By Myanmar Times, Shweproperty.com
Updated at 12 August 2015
နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိသော ဗဟိုပုံနှိပ်စက်ရုံကိုခုနစ်ခုမြောက်ရန်ကုန်မြို့ပြအမွေအနှစ် အထိမ်းအမှတ်အဆောက်အအုံအဖြစ် အသိအမှတ်ပြုကာရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က ဩဂုတ်လ ၉ ရက်နေ့က အပြာရောင်ကမ္ပည်းပြားတပ်ဆင်ကာ အသိမှတ်ပြုခဲ့သည်။
သိမ်ဖြူလမ်းနှင့် အနော်ရထာ လမ်းထောင့်ရှိ ပြန်ကြားရေးဝန်ကြီးဌာနပိုင် ရုံးခန်းများအဖြစ် အသုံးပြုလျက်ရှိသော ထိုဗဟိုပုံနှိပ်စက်ရုံအဆောက်အအုံကို ပြန်လည်မွမ်းမံကာ စာအုပ်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ အများပြည်သူအသုံးပြုနိုင်ရန် ပန်းခြံတစ်ခုနှင့် ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းများအတွက် အချက်အချာကျသော နေရာတစ်ခုအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အမှုဆောင်အဖွဲ့ဝင် ဦးသန့်သော်ကောင်းက ပြောသည်။ "ဒီအဆောက်အအုံကို ပုံနှိပ်ရေးနဲ့ စာအုပ်ထုတ်ဝေရေးတို့လို စာအုပ်စာပေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေအတွက် နေရာ တစ်ခုအဖြစ် ဖန်တီးပေးနိုင်ဖို့ ဝန်ကြီးဌာနက အစပျိုး လုပ်ဆောင်တာကို ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြိုဆိုပါတယ်။ ပြီးတော့ ရန်ကုန် မြို့လယ်ကောင်မှာ တစ်နေ့ထက်တစ်နေ့ မြေဈေးနှုန်းကြီးမြင့်လာမှုကြောင့် စာအုပ် ဆိုင်အများစု ရပ်တည်ရခက်ခဲပြီး ပိတ်သွား တာတွေကို တွေ့နေရပါတယ်။ ဒီစီမံချက်က စာအုပ်ဆိုင်တွေကို အလွန်သက်သာတဲ့နှုန်း ထားနဲ့ မြို့လယ်ကောင်အချက်အချာကျတဲ့ ဒီအဆောက် အအုံမှာ ငှားပေးမှာဖြစ်လို့ စာအုပ်ဆိုင်ပိုင်ရှင်တွေနဲ့ စာဖတ်သူတွေ လက်တွေ့ရင်ဆိုင်နေရတဲ့အခက်အခဲကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
အပြာရောင် ကမ္ပည်းပြားတပ်ဆင်ပြီး သည့်နေ့ကစ၍ သုံးလအတွင်း ထို အဆောက်အအုံ မြေညီထပ်တွင် စာအုပ် ဆိုင်များ စတင်ဖွင့်လှစ်ထားရန် စီစဉ် ထားကြောင်း ဦးသန့်သော်ကောင်းက ပြောသည်။ "ဒီနေ့ကနေ နောက်သုံးလအတွင်း ဗဟို ပုံနှိပ်စက်ရုံရဲ့ သိမ်ဖြူလမ်းဘက်နဲ့ အနော်ရထာလမ်းဘက်မှာ စာအုပ်ဆိုင်နှစ်ဆိုင်က နေ သုံးဆိုင်နဲ့ ကော်ဖီဆိုင်တစ်ဆိုင်၊ နှစ်ဆိုင်လောက်ကို စတင်ဖွင့်လှစ်သွားမှာပါ။ ဆိုင် အရေအတွက် အတိအကျနဲ့ အချိန်ကာလကို သေချာပြောလို့ မရသေးပေမယ့် ဒီနှစ် မကုန်ခင်တော့ စတင်ဖွင့်လှစ်သွားမှာပါ။ ပြန်ကြားရေးနဲ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတို့နဲ့ ဆွေးနွေးပြီးဆုံး ဖြတ်ကြမှာပါ"ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ကိုလိုနီအဆောက်အအုံဟောင်းတစ်ခုဖြစ်ပြီး မူလလက်ရာမပျက် အခိုင်အခံ့တည် ရှိနေသော ဗဟိုပုံနှိပ် စက်ရုံကို စာအုပ်ဆိုင်များအဖြစ် အများ ပြည်သူအသုံးပြုနိုင်ရန် ဖွင့်လှစ်ပေး မည့်စီမံကိန်းကို ပြန်ကြားရေးဝန်ကြီးဌာနက စတင်အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ထိုအဆောက်အအုံ ပြန်လည်ပြုပြင် မွမ်းမံရေး လုပ်ငန်းများအတွက် ရန်ကုန်မြို့တော် မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ပြန်ကြားရေး ဝန်ကြီးဌာနနှင့် အနီးကပ် ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးသန့်သော်ကောင်းက ပြောသည်။
ထိုအဆောက်အအုံတွင် စာအုပ်ဆိုင် များ၊ ကော်ဖီဆိုင်များဖွင့်လှစ်ခြင်းအပြင် အများပြည်သူ အပန်းဖြေအနားယူနိုင်ရန် ပန်းခြံတစ်ခုလည်း ပါဝင်မည်ဖြစ်ပြီး ပုံနှိပ် စက်ဟောင်းများကိုလည်း စုစည်းကာ ပြတိုက်တစ်ခု ပြုလုပ်မည်ဖြစ်သည်။ ထိုဗဟိုပုံနှိပ်စက်ရုံကို နာမည်ကျော် စကော့လူမျိုး ဗိသုကာပညာရှင် ဂျွန်ဘာ့ဂ် ရေးဆွဲသည့် အဆောက်အအုံ မျက်နှာစာ ဒီဇိုင်းဖြင့် ၁၉၀၉ ခုနှစ်တွင် စတင်ဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ချိန် သုံးနှစ် ကြာမြင့်ကာ ဓာတ်လှေကားများ၊ မြင်းဇောင်း များနှင့် ဝန်ထမ်းအိမ်ရာများကိုပါ ထည့်သွင်း တည်ဆောက်ခဲ့သည်။
ထိုအဆောက်အအုံ ကို အစပိုင်း၌ အိန္ဒိယက တင်သွင်းသော စာရေးကိရိယာများ ဖြန့်ချိရာဌာန အဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိသျှ အစိုးရ၏ သန်းခေါင်စာရင်းများနှင့် ပြန်တမ်းများ ပုံနှိပ်ရာတိုက်အဖြစ် အသုံးပြုခဲ့သည်။ လွတ်လပ်ရေးရပြီးချိန်မှစ၍ ဗဟို ပုံနှိပ်စက်ရုံကို ထပ်မံတိုးချဲခဲ့ပြီး ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီးရုံးအဖြစ် အသုံးပြုကာ အစိုးရပြန်တမ်းများ၊ နိုင်ငံတော်အဆင့် ဖိတ်စာများကို ပုံနှိပ်လျက်ရှိသည်။ ယင်းဗဟိုပုံနှိပ်တိုက်သည် မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအသိအမှတ်ပြုအဆောက်အအုံအဖြစ် မြို့တော်ခန်းမ၊ ဧရာဝတီဘဏ်ရုံးချုပ်၊ အာမေးနီးယန်းခရစ်ယာန်ဘုရားကျောင်း၊ ဗဟို မီးသတ်ရုံး၊ စာတိုက်ကြီးနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အဆောက်အအုံများနောက် တွင် အပြာရောင်ကမ္ပည်းပြားတပ်ဆင်ခြင်းခံရသော ခုနစ်ခုမြောက် အဆောက်အအုံ ဖြစ်သည်။ အပြာရောင် ကမ္ပည်းပြားတပ်ဆင်ပြီး ပါက ထို အဆောက်အအုံကို အများပြည်သူအတွက် အသုံးပြုရမည်ဖြစ်ပြီး ထိုအဆောက် အအုံကို အကြောင်းမဲ့ ဖြိုချခြင်းနှင့် ပြန်လည် တည်ဆောက်ခြင်းများ ပြုလုပ်၍မရတော့ပေ။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း သမိုင်းဝင်အဆောက်အအုံများ ဆုံးရှုံးခဲ့ရ သည့်အတွက် ယခုချိန်တွင် အချိန်မီကာကွယ်ရန် ထိန်း သိမ်းစောင့်ရှောက်မှု များကို ပြုလုပ်နေပြီး ရန်ကုန်မြို့ပြသမိုင်းတွင် အရေးပါခဲ့သော အဆောက်အအုံများ ကို အထိမ်းအမှတ်ပြုလုပ်ရန် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က အပြာရောင်ကမ္ပည်းပြားတပ်ဆင်ခြင်းကို အကောင်အထည် ဖော်ဆောင်ရွက် ခဲ့သည်။
ထိုကမ္ပည်းပြားတပ်ဆင်ခြင်း စီမံကိန်း ကို အကောင်အထည်ဖော်နိုင်ရန် ရန်ကုန် မြို့အနှံ့ရှိ သမိုင်းဝင်အဆောက်အအုံများ ကို လေ့လာခြင်းနှင့် ကမ္ပည်းပြားများ ထုတ်လုပ်တပ်ဆင်ခြင်း များအတွက် Philips Corporation က အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ပေးအပ်မည်ဖြစ်သည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties