အခြေအနေ အမျိုးမျိုးကြောင့် အိမ်ခြံမြေ ဝယ်ဖို့ စဉ်းစားရကြပ်နေကြတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။ မတူညီတဲ့ အခြေအနေတွေကြောင့် တချို့ကလည်း အိမ်ငှားနေဖို့ပဲ ဆုံးဖြတ်ကြသလို အိမ်ဝယ်ဖို့ ကုတ်ကတ်စုနေကြသူတွေလည်း ဒုနဲ့ဒေး ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ၂ ခုလုံးရဲ့ အကြောင်းအကျိုးတွေကို နှိုင်းယှဉ်ရွေးချယ်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်နော်။ 

- အိမ်ငှားနေတဲ့အခါ
အထူးသဖြင့်ရန်ကုန်မြို့တွင်း၊ မြို့နယ်တွေ၊ မြို့စွန်နေရာတွေမှာ တိုက်ခန်း ငှားရမ်းနေထိုင်မှုများ၊ လုံးချင်းငှားရမ်းနေထိုင်မှုတွေ အများအပြားရှိပါတယ်။ အိမ်ငှားနေထိုင်တာ ဖြစ်တဲ့အတွက် အထုပ်ဆွဲပြီး တက်နေရုံမို့ အပြောင်းအရွေ့ခဏခဏ လုပ်ရတာကလွဲရင် သိပ်ရှုပ်ထွေးစရာ မရှိပါဘူး။ ဈေးလည်းသင့်တာကို ရွေးချယ်ပြီး ငှားနေနိုင်တာမို့ ဘတ်ဂျက်အရလည်း အဆင်ပြေပါတယ်။ 

ဒါပေမယ့် အားနည်းချက်ကတော့ နေထိုင်ရာနေရာဟာ မတည်မြဲတတ်ပါဘူး။ အခန်းတစ်ခုကို ငှားလိုက်ပြီဆိုရင် ငှားခဈေးနှုန်းဟာ ဘယ်တုန်းကမှ ကျဆင်းသွားရိုး ထုံးစံမရှိပါဘူး။ စာချုပ်သက်တမ်းပြည့်ရင် ငှားခဈေးနှုန်းအတွက် ရင်တမမနဲ့ နေရတာ အိမ်ငှားတို့ရဲ့ ဘဝပါပဲ။ ဈေးတက်ပြီး ကိုယ်က ဆက်ငှားဖို့ မတတ်နိုင်တော့တဲ့အခါ အခန်းပြန်အပ်ပြီး သင့်လျော်တဲ့ အခန်းသစ်ကို ရှာဖွေပြောင်းရွှေ့ရပါတော့တယ်။ ရွှေ့ပြောင်းတဲ့အခါမှာလည်း အိမ်အရွှေ့အပြောင်းကားခ၊ ပွဲစားခ ဒါတွေက ထပ်တိုးတာမို့ ကုန်ကျစရိတ်များပါတယ်။

အခန်းဈေးအတွက် အမြဲချိန်ဆရတာကြောင့် စုဖို့ငွေကြေးဆိုတာလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်ရပြီး အသက်ကြီးလာတဲ့အခါ နေထိုင်စရာ နေရာအတွက် စိတ်ပူစိုးရိမ်ရပါတယ်။



- အိမ်ဝယ်မယ်ဆိုရင်
ဒီလိုမှ မဟုတ်ပဲ ကိုယ်စုဆောင်းထားတဲ့ ငွေကြေးလေးနဲ့ မြို့ပြင်မြေကွက်သေးသေးလေးဖြစ်ဖြစ်၊ တိုက်ခန်းလေးဖြစ်ဖြစ် ဝယ်ထားမယ်ဆိုရင်တော့ အိမ်ပြောင်းအိမ်ရွှေ့အတွက် စိတ်အေးရသလို အိမ်လခအတွက်လည်း စိတ်ပူစရာ မလိုတော့ပါဘူး။ ဒါပေမယ့် တပြိုက်နက်တည်း အလုံးအရင်းလိုက် ကုန်ကျစရိတ်တော့ရှိပါမယ်။ အိမ်ဝယ်တဲ့အခါ သိန်း ရာ၊ ထောင်ချီ ပုံချဝယ်လိုက်ရတာဖြစ်ပြီး အိမ်ဆောက်တဲ့အခါမှာလည်း ကုန်ကျစရိတ်တွေက အိမ်မပြီးမချင်း ရှိနေမှာပါ။ နောက်ပြီး ပိုင်ဆိုင်မှုခိုင်မာဖို့ ဂရမ်မြေလျှောက်ရတာမျိုး၊ မီးချိတ်ရတာမျိုး၊ ရေသွယ်ရတာမျိုး၊ တိုက်ခန်းဆိုရင် မြေရှင်နဲ့ စကားပြောရတာမျိုးတို့က ရှိလေ့ရှိပါတယ်။ 

ဒါပေမယ့် အပိုငွေကုန်တာမျိုး မရှိတော့ပဲ ရေရှည်နေထိုင်လို့ ရသလို ပြန်ရောင်းရင်လည်း ဝယ်ဈေးရဲ့ ထက်ဝက်မကတဲ့ ငွေကြေးကိုလည်း ပိုင်ဆိုင်ရရှိစေလို့ ရင်းနှီးမြုပ်နှံမှုကောင်းပါပဲ။ အိမ်ခြံမြေ ဝယ်မယ်ဆိုရင်တော့ စိတ်ချရတဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေ ဆီကနေသာ ရွေးချယ်ဝယ်ယူဖို့ အကြံပြုချင်ပါတယ်။ 
ကဲ...ဒါဆို အိမ်ငှားဖို့ပဲ ရွေးချယ်မလား၊ ဝယ်ဖို့ကြိုးစားမလား ဆုံးဖြတ်လိုက်တော့နော်။

Written By : Lily ( ShweProperty.com )