By Eleven Media Group, Shweproperty.com
Updated at 3 September 2015
ရန်ကုန်မြို့တွင် အသစ်ထပ်မံ ဆောက်လုပ်မည့် တာမွေအဝိုင်း လမ်း(၅)ခွဆုံ၊ ရှစ်မိုင်နှင့် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတား(၃)စင်း တည်ဆောက်ချိန်ကို (၆)လခန့် ပေးထားပြီး ၂၀၁၆ ခုနှစ် မတ်လကုန်တွင် အပြီးဆောက်လုပ်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
အဆိုပါ ခုံးကျော်တံတား(၃)စင်း၏ တည်ဆောက်ရေး လုပ်ငန်းများကို သြဂုတ်လလယ်ပိုင်းကတည်းက စတင်ခွင့်ပြုခဲ့ပြီး ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်ဖြစ်သော ၂၀၁၆ ခုနှစ် မတ်လကုန်တွင် အပြီးဆောက်လုပ်ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တည်ဆောက်မည့် ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားမည်ဖြစ်ကြောင်းနှင့် အတတ်နိုင်ဆုံး ယာဉ်ကြောပိတ်ဆို့မှု နည်းပါးအောင် လုပ်ဆောင်ရန် ညွှန်ကြားထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “အတတ်နိုင်ဆုံး ယာဉ်ကြောပိတ်ဆို့မှု နည်းပါးအောင် လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။
ကားတွေက နေရာတိုင်းလိုလို ကျပ်နေတာဆိုတော့ ခုံးကျော်တံတား ဆောက်လုပ်တဲ့ နေရာမှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေမှာပဲ”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ခုံးကျော်တံတား(၃)စင်းကို ယခုဘဏ္ဍာနှစ်တွင် အထူးစီမံကိန်းလုပ်ငန်း အနေဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး တာမွေအဝိုင်း လမ်း(၅)ခွဆုံ ခုံးကျော်တံတားအတွက် ငွေကျပ် ၂၂ ဒသမ ၅ ဘီလျံ၊ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားအတွက် ငွေကျပ် ၁၅ ဒသမ ၄ ဘီလျံနှင့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားအတွက်ငွေကျပ် ၁၆ ဒသမ ၄၅ ဘီလျံ စုစုပေါင်း ၅၄ ဒသမ ၃၅ ဘီလျံ အသုံးပြုရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
တာမွေအဝိုင်း လမ်း(၅)ခွဆုံ ခုံးကျော်တံတားကို Y ပုံသဏ္ဍာန် ခုံးကျော်တံတားအဖြစ် ဆောက်လုပ်မည်ဖြစ်ပြီး ဦးချစ်မောင်လမ်းနှင့် ဗညားဒလလမ်းတွင် (၂)လမ်းမောင်း (၄)လမ်းသွားနှင့် ဗညားဒလလမ်းမှ အရှေ့မြင်းပြိုင်ကွင်းလမ်းသို့ (၁)လမ်းမောင်း (၂)လမ်းသွားအဖြစ် ဆောက်လုပ်မည်ဖြစ်ကြောင်း၊ကုက္ကိုင်းခုံးကျော်တံတားကို ကမ္ဘာအေးစေတီလမ်းပေါ်တွင် ဆောက်လုပ်မည်ဖြစ်ပြီး ရှစ်မိုင်လမ်းဆုံခုံးကျော်တံတားကို ပြည်လမ်းပေါ်တွင် ဆောက်လုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါ ခုံးကျော်တံတား(၃)စင်း ဆောက်လုပ်ရန် တင်ဒါခေါ်ယူခဲ့ရာ တာမွေအဝိုင်း လမ်း(၅)ခွဆုံ ခုံးကျော်တံတားကို ယခင်လှည်းတန်းခုံးကျော်တံတားအား ဆောက်လုပ်ခွင့်ရခဲ့သည့် ရွှေတောင်ကုမ္ပဏီက လည်းကောင်း၊ ကုက္ကိုင်ခုံးကျော်တံတားကိုလည်း ယခင် ရွှေဂုံတိုင်နှင့် မြေနီကုန်း ခုံးကျော်တံတား(၂)စင်းကို ဆောက်လုပ်ခွင့် ရရှိခဲ့သည့် CapitalDevelopmentကုမ္ပဏီကပင် ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားကိုလည်း နာမည်ကြီး Crown Advance ကုမ္ပဏီက ဆောက်လုပ်ခွင့် ရရှိခဲ့သည်ဟု သိရသည်။
ထိုသို့ ယာဉ်ကြောကျပ်တည်းမှု များပြားသည့် နေရာ(၃)ခုတွင် ခုံးကျော်တံတားများ တစ်ပြိုင်တည်း စတင်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး တာမွေအဝိုင်း ခုံးကျော်တံတားနှင့် ကုက္ကိုင်းလမ်းဆုံခုံးကျော်တံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အဆိုးရွားဆုံးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၌ လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ မြေနီကုန်း စသော ခုံးကျော်တံတား စုစုပေါင်း(၄)စင်း ဆောက်လုပ်ခဲ့ပြီးသော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်မှု မရရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ ၎င်းခုံးကျော်တံတား(၄)စင်းအတွက် ကျပ်ဘီလျံ(၇၀)နီးပါး အသုံးပြုကာ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုပြသနာ ပြေလည်သွားခြင်း မရှိဘဲ လှည်တန်းနှင့် မြေနီကုန်းမှာ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရကြောင်း Motors.com ကလည်း ဇူလိုင်လအတွင်း တရားဝင် ထုတ်ပြန်ခဲ့သည်။
Ref : Eleven Media Group
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties