By Mizzima, Shweproperty.com
Updated at 3 March 2015
တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများကို ကျပ်သိန်း ၁ဝဝ အောက်ဖြင့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး မှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ မြို့ရွာနှင့်အိုးအိမ်ဌာနက အကောင်အထည်ဖော်နေသည့် တန်ဖိုးနည်းတိုက်ခန်း တစ်ခုလျှင် ကျပ်သိန်း ၁၂ဝ ဝန်းကျင်အထိရှိနေရာ သာမန်ပြည်သူများ ဝယ်ယူရန် လက်လှမ်းမမီခြင်းကြောင့် စီမံကိန်းအတွင်း ပါဝင် သည့် လမ်းနှင့် လျှပ်စစ်မီး စီမံကိန်းများကို အစိုးရ ဘတ်ဂျက်ဖြင့်ကျခံ၍ တိုက်ခန်းဈေးလျှော့ချရန် စီစဉ်နေခြင်း ဖြစ်သည်ဟု အဆိုပါဌာန စီမံကိန်း ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဦးနေမင်းထက်က ဆိုသည်။ ”ကျွန်တော်တို့ တိုက်ခန်းဆောက်တဲ့ ကြမ်းခင်းဈေးက ကျပ်သိန်း ၇ဝ ကျော်ပဲရှိပေမယ့် လမ်းတို့၊ ရေမြောင်းတို့၊ လျှပ်စစ်မီးသွယ်ဖို့တွေပါ ထပ်ပေါင်းချိန်မှ ကျပ်သိန်း ၁ဝဝ ကျော်သွားတာပါ။ အခု အဲဒီစရိတ်တွေကို အစိုးရ ဘတ်ဂျက်ကနေကျခံပြီး လျှော့ချဖို့ ဝန်ကြီးဌာနချင်း ညှိနှိုင်းနေတာပါ” ဟု ၎င်းက ပြောသည်။ တန်ဖိုးနည်းအိမ်ရာဟု အမည်တပ်သော်လည်း အဆောက်အအုံများ၏ အရည်အသွေးပိုင်းကို လျှော့ချခြင်းမရှိဘဲ အင်ဂျင်နီယာ ပညာရှင်များ၏ ကြီးကြပ်မှုဖြင့် တည်ဆောက်နေခြင်းဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ထပ်မံရှင်းပြသည်။ လက်ရှိ ရန်ကုန်မြို့ပတ်ဝန်းကျင်တွင် ရွှေလင်ဗန်း၊ ယုဇနနှင့် ဒဂုံဆိပ်ကမ်း တန်ဖိုးနည်းအိမ်ရာအပါအဝင် အိမ်ရာစီမံကိန်း ရှစ်ခုကို နှစ်အလိုက်ပြီး စီးရန် ဆောင်ရွက်နေကြောင်းလည်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန စီမံကိန်းဌာနခွဲက ထုတ်ပြန်ထားသည်။ ယင်းစီမံကိန်းများထဲမှ ရွှေလင်ဗန်း တန်ဖိုးနည်းတိုက်ခန်းအားလုံးကို ရောင်းချပေးထားပြီးဖြစ်ကာ ကျန်ရှိ သော တန်ဖိုးနည်းတိုက်ခန်းများကိုလည်း လက်ရှိအစိုးရ သက်တမ်းအတွင်း အပြီးသတ်ရန်မျှော်မှန်း ထား ကြောင်း အဆိုပါဌာနက ပြောသည်။ တည်ဆောက်ပြီးစီးသည့် တန်ဖိုးနည်း တိုက်ခန်းများကို ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေကြောင်း မြို့ရွာနှင့်အိုး အိမ်ဦးစီးဌာန၊ စီမံကိန်း ဦးစီးဌာန ဒု-ညွှန် ကြားရေးမှူး ဦးနေမင်းထက်က ဆိုသည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties