By Myanmar Times, Shweproperty.com
Updated at 18 August 2016
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြီးခဲ့သည့် မေ ၁၄ ရက်တွင် အထပ်မြင့်အဆောက်အအုံများ၏ ဆောက်လုပ်ခွင့်ရရှိမှုကို အသေးစိတ်ပြန် လည်စိ စစ်ပြုလုပ်မည်ဟု သတင်းထုတ်ပြန်ကြေညာခဲ့ပြီး ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံများ၏ ဆောက်လုပ်ဆဲ ဆောက်လုပ်ရေး လုပ်ငန်း ခွင်များ ခေတ္တရပ်ဆိုင်းစေခဲ့သည်။
ယင်းသို့ညွှန်ကြားခဲ့ပြီး တစ်လအကြာတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့် အညီ အဆောက်အအုံ များဆောက်လုပ်မှု စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကာ ရပ်နားထားသည့် အထပ်မြင့်အဆောက်အအုံများကို စိစစ်မှုများ စတင်ပြုလုပ်ခဲ့သည်။
စိစစ်ရေးကော်မတီက အသေးစိတ်ပြန်လည်စိစစ်မည့် အထပ်မြင့်အဆောက်အအုံများသည် ဆိုင်းဘုတ် စိမ်းရရှိပြီး ဆောက်လုပ်ခွင့်ပြုမိန့်ရ အဆောက်အအုံ ၆၄ လုံးနှင့် မူအားဖြင့် ခွင့်ပြုမိန့်ရ အဆောက်အအုံ ၁၈၅ လုံး စုစုပေါင်း ၂၄၉ လုံးဖြစ်သည်။
သို့သော် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဇူလိုင်လအတွင်း ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် မူအားဖြင့် ခွင့်ပြုမိန့်ရရှိထားသော အဆောက်အအုံများမှာ ''၁၅၈'' လုံးသာ ရှိခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ''၁၈၅'' လုံးသာဖြစ်ကြောင်း အဆောက်အအုံစာရင်းများ ကိုက်ညီမှု မရှိခြင်းကို တွေ့ရသည်။
ကော်မတီက အဆောက်အအုံများ၏ဆောက်လုပ်ခွင့်ကို ပထမအဆင့်အဖြစ် ၎င်းတို့၏ အချက် အလက်များကို စာရွက်စာတမ်းများဖြင့် (On Paper) စစ်ဆေးခဲ့ပြီး မြေပြင်စစ်ဆေးမှုအား ဆိုင်းဘုတ်စိမ်းရ ဆောက်လုပ်ခွင့်ရပြီး ၆၄ လုံးမှ အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို ဇွန် ၂၁ ရက်တွင် စတင်စစ်ဆေးခဲ့သည်။
အဆိုပါ အထပ်မြင့် ၁၂ လုံးစစ်ဆေးပြီးနောက်တွင် ယင်းအဆောက်အအုံများ၏ စစ်ဆေးမှုရလဒ်ကို ထုတ်ပြန်ပြီးမှသာ ၆၄ လုံးမှကျန်ရှိနေသည့် အဆောက်အအုံများ၏မြေပြင်ကွင်းဆင်းစစ်ဆေးမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူတစ်ဦးက ကနဦးတွင် ပြောကြားခဲ့သည်။
သို့သော် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အတွင်းရေးမှူးဖြစ်ပြီး စိစစ်ရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူဒေါ်လှိုင်မော်ဦးကမူ ခွင့်ပြုမိန့်ရပြီး အဆောက်အအုံ ၆၄ လုံးစလုံးအား စာရွက်စာတမ်းဖြင့်အချက်အလက်များကို စစ်ဆေးခဲ့သော်လည်းအဆောက်အအုံ ၁၂ လုံးသာ ကွင်းဆင်းစစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သြဂုတ်လ ပထမပတ်အတွင်းက မြန်မာတိုင်း(မ်)ကို ပြောခဲ့သည်။
''၆၄ လုံးစလုံးကို စာရွက်တွေနဲ့ (On Paper) တော့ အကုန်လုံးစစ်ပါတယ်။ ၆၄ လုံးက ဆိုင်းဘုတ်စိမ်း ခွင့်ပြုမိန့်ရပြီးသားဆိုတော့ တော်တော်များ များက ဆောက်လို့ ပြီးနေကြပြီ။ အဲဒီထဲကမှ ပြည်သူကို ဒုက္ဒပေးနိုင်တဲ့၊ မြို့အင်္ဂါရပ်ကို ထိခိုက်နိုင်တဲ့ အဲဒီလိုမျိုးတို့ကြည့်ပြီးတော့မှ နောက်ဆုံး ၁၂ လုံးကိုပဲ ကျွန်မတို့စစ်ခဲ့တာပါ'' ဟု ၎င်းက ပြောသည်။
ဇွန် ၂၂ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တရားဝင်ထုတ်ပြန်ကြေညာချက်တွင်မူ အဆိုပါအဆောက်အအုံ၆၄ လုံး၌ ခွင့်ပြုချက်နှင့် ကိုက်ညီစွာဆောင်ရွက်နေသော အဆောက်အအုံ ၅၂ လုံးကို ဆက်လက်ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ၁၂ လုံးကိုသာ ကိုက်ညီမှုမရှိ သည့်အတွက် စည်းကမ်းဘောင်အတွင်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် သက်ဆိုင်ရာ လုပ်ငန်းခွင်များကို ညွှန်ကြား ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဆက်လက်ဆောက်လုပ်ခွင့်ရရှိခဲ့သည့် အထပ်မြင့်အဆောက်အအုံ ၅၂ လုံးကို စိစစ်မှုမှာ တရားမျှတမှုမရှိဘဲ အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သည့် အဆောက်အအုံများ၊ ခရိုနီလုပ်ငန်းရှင်ကြီးများ ဆောက်လုပ်သည့် အဆောက်အအုံများကို စစ်ဆေးမှုမရှိကြောင်း ဇေကမ္ဘာကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။
''သူတို့စစ်တဲ့အထဲမှာ အစိုးရနဲ့ ဆောက်တဲ့ စီမံကိန်းတွေကို သူတို့သွားမထိဘူး။ သူတို့စစ်နေတာက နောက်တက်လာမယ့် မျိုးဆက်သစ် လုပ်ငန်းရှင်တွေလုပ်တဲ့ စီမံကိန်းတွေပဲဖြစ်နေတယ်။ ဆောက်လုပ်ရေး လုပ်ငန်းရှင်သစ်တွေကို အညွန့်တုံးလိုက်သလို ဖြစ်သွားတယ်။ ခရိုနီကြီးတွေ အဆောက်အအုံတွေဆိုလုံးဝ မထိဘူး။ အခုအထပ်မြင့်အဆောက်အအုံတွေကို စစ်နေတဲ့ကိစ္စက လုံးဝမမျှတဘူး'' ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း နာယကတစ်ဦးလည်းဖြစ်သူ ဦးခင်ရွှေက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့တွင် ဖွံ့ဖြိုးတိုးတက်ရန်အစပြုနေသည့် ဆောက်လုပ်ရေးလုပ်ငန်းများ၏ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများကို ရပ်တန့်ကာ ဆောက်လုပ်ခွင့်များကို ပြင်ဆင်ပြောင်းလဲမှုများသည် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုပါ အဟန့် အတားဖြစ်စေကြောင်း ၎င်းက ပြောသည်။
''စီးပွားရေးမကောင်းရင်တောင် စီးပွားရေးကောင်းအောင် အခွန်လျှော့ပေးတာ။ လုပ်သာကိုင်သာ ရှိအောင် လမ်းဖွင့်ပေးတာကို အစိုးရဘက်က လုပ်ပေးရမှာ။ အခုလိုလုပ်လိုက်တာ နိုင်ငံတကာရဲ့ ယုံကြည်မှုပါပျောက်သွားမယ်။ ဘယ်နိုင်ငံမှလည်း လာမှာမဟုတ်တော့ဘူး'' ဟု ၎င်းက ပြောသည်။
ဆောက်လုပ်ခွင့်ပြုပြီး အထပ်မြင့် အဆောက်အအုံ ၆၄ လုံးအနက်မှ အထပ်မြင့် အဆောက်အအုံ ၁၂ လုံး၏ စစ်ဆေးမှုရလဒ်အရ အထပ်လျှော့ ချ ဆောက်လုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇူလိုင်၁၂ ရက်တွင် ညွှန်ကြားခဲ့ပြီး ဇူလိုင် ၂၁ ရက် တွင် အဆိုပါအဆောက်အအုံ ၁၂ လုံး၏လုပ်ငန်းရှင်များက အစိုးရ၏ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိသည့်အတွက် သတင်းစာရှင်းလင်းပွဲ ပြန်လည်ပြုလုပ်ခဲ့သည်။
ယင်းအထပ်လျှော့ချရန် ညွှန်ကြားခံရသည့် အထပ်မြင့်အဆောက်အအုံ ၁၂ လုံးမှာ ပုဂ္ဂလိကပိုင် မြေပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းငယ် ကိုသာ ဆောက်လုပ်ထားကြသည့် အဆောက်အအုံများသာ ဖြစ်သည်။
သို့သော် ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေးကော်မတီက အဆောက်အအုံများကို စိစစ်ရာတွင် မည်သည့်အထပ်မြင့်အဆောက်အအုံကိုမှ ချန်လှပ်စစ်ဆေးခဲ့ခြင်း မရှိဘဲ ပြဋ္ဌာန်းထားပြီးဖြစ်သည့် အဆောက်အအုံဆောက်လုပ်ခွင့်ဆိုင်ရာ စံသတ်မှတ်ချက်အတိုင်းသာ စစ်ဆေးနေခြင်းဖြစ်ကြောင်းကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးက ပြောသည်။
ခွင့်ပြုမိန့်ရရှိပြီးအဆောက်အအုံ ၆၄ လုံးစလုံးကို စစ်ဆေးမှုပြီးစီးခဲ့ပြီဟု ကော်မတီမှတာဝန်ရှိသူများက ပြောဆိုခဲ့သော်လည်း အထပ်မြင့်အဆောက် အအုံ ၁၂ လုံးသာကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကျန် ၅၂ လုံးမှာ ယနေ့အချိန်အထိ လုပ်ငန်းခွင်သို့ လာရောက်စစ်ဆေးခြင်းမရှိကြောင်း ယင်း အဆောက်အအုံများထဲတွင် ပါဝင်သည့် လုပ်ငန်းရှင်အချို့က ပြောသည်။
''ကျွန်တော်တို့ဆီကိုလာပြီး ဆက်သွယ်တာလည်းမရှိသလို၊ လာပြီးအကြောင်းကြားတာလည်း မရှိဘူး။ ဆိုက်တွေလည်းရပ်ထားတာ သုံးလနီးပါးရှိပြီး အလုပ်သမားတွေကိုလည်း ပြန်လွှတ်လိုက်ရပြီ။ ဆိုက်ထဲမှာ လုံခြုံရေးလောက်ပဲ ရှိတော့တယ်။ ဘဏ်တိုးတွေ ဆုံးရှုံးမှုတွေ၊ သူတို့လုပ်တာတွေ မျှတတယ်၊ မမျှတတယ် ဆိုတာကိုတော့ မပြောချင်တော့ပါဘူး''ဟု ကမာရွတ်မြို့နယ် သီရိမင်္ဂလာလမ်းတွင် ၁၂ ထပ်ခွဲ အထပ်မြင့် အဆောက်အအုံဆောက်လုပ်မှု ပြီးစီးနေသည့် System Engineering Construction ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ကျော်စိုးက ပြောသည်။
Ref & Photo Crtedit : Myanmar Times
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties