By နိုနိုအောင်, Shweproperty.com
Updated at 28 August 2014
ပြီးခဲ့သည့် နှစ်နှစ်အတွင်း ရန်ကုန်မြို့၏ လူနေ ထူထပ်သည့်မြို့နယ်များတွင် အထပ်မြင့်တိုက်များ တိမ်းစောင်းခြင်းနှင့် အစိတ်အပိုင်းအချို့ ပြိုကျခြင်း အစရှိသည့် ဖြစ်ရပ်များဖြစ်ပွားလာ ပြီးနောက်ပိုင်း အဆောက်အအုံ ကြံ့ခိုင်မှု ဆိုသည့် လုံခြုံရေးအသိမှာ နေထိုင်သူများ အတွက် သတိပြုဆင်ခြင်ဖွယ်ရာ ကိစ္စရပ် ဖြစ်လာကြောင်း နေထိုင်သူများကပြောသည်။
ယခုလ ၁၇ ရက်နေ့က တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်အတွင်း ၁၅ နှစ်သက်တမ်းရှိ ခြောက်ထပ်တိုက်တစ်လုံး၏ အပေါ်ဆုံးထပ်မှ နေကာအမိုးပိုင်းပြိုကျကာ တိုက်မှာလည်းအနည်းငယ်ယိုင်သွားကြောင်း သတင်းများတွင်ဖော်ပြခဲ့သည်။
၂၀၁၂ ခုနှစ် အတွင်းကလည်း အလုံမြို့နယ်တွင် သက်တမ်း ခြောက်နှစ်ရှိ ရှစ်ထပ်ပါ ကန်ထရိုက်တိုက်၏ နောက်ဘေးခြမ်း အက်ကွဲတိမ်းစောင်းခဲ့ခြင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လေးထပ်တိုက် အတွင်းလှေကား ပြိုကျခဲ့ခြင်းအပါအဝင် နှစ်နှစ်အတွင်း ရန်ကုန်မြို့တွင်းမြို့နယ်များတွင် သက်တမ်းနုကန်ထရိုက်တိုက်များ၏ အစိတ်အပိုင်းအချို့ပြိုကျခြင်း၊ နံရံအက်ကွဲခြင်းနှင့်တိမ်းဆောင်းခြင်းများ ခုနစ်ကြိမ် ခန့်ဖြစ်ပွားခဲ့ကြောင်း 7 Day နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်။
"လူနေ အထပ်မြင့်အဆောက်အအုံတွေ ကတော့ စိတ်မချရဘူး။ ကျွန်တော် လက်ရှိ နေတဲ့တိုက်တောင်မှ လူနေတာနှစ်နည်းနည်းပဲရှိသေးတယ်။ နောက်ဖေးလှေကားတွေက ပျက်စီးနေပြီ။ အစကတည်းက အရည်အသွေး ကောင်းတဲ့ပစ္စည်းကို မသုံးခဲ့တာကြောင့်လို့ပဲ ပြောရမယ်ထင်တယ်"ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သည့် ကိုလှိုင်မြတ်က ပြောသည်။
၎င်းနေထိုင်သည့် ဗဟန်းမြို့နယ်ရှိ ခုနစ်ထပ်တိုက်မှာ ၂၀၀၅ ခုနှစ်မှ စတင်၍ သုံးနှစ်ကြာဆောက်လုပ်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် လူနေထိုင်ခွင့်ရရှိခဲ့ပြီး နေထိုင်ပြီးနှစ်အနည်းငယ်အကြာတွင်နောက်ဖေးဘက်ရှိ အရေးပေါ်လှေကားများမှာ ဆွေးမြေ့ပျက်စီးလာကြောင်း ၎င်းကပြောသည်။
"တရုတ်မသာတွေမှာ ကားတို့၊ ငွေတို့ ထည့်ပေးသလိုပဲ။ ကန်ထရိုက်တွေကလည်း ဒီလှေကားထည့်တယ်ဆိုတာကလည်း အဖြစ်လောက်ပဲလုပ်ပေးထားတာ။ သက်ဆိုင်ရာက လာစစ်ရင်တော့ လိုအပ်တဲ့အင်္ဂါရပ်နဲ့ ကိုက်ညီ တယ်ပေါ့။ အရည်အသွေးကိုကျတော့ ဘယ်သူ ကမှလည်း သေချာစစ်ဆေးတာမဟုတ်ဘူး။ ကန်ထရိုက်တွေကအကုန်လုံး ကျွန်တော် ပြောသလို ဖြစ်ချင်မှဖြစ်ပေမယ့် အတော်များများကတော့ အရည်အသွေးထက် မြန်မြန် ဆောက်ပြီး မြန်မြန်အပ်ဖို့ကို ဦးစားပေး တယ်လို့မြင်တယ်" ဟု ၎င်းက ပြောသည်။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရန်ကုန်မြို့ သည် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာပြီး စီးပွားရေးအခွင့်အလမ်းများပေါ်ပေါက်လာသည့်အားလျော်စွာ အိမ်ခြံမြေကဏ္ဍလည်း တစ်ဆက်တည်းမြင့်တက်လာခဲ့သည်။ ရန်ကုန် မြို့အနှံ့ မြေဈေးနှုန်းများ မြင့်တက်လာသကဲ့ သို့ အထပ်မြင့်တိုက်များနှင့် ကွန်ဒိုမီနီယံ များပေါ်ထွက်လာခဲ့ပြီး ဆောက်လုပ်ဆဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်များလည်းနေရာအနှံ့တွင် ယခင်ကထက် သိသာစွာ ပိုမိုများပြားလာခဲ့သည်။
လူနေရပ်ကွက်ငယ်များရှိ မြေပိုင်ရှင်များ အား အထပ်မြင့်အဆောက်အအုံ ဆောက် လုပ်ရန်လာရောက်စည်းရုံးမှုများလည်းရှိလာ ကြပြီး မြေပိုင်ရှင်အချို့ကလည်း အခန်း ရရှိမည့် အကျိုးအမြတ်အတွက် ကန်ထရိုက် လက်အပ်ကာ အထပ်မြင့်တိုက်ဆောက်လုပ်မှုများလည်း တစ်စတစ်စ ပိုမိုများပြားလာကြသည်မှာ ယခုထက်တိုင်ပင် ဖြစ်သည်။
"အထပ်မြင့်တိုက်တစ်တိုက်မှာ ရှိရမယ့် အင်္ဂါရပ်၊ အချက်တွေနဲ့ ကိုက်ညီမှု ရှိ မရှိဆိုတာအပြင် အရည်အသွေးကို သေချာစိစစ်ပြီးတော့မှ လူနေထိုင်ခွင့်ပါမစ်ဆိုတာ ထုတ်ပေးသင့်တယ်လို့ ထင်ပါတယ်။ အထပ်မြင့်တိုက်တစ်တိုက်မှာ နေထိုင်တဲ့မိသားစုဝင်က များတဲ့အတွက် တစ်ခုခုဖြစ်ရင် လူတွေရဲ့ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတယ်။ မြေပိုင်ရှင်နဲ့ ကန်ထရိုက် အဆင်ပြေရုံနဲ့ တင်မပြီးဘဲ ဒီတိုက်မှာနေထိုင်မယ့်လူတွေအတွက်ကိုပါ ထည့်စဉ်းစားပြီး စေတနာပါပါနဲ့ လုပ်စေချင်တယ်" ဟု ကိုလှိုင်မြတ်က ပြော သည်။
ပြည်ပနိုင်ငံများတွင် အဆောက်အအုံတစ်ခုခုဖြစ်ပေါ်လာပါက နေထိုင်သူများက သက်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီကို တရားစွဲဆိုခြင်း သက်ဆိုင်ရာဌာနများသို့ တိုင်းတန်းခြင်းတို့ကို ပြုလုပ်ကြသည်ဟု ကြားသိရသော်လည်း မြန်မာနိုင်ငံတွင်မူ အဆိုပါအလေ့အထများကို မကြားမိသေးကြောင်း ၎င်းက ပြောသည်။
"ဒီကလူတွေအတွက်ကတော့ ဝင်ငွေအနေအထားအရပဲဖြစ်ဖြစ်၊ ဆောက်လုပ်ရေး အနေအထားအရပဲဖြစ်ဖြစ် နေထိုင်မယ်ဆိုရင် အရည်အသွေးကို သိပ်ရွေးချယ်စရာ မရှိတဲ့ပုံစံ ဖြစ်နေတယ်လိုမြင်ပါတယ်။ ကောင်းတာကတော့ သက်ဆိုင်ရာက လုပ်ငန်း အစကတည်းက သေချာကြပ်မတ်ပေးရင် ကန်ထရိုက်တွေလည်း အရည်အသွေးပိုင်း ကို ပိုအလေးထားလာမယ်လို့ထင်တယ်" ဟု၎င်းက ပြောသည်
တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သူ မစန္ဒာကလည်း မျက်မြင်တွေ့ထားရသော အချို့လုပ်ငန်းခွင်များကြောင့် အဆောက်အအုံများ၏ အရည်အသွေးကို ယုံကြည် ကိုးစား၍ မရနိုင်ကြောင်း ပြောသည်။
"အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကတော့ သိပ်မယုံရဘူး။ အခုနောက်ပိုင်းမှာ ဆောက် လုပ်ရေးလုပ်ငန်းတွေကလည်း အရမ်းများ လာတဲ့အတွက် ဘယ်ကုမ္ပဏီက ဘာဆိုပြီး ယုံကြည်စိတ်ချရမှုရှိဖို့ဆိုတာက မသိနိုင်တော့ဘူး" ဟု ၎င်းက ပြောသည်။ "ကျွန်မတို့မြို့နယ်မှာဆို ဆောက်လုပ်ရေးတွေက ဒီဘက်နှစ်ပိုင်းမှာ အရမ်းများ လာတယ်။ ကိုယ့်အိမ်ပတ်ဝန်းကျင်မှာတင် အထပ်မြင့်ဆောက်ဖို့ ကန်ထရိုက်အပ်ကြ တာတွေ များလာတယ်။ အဲဒီထဲက တချို့ လုပ်ငန်းခွင်တွေဆို အုတ်မြစ်စ်ချကတည်းက ပုံစံမမှန်တာ တွေ့နေရတာဆိုတော့ အခြား အထပ်မြင့်တိုက်တွေကိုပါယုံရပါ့မလား ဆိုတဲ့ သံသယက ဝင်လာတယ်" ဟု မစန္ဒာက ပြောသည်။
ကန်ထရိုက်တိုက်များ ဆောက်လုပ်ရာတွင် အဓိကအားဖြင့် နည်းစနစ်ပိုင်းနှင့် အသုံးပြုသည့် ပစ္စည်းပိုင်းနှင့်ပတ်သက်၍ တာဝန်ခံ လိုင်စင်ရအင်ဂျင်နီယာက အနီး ကပ်ကြီးကြပ်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
"အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုနဲ့ အရည် အသွေးစစ်ဆေးမှုအပိုင်းတွေနဲ့ပတ်သက်လို့ စည်းကမ်းချက်တွေရှိပါတယ်။ အဲဒီစည်းကမ်း ချက်တွေအတိုင်းပဲ စစ်ပါတယ်။ ကျွန်တော်တို့ က သံဘောင်အသုံးပြုတာ၊ ဖောင်ဒေးရှင်း လုပ်တာ၊ အင်္ဂတေဖျော်စပ်တာ စတဲ့အပိုင်း တွေကို စစ်တယ်။နောက်ပြီး ဆိုက်တွေမှာ လိုင်စင်ရ အင်ဂျင်နီယာတစ်ယောက်ရှိရပါ တယ်။ အဓိကက အဲဒီအင်ဂျင်နီယာက စည်းကမ်းလိုက်နာပြီးတော့ အနီးကပ် ကြီးကြပ် ပေးဖို့လိုတယ်" ဟု ၎င်းကပြောသည်။
"ကျွန်တော်တို့က ၂၄ နာရီတော့ စောင့်မကြည့်နိုင်ဘူးလေ။ အခါအားလျော်စွာ စစ်ဆေးပေးတယ်။ဖောင်ဒေးရှင်းလောင်း တော့မယ်ဆိုပြီး သတင်းပို့အကြောင်းကြား တာတွေရှိရင်လည်း စစ်ဆေးပေးတယ်" ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။ စစ်ဆေးရာတွင် စည်းကမ်းချက်နှင့် မကိုက်ညီဘဲ၊ စံနှုန်းမမီဘဲ ဆောက်လုပ်ထား ခြင်းများရှိပါက လုပ်ငန်းခွင် ရပ်နားစေခြင်း၊ ပြန်ဖျက်၍စည်းကမ်းချက်နှင့်ညီအောင် ပြင်ဆင်ဆောက်စေခြင်း၊ လိုင်စင်ပိတ်သိမ်း ခြင်းတို့ပြုလုပ်ကာ အရေးယူကြောင်း ၎င်းက ပြောသည်။
သက်တမ်းနု ကန်ထရိုက်တိုက် များတွင် ပြဿနာများ ပေါ်ပေါက်ရခြင်းမှာ အရည်အသွေး မပြည့်မီခြင်းင်းတစ်ခုတည်း ကြောင့်ဟုတ်ပဲ အကြောင်းအမျိုးမျိုးရှိနိုင် ကြောင်းလည်း ၎င်းက ပြောသည်။
"ဆောက်လုပ်ရေးလုပ်ငန်း လုပ်တဲ့သူဆို တာ အဆောက်အအုံရဲ့ကြံ့ခိုင်မှုနဲ့ နေထိုင် သူတွေအန္တရာယ်ကင်းရှင်းရေးကို ရာနှုန်း ပြည့် ထည့်စဉ်းစားရပါတယ်။ ကြံ့ခိုင်မှု ကောင်းဖို့အတွက် လုံခြုံစိတ်ချရတဲ့ အချက် အလက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ် သလို လုပ်ကိုင်ကြတဲ့ နည်းစနစ်သေချာဖို့ လည်း လိုတယ်။ အသုံးပြုမယ့်ပစ္စည်းတွေကို သေချာဖို့လိုတယ်" အစိုးရမဟုတ်သောအဖွဲ့ အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဋ္ဌ ဒေါက်တာသာအေးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ရန်ကုန်မြို့တွင် လူဦးရေတိုးပွားလာသည် နှင့်အမျှ အိမ်ရာလိုအပ်ချက်မြင့်မားလာသည့် အတွက်ဆောက်လုပ်ရေးလောကသို့ အလွယ် တကူဝင်ရောက်လာသူများ ရှိလာပြီး မလိုလား အပ်သည့် အားနည်းချက်ရှိသည့် လုပ်ရပ်များ၊ လုပ်ငန်းများဖြစ်လာကြောင်း ၎င်းက ပြောသည်။
"မသေချာမရေရာမှုတွေကြောင့် ဖြစ်လာ တဲ့ ဒီမကောင်းတဲ့ဖြစ်စဉ် မကောင်းတဲ့ အကျိုးဆက်တွေကြောင့် သံသယတွေဖြစ်လာ ရတယ်။ အင်ဂျင်နီယာပညာရပ်နဲ့ပတ်သက် တာကို လေ့လာကြည့်မယ်ဆိုရင် သင်ရိုးတွေ ဟာ နိုင်ငံခြားကသင်ရိုးတွေနဲ့ မကွာလှပါ ဘူး။ အယူအဆ သဘောတရားတွေ အကုန်အတူတူပါပဲ။ ဒါတွေဘာလို့ဖြစ်သလဲဆိုရင် လိုက်နာမှုမရှိလို့ပါ" ဟု ၎င်းက ပြောသည်။
"အိမ်ရာ လိုအပ်ချက်မြင့်မားလာတဲ့အခါ မှာ ဆောက်လုပ်ရေးလောကထဲ ဝင်ရတာ မခဲယဉ်းဘူးလို့ယူဆပြီး လွယ်လွယ်ဝင်ရောက် လုပ်ကိုင်တဲ့လူတွေလည်း များလာတယ်။ ဈေးကွက်နဲ့ မိမိကိုယ်ကျိုးကိုပဲကြည့်ပြီး လုပ်တဲ့အခါမှာ မလိုလားအပ်တဲ့ အားနည်းချက်ရှိတဲ့ လုပ်ရပ်တွေဖြစ်လာတယ်။ နိုင်ငံတော်ကလည်း ကြပ်ကြပ်မတ်မတ် ဆောင် ရွက်ပေးဖို့သင့်လာပါတယ်။ သက်ဆိုင်ရာမှာ လည်း ဥပဒေ နည်းဥပဒေတွေ ရှိပြီးသား ဖြစ်သလို စစ်ဆေးတာလည်းရှိတဲ့အတွက် အားလုံးက ပီပီပြင်ပြင်သေသေချာချာ ဖြစ်လာ ဖို့ပဲ လိုအပ်ပါတယ်" ဟု ဒေါက်တာသာအေးက ပြောသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ စာရင်းဇယားများအရ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် အိမ်ရာယူနစ်ပေါင်း ၃၆,၀၀၀ ကျော်ဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်သည်။ ထိုစာရင်းအရ တစ်နှစ်လျှင် အိမ်ရာ ယူနစ် ၇,၂၀၀ ခန့် ပျမ်းမျှဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါအရေအတွက်ထဲမှ ၇၀ ရာခိုင် နှုန်းမှာ ပုဂ္ဂလိက လုပ်ငန်းရှင်များက ဖော်ထုတ် ခဲ့ခြင်းဖြစ်သည်။
Ref : MM Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties