By Lily, Shweproperty.com
Updated at 14 November 2024
ငယ်ငယ်လေးတည်းက တန်ဆောင်မုန်း လပြည့်နေ့ညဆို ဆေးပေါင်းခတယ်ဆိုပြီး လူကြီးတွေ ခွံ့ကျွေးတတ်တဲ့ မယ်ဇလီဖူးသုပ်ကို စားဖူးကြမှာပါ။ အရသာက နည်းနည်းခါးသပ်တာမို့ ကလေးဘဝက မကြိုက်ပဲ ကြိတ်မှိတ်မျိုချခဲ့ရပေမယ့် ကိုယ်တိုင်လူကြီးပိုင်း အရွယ်ရောက်လာတော့ မယ်ဇလီဖူးသုပ်ကို တမ်းတမ်းတတ သတိရကြပါလိမ့်မယ်။ တန်ဆောင်မုန်းလပြည့်နေ့ဟာ နက္ခတ်၊ ကြယ်တာရာ စုံညီစွာပေါ်ထွန်းတဲ့ အချိန်ဖြစ်တာကြောင့် လရောင်ကျရောက်တဲ့ နွယ်၊ မြက်၊ သစ်ပင်ဆေးဖက်ဝင်တယ်လို့ ရှေးလူကြီးတွေက ဆိုကြတယ် မဟုတ်လား။ အဲဒီထဲမှာမှ မယ်ဇလီကိုပဲ ဘာကြောင့် ပြုတ်စား၊ သုပ်စား လုပ်ကြသလဲဆိုရင် ဒီမှာရှင်းပြပါဦးမယ်။ မယ်ဇလီဖူး ဆိုတာက မယ်ဇလီပင်ရဲ့ အဖူးပါ။ အဖူးဆိုတဲ့အတိုင်း အလုံးလေးတွေပါ။ အစိမ်းရောင်ရှိပြီး ပြုတ်လိုက်ပြီးရင်တော့ ခပ်ဝါဝါလေး ဖြစ်သွားပါတယ်။ ပြုတ်ပြီး တို့စားလို့ ရသလို သုပ်စားလို့လည်း ရပါတယ်။ ဝမ်းနှုတ်ဆေးတွေထဲမှာ ထည့်သုံးတာမျိုးလည်း ရှိပါတယ်။ မယ်ဇလီမှာက ကလိုရိုဖီး၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ နီကာဆင်၊ ဘိုင်အိုတင်၊ ဖောလစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C၊ ဗီတာမင် D၊ဗီတာမင် E၊ ဗီတာမင် K တို့ပါဝင်ပြီး ရောဂါအမျိုးမျိုးကို ပျောက်ကင်းစေတဲ့ အစွမ်းရှိလို့ပါပဲ။ ဒါကြောင့် နဂိုတည်းက ဆေးစွမ်းထက်တဲ့ မယ်ဇလီကို တန်ဆောင်မုန်း လပြည့်နေ့ရဲ့ လရောင်ကျရောက်တဲ့အခါ ပိုပြီး ဆေးစွမ်းထက်တယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လပြည့်နေ့ရဲ့ လရောင်ဖြာကျနေတဲ့ မယ်ဇလီပင်က မယ်ဇလီဖူးတွေကို ရေစင်အောင်ဆေး၊ ရေနဲ့ နူးနေအောင်ပြုတ်၊ မယ်ဇလီဖူးလေးတွေကို ငရုတ်ဆုံနဲ့ ခပ်စစလေးထောင်းပြီး ကြက်သွန်နီဆီချက်၊ မြေပဲ၊ ပုစွန်ခြောက်တွေကိုထည့်၊ ကြက်သွန်နီ ပါးပါးလှီးပြီး သုပ်ထားတဲ့ အသုပ်လေးက ရေနွေးကြမ်းလေးနဲ့ဆို သောက်ကြစားကြတာ အစဉ်အလာကို ဖြစ်နေပါပြီ။ ကိုယ်က ချဉ်ချဉ်စပ်စပ်ကြိုက်ရင်လည်း ငရုပ်သီးစိမ်း ပါးပါးလှီးထည့်ပြီး သံပုရာရည်ညှစ်ထည့် လိုက်မယ်ဆိုရင် အရသာလဲရှိ၊ ဆေးပေါင်းလဲခတဲ့ မယ်ဇလီဖူးသုပ်လေးရပါပြီ။ မိသားစုနဲ့အတူတူ စကားတွေဝိုင်းဖွဲ့ပြောရင်း အမြည်းအနေနဲ့ သုံးဆောင်နိုင်သလို အိမ်နီးနားချင်းတွေကိုလည်း အလှူအနေနဲ့ ဝေမျှပေးနိုင်ပါတယ်။ ဒီတန်ဆောင်မုန်းအတွက် ဆုတောင်းကတော့ မိဘပြည်သူအပေါင်း သုံးဆောင်လိုက်တဲ့ နွယ်၊မြက်၊ သစ်ပင်တိုင်း ဆေးဖက်ဝင်ပြီး ရောဂါဘယအားလုံး ကင်းစင်ငြိမ်းကြပါစေ၊ မိသားစုတွေ၊ ခင်မင်ရင်းစွဲရှိသူတွေ ပိုပြီးသံယောဇဉ်တွေတိုးလို့ ချစ်ခင်ကြင်နာ ရှိကြပါစေ၊ ပျော်စရာ အခိုက်အတံ့တွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။ Written By : Lily ( ShweProperty.com )
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties