှားရမ်းသူက လုပ်ကိုင်ဆောင် ရွက်နိုင်ခွင့်ရှိပြီး သက်တမ်းကုန်းဆုံးပါက ငှားရမ်းထားသူမှ မြေပိုင်ရှင်ဖြစ်သည့် ဝန်ကြီးဌာနသို့ မြေနှင့် အဆောက်အအုံကို ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။ နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော်လည်း မြန်မာနိုင်ငံတွင် မကျယ်ပြန့်သေးသည့် ထိုစနစ်အရ မြေငှား ရမ်းထားသည့်ကာလအတွင်း မြေငှားရမ်းခနှင့်အကျိုးအမြတ်များကိုလည်း နှစ်ဦး နှစ်ဖက် သဘောတူညီမှုများဖြင့် ညှိနှိုင်း ဆောင်ရွက်ရသည်။
မြန်မာနိုင်ငံတွင် ဘီအိုတီစနစ်ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံများ၏သက်တမ်းမှာ အစိုးရအဆက်ဆက်၏ မူဝါဒနှင့်လုပ်ဆောင်မည့် လုပ်ငန်းများ၏ သဘောသဘာဝများအရ ကွာခြား မှုရှိပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီလက်ထက်တွင် ကနဦး နှစ် ၃၀ ဖြင့်ထပ်တိုး ၁၀ နှစ် နှစ်ကြိမ်ဖြင့် စုစုပေါင်း နှစ် ၅၀ သက်တမ်းဖြင့် စာချုပ်ချုပ်ဆို လုပ်ကိုင် ခဲ့သော်လည်း ဒီမိုကရေစီအစိုးရလက်ထက်တွင် ကနဦး နှစ် ၅၀ ထပ်တိုး ၁၀ နှစ်နှစ်ကြိမ်စီဖြင့် စုစုပေါင်း နှစ် ၇၀ လုပ်ကိုင်ခြင်းကို ခွင့်ပြုပေးသည်။ ဈေးကွက်အတွင်း ဘိုးဘွားပိုင်မြေများ၊ ဂရန်မြေများပေါ်တွင် ဆောက်လုပ်ထားသည့် ကွန်ဒိုဈေးများနည်းတူ ဘီအိုတီကွန်ဒို များ၏ တစ်ပေပတ်လည်ရောင်းဈေးမှာ ကွာဟမှုမရှိဘဲ တစ်ပေပတ်လည်လျှင် အမေရိ ကန်ဒေါ်လာ ၃၀၀ မှ ဒေါ်လာ ၅၀၀ ကျော် အထိ ရောင်းချလာသည့်အတွက် အချို့သော ကွန်ဒိုတိုက်ခန်းများမှာ တစ်ခန်းလျှင် မြန်မာကျပ်ငွေသိန်း ၅,၀၀၀ ကျော်အထိ ပေါက်ဈေးရှိသည်။
"ဘီအိုတီစနစ်နဲ့လုပ်ထားတဲ့ အခန်းတွေဆိုရင် နှစ်အပိုင်းအခြားအလိုက်ပဲ အငှားချ ထားလို့ရတယ်။ ရောင်းခွင့်မရှိဘူး။ ဘီအိုတီ ကို စာချုပ်ချုပ်ပြီးအရောင်းအဝယ်လုပ်ရင်ကိုပဲ ဥပဒေကြောင်းအရ အထမမြောက်ဘူး။ ငှားတာသက်တမ်းပြည့်ရင် ပြန်အပ်ရမယ်။ ရောင်းချင်တယ်ဆိုရင်လည်း မြေရှင်ကိုအသိပေးရမယ်။ ဥပမာ အိမ်ငှားက အိမ်ကိုရောင်းလို့ မရသလိုဘဲ။ ဖြစ်နိုင်ရင်တော့ ဘီအိုတီကို မဝယ်ကြပါနဲ့" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် ဦးခင်လှိုင်က ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties