By Eleven Media Group, Shweproperty.com
Updated at 24 December 2015
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၂ )လမ်းမကြီးနှင့် မဟာဗန္ဓုလမ်းထောင့်တွင် အကောင်အထည်ဖော်မည့် အခန်းပေါင်း ၁၂၀၀ ပါဝင် သော အငှားအိမ်ရာစီမံကိန်းအား တစ်လတစ်ခါ အိမ်ငှားခပေးသွင်းသည့်စနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
အဆိုပါအိမ်ရာအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြေ ၁၂ ဒသမ ၅၃၄ ဧကတွင် မကြာမီ စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။
ယင်းအိမ်ရာငှာရမ်းရာတွင် စည်းကမ်းသတ်မှတ်ချက်များဖြင့် ငှာရမ်းမည်ဖြစ်ပြီး အိမ်ရာမဝယ်နိုင်သူများအတွက် ရည်ရွယ်ခြင်းဖြစ်သည့်အတွက် အမှန်တကယ်အိမ်ရာ မဝယ်နိုင်ကြောင်း ထောက်ခံပေးသူများကိုသာ ငှားရမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြားသည်။
မည်သည့်ဈေးနှုန်းဖြင့် ငှားရမ်းမည်ဆိုသည်ကို ဆွေးနွေးနေပြီး သင့်တင့်သောဈေးနှုန်းဖြင့် ငှားရမ်းပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆိုသည်။
ယင်းအိမ်ရာကို လက်ရှိ ၂၀၁ ၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း လျှောက်လွှာများ ဝယ်ယူလျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ ယင်းအိမ်ရာရှိ အခန်းပေါင်း ၁၂၀၀ ခန်းတွင် တစ်ခန်းလျှင် အိပ်ခန်းတစ်ခု၊ အိမ်သာရေချိုးခန်းများ ပါဝင်မည်ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၅၆၉ ဒသမ ၅ စတုရန်းပေ ရှိမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာတင်ထားသည့် အခန်းအရေအတွက်များပါက မဲစနစ်ဖြင့် ချထားပေးမည်ဖြစ်ကြောင်း၊ အဆိုပါအိမ်ရာ လျှောက်သူများအနေဖြင့် အိမ်ရာပိုင်ဆိုင်မှုမရှိကြောင်း ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပါရှိရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ကျပ် ၂၀ ဘီလျံ ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သို့ နယ်မှပြောင်းရွှေ့အခြေချလာသူဦးရေ မြင့်တက်လာပြီး မြင့်မားလာသည့် အိမ်ခြံမြေဈေးနှုန်းများကြောင့် အိမ်ပိုင်ရန် များစွာအလှမ်းဝေးနေကြောင်း၊ ထို့ပြင် ဝင်ငွေနည်းပြည်သူများအတွက် ရည်ရွယ်သည်ဟုဆိုသော တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများသည်လည်း အနည်းဆုံးကျပ်သိန်း ၁၁၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ ကျော်အထိ ရှိနေသဖြင့် အခြေခံပြည်သူများ ဝယ်ယူရန် မတတ်နိုင်ပေ။
သို့ဖြစ်ရာ အိမ်ဝယ်ရန်မတတ်နိုင်သူများအတွက် အငှားအိမ်ရာများ ဖော်ဆောင်၍ အငှားချထားပေးရန် ပြီးခဲ့သည့်နှစ်များက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကိုယ်စားလှယ်အချို့က တင်ပြမှုများရှိခဲ့ပြီး ယခု ဘဏ္ဍာနှစ်တွင်မှ စတင်အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုဖော်ဆောင်မည့် အခန်းအရေအတွက်မှာ ၁၂၀၀ သာရှိနေသဖြင့်လုံလောက်မှု မရှိနိုင်ဘဲ မဲနှိုက်သည့်စနစ်ဖြင့်သာ သွားရမည့်ပုံစံဖြစ်ကြောင်း သိရသည်။
Ref : Eleven Media Group
Photo Credit : Social
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties