By The Kumudra, Shweproperty.com
Updated at 9 June 2015
ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank) က လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေရင်း ငွေကြေးအခက်အခဲကြောင့် ရပ်တန့်နေတဲ့ အဆောက်အအုံတွေကို (၁) နှစ်မှ (၃) နှစ်အထိ ငွေထုတ်ချေးမယ်လို့ သိရပါတယ်။
" အရင်က စတင်ဆောက်လုပ်မယ့် စီမံကိန်းတွေကိုပဲ အဓိကချေးဖြစ်တယ်၊ အခုနောက်ပိုင်းကျတော့ ဈေးကွက်အေးချိန်မှာ ဆောက်နေရင်း ငွေပြတ်သွားတဲ့ တိုက်တွေကို ဆက်လက်ဆောက်နိုင်အောင် ရည်ရွယ်ပြီး အဓိကချေးတာ" လို့ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ယခုနောက်ပိုင်း အိမ်ခြံမြေဈေးကွက် အနေအထားဟာ အကျဘက်ကို ဦးတည်နေတာကြောင့် အခုလို အမှန်တကယ် ဆောက်လုပ်နေရင်း ငွေကြေးလိုအပ်တဲ့ ကန်ထရိုက်တွေကို ငွေထုတ်ချေးတာ ဖြစ်ပါတယ်။
ဌာနရဲ့ ချေးငွေကို ကန်ထရိုက်ဆောက်လုပ်သူတွေ အနေနဲ့ ပုံမှန်ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ (မြေပိုင်ရှင် နဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် စာချုပ်၊ စည်ပင်သာယာ ခွင့်ပြုမိန့်၊ ပိုင်ရှင်ရဲ့ ဂရန်၊ မြေပုံ၊ မြေရာဇဝင်၊ အခန်း အာမခံ၊ မြေ (သို့) အဆောက်အအုံ အပေါင်ပစ္စည်း၊ ပြန်လည်အပ်နှံမယ့် ဝင်ငွေ၊ သန်ခေါင်စာရင်း၊ မှတ်ပုံတင်) စတာတွေနဲ့ တင်ပြရမှာပါ။ မြေ (သို့) အဆောက်အအုံ အပေါင်ပစ္စည်း တင်ပြပါက တစ်လုံးတည်း ငွေချေးမယ်လို့ သိရပါတယ်။
ဌာနက ဆောက်လက်စတိုက်တွေအတွက် ငွေချေးယူမှုကိုတော့ ကန်ထရိုက်တိုက် ဆောက်လုပ်သူရဲ့ အာမခံချက်လိုအပ်ပါတယ်။ ဒါ့အပြင် ဂရန်ကို အပေါင်အနေနဲ့ ယူထားပြီး ငွေထုတ်ချေးတယ်။ မြေနဲ့ အဆောက်အအုံတန်ဖိုးကို ကြည့်ပြီး ချေးငွေရရှိနိုင်တယ်လို့ သိရပါတယ်။
အတိုးနဲ့ သက်တမ်း
CHD Bank က ထုတ်ချေးတဲ့ ဘဏ်အတိုးနှုန်းမှာ (၁၃) ရာခိုင်နှုန်းဖြစ်ပြီးတော့ ချေးငွေ သက်တမ်းအနေနဲ့တော့ တစ်နှစ်ဖြစ်ပါတယ်။ အတိုးပြန်လည် ပေးချေမှု မှန်ကန်မှုပေါ်မူတည်ပြီး အများဆုံး (၃) နှစ်လောက်အထိ သက်တမ်းတိုးနိုင်ပါတယ်။
လူနေအိမ်ခန်း ဝယ်ယူမှုအတွက် အရစ်ကျပေးချေမှုကိုတော့ ဘဏ်က (၈) နှစ်အထိ လက်ခံဆောင်ရွက်ပေးပြီး လက်ရှိမှာ ဆောက်လုပ်ရေးဆိုင်ရာ ချေးငွေ ကျပ်သန်းပေါင်း (၂၀,၀၀၀) ကျော် ထုတ်ချေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
၎င်းဘဏ်ကို ပြီးခဲ့သည့် (၂၀၁၃) ခုနှစ်က စတင်တည်ဆောက် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပြီး ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်နဲ့ နိုင်ငံတော် ထည့်ဝင်ငွေ စုစုပေါင်း လည်ပတ်ငွေ ကျပ်ဘီလျံ (၁၀၀) နဲ့ လည်ပတ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အရင်က ငွေကြေးအင်အားမတတ်နိုင်တဲ့ မြေပိုင်ရှင် ကိုယ်ပိုင် (Developer) တွေကသာ အဓိက ငွေချေးကြတာဖြစ်ပြီး၊ ယခုနောက်ပိုင်းမှာတော့ အိမ်ခြံမြေဈေးကွက်အေးပြီး ကြိုပွိုင့်လုပ်ငန်းတွေ အားနည်းလာတာကြောင့် ငွေကြေးအင်အား မတောင့်တင်းတဲ့ ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်တာတွေကပါ ဘဏ်မှာ နှစ်တို ငွေချေးယူလာကြတယ်လို့ သိရပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties